Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - လူဦးရေ တိုးတက်လာပုံ - ၆



ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - လူဦးရေ တိုးတက်လာပုံ - ၆

(အတွေးအမြင် မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၂၀)
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၀

[Isaac Asimov ၏ FRONTIERS စာအုပ်မှ The Relentless Population Rise ကို ဘာသာပြန်သည်။]

၁၉၈၇ တွင် ကမ္ဘာ့လူဦးရေသည် ၅ ဘီလီယံ ဖြစ်သွားပြီ ဖြစ်သည်။

Million - မီလီယံ = ၁ သန်း (၁,၀၀၀,၀၀၀၊ သုည ၆ လုံး)

Billion - ဘီလီယံ = သန်းပေါင်း ၁,၀၀၀ (၁,၀၀၀ × ၁,၀၀၀,၀၀၀) သုည ၉ လုံး

၅ ဘီလီယံသည် တော်တော်များသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကြီးမားလှသော ဘေးအန္တရာယ်ဟုတော့ မဆိုသေးပါ။ သို့သော် ဤအခြေအနေ ဖြစ်လာပုံကို သုံးသပ်ကြည့်ရအောင်။

ကမ္ဘာပေါ်တွင် လူများ ဖြစ်ပေါ်လာခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၅ သောင်းက ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ၁ ဘီလီယံ ဖြစ်သည့်အချိန်သည် ၁၈၁၀ ပြည့်နှစ်က ဖြစ်သည်။ ၁၉၂၅ တွင် လူဦးရေသည် ၂ ဘီလီယံ ဖြစ်သည်။ ထို့ကြောင့် လူဦးရေ ၁ ဘီလီယံ ဖြစ်စေရန် နှစ်ပေါင်း ၅၀,၀၀၀ ကြာခဲ့သည်။ နောက်ထပ် ၁ ဘီလီယံ ထပ်တိုးစေရန် နောက်ထပ် ၁၉၂၅ ခုနှစ် ရောက်သည်အထိ ၁၁၅ နှစ် ထပ်စောင့်ခဲ့ရသည်။ ၁၉၂၅ ခုနှစ်တွင် လူဦးရေ ၂ ဘီလီယံ ဖြစ်ခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၃၀ ကြာသော် ၁၉၅၅ ခုနှစ်တွင် နောက်ထပ်လူဦးရေ ၁ ဘီလီယံ ထပ်တိုးသဖြင့် ၁၉၅၅ ခုနှစ်တွင် လူဦးရေ ၃ ဘီလီယံ ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ခုနှစ်၊ ကြာခဲ့သည့်နှစ်၊ ထပ်တိုးသော လူဦးရေ၊ ရှိသော လူဦးရေတို့ကို ဇယားဖြင့် ဤသို့ ပြနိုင်သည်။

 

            ခုနှစ်                      ကြာသည့်နှစ်            ထပ်တိုးသော လူဦးရေ                 ရှိသောလူဦးရေ

            ၁၈၁၀                    ၅၀၀၀၀ နှစ်             ၁ ဘီလီယံ                                   ၁ ဘီလီယံ

            ၁၉၂၅                    ၁၁၅ နှစ်                  ၁ ဘီလီယံ                                   ၂ ဘီလီယံ

            ၁၉၅၅                    ၃၀ နှစ်                    ၁ ဘီလီယံ                                   ၃ ဘီလီယံ

            ၁၉၇၆                    ၂၁ နှစ်                     ၁ ဘီလီယံ                                   ၄ ဘီလီယံ

            ၁၉၈၆                    ၁၀ နှစ်                    ၁ ဘီလီယံ                                   ၅ ဘီလီယံ


လူဦးရေ ၁ ဘီလီယံ တိုးလာစေရန်အတွက် ကြာသောအချိန်၊ နှစ်အရေအတွက်တို့ကို လေ့လာကြည့်သော် ၁၁၅ နှစ်၊ ၃၀ နှစ်၊ ၂၁ နှစ်၊ ၁၉ နှစ်ဟူ၍ ဖြစ်သည်။

လူဦးရေ ၁ ဘီလီယံ တိုးလာစေရန် ကြသောအချိန်၊ နှစ် အရေအတွက်ကို သင်္ချာပုံသေနည်းဖြင့် Interpolation ဟူသောနည်းကို သုံး၍ ရှာနိုင်သည်။ Interpolation နည်းများစွာရှိသည့်အလျောက် အဖြေအမျိုးမျိုးကို ရရှိနိုင်သည်။ သို့သော် မည်သည့်နည်းကိုမှ မှန်သည်ဟု အာမ မခံနိုင်ပါ။ ထို့ကြောင့် သင်္ချာအားဖြင့် ရှုပ်ထွေးရုံသာဖြစ်ပြီး အဖြေမှန်ရရန် အာမ မခံနိုင်သောနည်းများကို မပြောတော့ပါ။

ထိုစာအုပ်ထုတ်ခဲ့သည့်အချိန်က ၁၉၈၆ ခုနှစ်က ဖြစ်သည်။ သိပ္ပံပညာရှင် အိုက်ဇက်အာစီမော့ (Issac Asimov) က နောက်ထပ် ၁ ဘီလီယံ တိုးလာစေရန် နောက်ထပ် ၉ နှစ်သာ စောင့်ရမည်ဟု မှန်းသည်။ ဆိုလိုသည်မှာ ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် ၆ ဘီလီယံ ဖြစ်မည်ဟု မှန်းသည်။ ၎င်းကို သင်္ချာနည်းဖြင့်တော့ ချိန်ကိုက်ပြနိုင်ပါသည်။ သို့သော် အဖြေမှန်၊ မမှန်ကိုတော့ အာမ မခံနိုင်ပါ။ အဖြေ မှန်၊ မမှန်ကို အာမ မခံနိုင်သော သင်္ချာနည်းကိုတော့ ဤမျှသာပဲ ထားလိုက်ပါ။

သင်္ချာတတ်သည် ဖြစ်စေ၊ မတတ်သည် ဖြစ်စေ မြင်နိုင်သော အရာတခုမှာ ကမ္ဘာ့လူဦးရေ တိုးတက်သောနှုန်းသည် ပို၍ပို၍ မြင့်မားလာသည် ဖြစ်သည်။ ဤဖြစ်သည် ဆန်းတော့ မဆန်းပါ။ လူအရေအတွက် များလာသည့်အလျောက် ကလေးအရေအတွက်လည်း များလာသည်။ ၎င်းအပြင် လူများ၏ ဘဝတိုးတက်လာသည်နှင့်အမျှ သေဆုံးသည့်နှုန်း လျော့ကျလာသည်။ ဤသည်ကား ခေတ်သစ်သိပ္ပံနည်းပညာနှင့် ဆေးဝါးများကြောင့် ဖြစ်သည်။ ဤနေရာတွင် ထည့်သွင်းစဉ်းစားရမည့်အရာမှာ ကလေးမွေးသည့်နှုန်းသည် လူများ သေဆုံးသည့်နှုန်းထက် ဘယ်လောက် မြင့်မားသည်ဟူသည် ဖြစ်သည်။

ယခုလောလောဆယ် မြင့်မားနေသည့် လူဦးရေနှုန်းသည် ဤနည်းအတိုင်း ဆက်လက်၍ မြင့်မားနေလျှင် ၂၁၀၀ ခုနှစ်တွင် ဘီလီယံ ၅၀ ဖြစ်နိုင်သည်။ ဒီအခါတွင် ဘာဖြစ်မည်နည်း။ လက်ရှိကမ္ဘာသည် လူဦးရေ ၅ ဘီလီယံထက်ပို၍ ထောက်ပံ့နိုင်စွမ်းမရှိလျှင် ကျန်ရှိသော ၄၅ ဘီလီယံကို လပေါ်သို့ လည်းကောင်း၊ အင်္ဂါဂြိုဟ်ပေါ် သို့မဟုတ် ကမ္ဘာကို ပတ်နေသော ဂြိုဟ်များဆီသို့ ပို့နိုင်မည်လား။

အကယ်၍ မပို့နိုင်လျှင် ဘာလုပ်နိုင်သနည်း။ လုပ်နိုင်သော နည်းတခုမှာ လူဦးရေ တိုးပွားမှုနှုန်းကို လျှော့ရမည် ဖြစ်သည်။ လူဦးရေတိုးပွားမှုနှုန်းကို လျှော့နိုင်သောနည်းမှာ နှစ်နည်း ရှိသည်။ ပထမတနည်းမှာ သေဆုံးသည့်နှုန်းကို တိုးရန် ဖြစ်သည်။ သေဆုံးသည့်နှုန်းကို မွေးဖွားသောနှုန်းထက် ပိုသည်အထိ တိုးရမည် ဖြစ်သည်။ နောက်တနည်းမှာ မွေးဖွားသောနှုန်းကို လျှော့ရန် ဖြစ်သည်။ မွေးဖွားသောနှုန်းကို သေဆုံးသောနှုန်းထက် လျော့သည်အထိ လျှော့ချရန် ဖြစ်သည်။

ဤနည်းနှစ်နည်းတွင် ပထမနည်းဖြစ်သော သေဆုံးမှုနှုန်းကို တိုးပွားအောင် ပြုလုပ်ခြင်းသည် လူ့ကျင့်ဝတ် အရ မလုပ်အပ်သောနည်း ဖြစ်သည်ကို ဘယ်သူမျှ မငြင်းနိုင်ချေ။ လူအနေဖြင့် မလုပ်သင့်သောနည်း ဖြစ်သော်လည်း သဘာဝက အလိုအလျောက် လုပ်တတ်သောနည်းများ ရှိပါသည်။ ဥပမာ- ကပ်ကြီးသုံးပါး၊ သဘာဝဘေးအန္တရာယ်များသည် ဘယ်သူ့အကူအညီမျှ မပါဘဲ အလိုအလျောက်ဖြစ်နိုင်သောအရာများ ဖြစ်ပါသည်။ ထိုအခါတွင် သေဆုံးမှုနှုန်းသည် အလိုအလျောက် တက်လာမည် ဖြစ်သည်။

စစ်ဘေးစစ်ဒဏ်သည်လည်း လူဦးရေနှုန်းကို သိသိသာသာ လျော့ကျစေသောအရာ ဖြစ်သည်။ ကပ်ကြီး သုံးပါး၊ သဘာဝဘေးအန္တရာယ်များ၊ စစ်ဘေးစစ်ဒဏ်တို့သည် လူဦးရေကို လျော့ကျစေသော အကြောင်းအရာများ ဖြစ်ကြပါသည်။ သို့သော် ကမ္ဘာ့လူဦးရေ တိုးပွားနေသော ပြဿနာ၏ အဖြေသည် ကပ်ကြီးသုံးပါး၊ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးစစ်ဒဏ်တို့ ဖြစ်နိုင်သည်ဟူ၍ စိတ်ထားမှန်ကန်သူ မည်သူကမျှ မယူဆကြပါ။ ဤနည်းသည် ကမ္ဘာ့လူဦးရေ လျော့ရုံသာမက လူများ မျိုးသုဉ်းသွားသည်အထိ ဖြစ်နိုင်သည်။

ပထမနည်းဖြစ်သော သေဆုံးမှုနှုန်းကို တိုးပွားအောင် ပြုလုပ်ခြင်းကို မလုပ်လျှင် ဒုတိယနည်းကို စဉ်းစားရမည်။ ဒုတိယနည်းမှာ မွေးဖွားနှုန်းကို လျှော့ခြင်း ဖြစ်သည်။ မွေးဖွားနှုန်းကို လျှော့သောနည်းတခုမှာ လိင်ဆက်ဆံခြင်းကို ထိန်းခြင်း ဖြစ်သည်။ သို့သော် ထိုနည်းကို ကျယ်ကျယ်ပြန့်ပြန့် သုံး၍ မဖြစ်နိုင်ပါ။ နောက်တနည်းမှာ လိင်ဆက်ဆံရာတွင် ပစ္စည်းအမျိုးမျိုးကို သုံးခြင်း ဖြစ်သည်။ ဤနည်းကို တရုတ်နိုင်ငံနှင့် တခြားသောနိုင်ငံများတွင် ထိရောက်စွာ သုံးနေကြသည်။ သို့သော် မလုံလောက်သေးပါ။

လူဦးရေ တိုးပွားနေခြင်းနှင့်ပတ်သက်သည့် ဆောင်းပါးကို ပြန်လည်၍ အကျဉ်းဖော်ပြရသော်-

ဤဆောင်းပါးကို ရေးခဲ့သော ခုနှစ် ၁၉၈၆ ခုနှစ်က ဖြစ်သည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံရှိမည်ဟု ရေးသားထားခြင်းသည် ထိုအချိန်က နောင်အနာဂတ်ကို ကြို၍ပြောခြင်း ဖြစ်သည်။ ယခုသည် ၂၀၁၉ ဖြစ်သောကြောင့် ထိုဟောကိန်း ဟုတ်၊ မဟုတ်ကို သိနိုင်ပြီဖြစ်သည်။ စိတ်ဝင်စားသူများအနေဖြင့် အလွယ်တကူ ဟုတ်၊ မဟုတ်ကို သိနိုင်ပါသည်။ ဤဆောင်းပါးကို ဘာသာပြန်သောသူအနေဖြင့်တော့ ချိန်ကိုက်၍ မကြည့်ရသေးပါ။

၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ဘီလီယံ ၅၀ ဖြစ်သွားနိုင်သည်ဟု ဆို၏။ ဤကဲ့သို့ မဖြစ်စေရန် လုပ်နိုင်သောနည်းနှစ်ခု ရှိ၏။ တခုမှာ သေဆုံးမှုနှုန်းကို တိုးအောင်လုပ်ခြင်း ဖြစ်သည်။ နောက်တမျိုးမှာ မွေးဖွားသောနှုန်းကို လျှော့ရန် ဖြစ်သည်။ လူ့ကျင့်ဝတ်အရ သေဆုံးမှုနှုန်းကို တိုးအောင် မပြုလုပ်သင့်ပါ။ သို့သော် သဘာဝအရ ကပ်ကြီးသုံးပါး၊ သဘာဝဘေးအန္တရာယ်နှင့် စစ်ဖြစ်ခြင်းတို့သည် သေဆုံးမှုနှုန်းကို တိုးစေသောနည်းများ ဖြစ်သည်။ မွေးဖွားနှုန်းကို လျှော့သောနည်းတခုမှာ လိင်ဆက်ဆံမှုကို ထိန်းခြင်း၊ ပစ္စည်းကိရိယာများ သုံးခြင်း ဖြစ်သည်။


(၁၉၉၅ တွင် လူဦးရေ ၅.၇ ဘီလျံ။ ၂၀၁၀ တွင် ကမ္ဘာလူဦးရေ ၆.၉ ဘီလျံ။ ၂၀၁၉ တွင် ၇.၇ ဘီလျံ ရှိသည်ဟု ကိန်းဂဏန်းများက ပြပါသည်။ ဆယ်နှစ်တိုင်း ၁ ဘီလျံ ခန့်တိုးနေသည်ဟု ၂၀၂၀ ကနေကြည့်ပြီး မှတ်ချက်ပြုနိုင်ပါသည်/  အယ်ဒီတာ )