Breaking News

နေသွင်ညိဏ်း - အလောင်းဘုရားအမျိုးတွေအတွက် ထိုင်းနိုင်ငံကပေးတဲ့ ကိုဗစ် ၁၉ သင်ခန်းစာ

 အလောင်းဘုရားအမျိုးတွေအတွက် ထိုင်းနိုင်ငံကပေးတဲ့

ကိုဗစ် ၁၉ သင်ခန်းစာ

နေသွင်ညိဏ်း (မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၀


ထိုင်းနဲ့ မြန်မာအကြောင်း နှိုင်းယှဉ်ပြောတော့ ထိုင်းဘောလုံးအသင်းနဲ့ မြန်မာဘောလုံးအသင်းကန်တာကိုပဲ သတိရပါတယ်။ ပထမပိုင်းဆိုရင် မြန်မာအသင်းက ခြေစွာလေ့ရှိပြီး၊ တခါတလေ ထိုင်းအသင်းကို ခြေသာသလိုလိုတောင် ထင်ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းကျရင်တော့ ခြေကုန်လက်ပန်းကျနေပြီး တဂိုးပြီးတဂိုး ပေးရပါတော့တယ်။ ပွဲအစမှာ စိတ်တက်ကြွနေတဲ့ အလောင်းမင်းတရားအမျိုးတွေ ငြိမ်ကျသွားတဲ့အချိန်ပါပဲ။
တကယ်တော့ ထိုင်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အောင်မြင်နေတဲ့နိုင်ငံဖြစ်လို့ ကိုဗစ် ၁၉ ကို ထိန်းချုပ်ရာမှာ မြန်မာထက် အများကြီး ပိုခက်ပါတယ်။ ဒေသတွင်းမှာ ကိုဗစ် ၁၉ လူနာကို အစောဆုံး တွေ့တဲ့ နိုင်ငံတွေထဲမှာလည်း ထိုင်းနိုင်ငံ ပါဝင်ပါတယ်။ ဒါပေမယ့် အခုတော့ ထိုင်းက ရောဂါ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပါပြီ၊ ဒီလို ကျော်လွှားနိုင်တဲ့အကြောင်းတွေ အများကြီး ရှိပါတယ်။

၁။ ကျန်းမာရေးအတွက် မြှုပ်နှံထားခြင်း။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုစလုံးမှာ အခြေခံကျန်းမာရေးအခြေခံအဆောက်အအုံမှ အများကြီး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။ ဒီနှစ်တွေမှာ မြန်မာဟာ စစ်တိုက်လို့ ကောင်းတုန်းပါပဲ။ ထိုင်းမှာ အစိုးရအဆင့်မြင့်နဲ့ အလယ်အလတ် ဆေးရုံပေါင်း ၁ ထောင်လောက်ရှိပြီး၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးကုဌာနပေါင်း တစ်သောင်းလောက်ရှိပါတယ်။ ဒီလိုဆေးရုံနဲ့ ကျန်းမာ ရေးဌာနတွေဟာ ကိုဗစ် ၁၉ ဖြစ်တဲ့အခါမှာ အခြေခံလိုအပ်ချက်တွေကို အများကြီး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
၂။ အခမဲ့ဆေးကုသမှုစနစ်။

ထိုင်းနိုင်ငံမှာ ၂၀၀၂ ခုနှစ်ကတည်းက အားလုံးလွှမ်းခြုံနိုင်တဲ့ အခမဲ့နီးပါး (ဘတ် ၃၀) ကျန်းမာရေးစနစ် ရှိပါတယ်။ ဒါကြောင့် ကိုဗစ် ၁၉ ဖြစ်လာတဲ့အခါမှာ ထိုင်းအစိုးရက ရောဂါကူးစက်သူတွေကို အခမဲ့ ကျန်းမာရေးစောင့် ရှောက်မှု ပေးပါတယ်။ ငွေကြေး မတတ်နိုင်လို့ ဆေးကုသမှု မရရှိတာမျိုး ထိုင်းမှာ မရှိပါဘူး။

၃။ ပြည်သူ့အားကို စနစ်တကျအသုံးပြုခြင်း။

ကိုဗစ် ၁၉ ကပ်ဘေးမှာ ရပ်ရွာအခြေပြု ကျန်းမာရေးစေတနာ့ ဝန် ထမ်းပေါင်း တစ်သန်းကျော် ရှိပါတယ်။ သူတို့ဟာ တစ်အိမ်တက်ဆင်း ကျန်းမာရေး ပညာပေးတာ၊ ကိုဗစ် လူနာတွေကို ရှာဖွေတာနဲ့၊ ရောဂါထိန်းချုပ်ရေး၊ လူ နာစောင့်ကြည့်ရေးကနေ နှာခေါင်းစည်း ချုပ်တဲ့ အလုပ်တွေအထိ အားကိုးရပါတယ်။ လူများပြီး ပွဲမစည်တာမျိုး မဖြစ်မခံဘဲ၊ သူ့နေရာနဲ့သူ စနစ်တကျ အလုပ်လုပ်ကြတာပါပဲ။

အမျိုးသမီး အများစုပါဝင်တဲ့ ကျန်းမာရေးဗော်လံတီယာ တသန်းကျော်ဟာ ကျေးရွာပေါင်း ၇ သောင်းခွဲကျော်မှာ မနားမနေ အလုပ်လုပ်ကြပါတယ်။ သူတို့ဟာ ကိုယ့်ရွာအကြောင်း၊ ကိုယ့်ဒေသအကြောင်း ကောင်းကောင်း နော ကျေသူတွေ ဖြစ်ပြီး၊ ဗော်လံတီယာတယောက်က မိသားစု ၁၀ စုစီကို တာဝန်ယူကြပါတယ်။ အိမ်တိုင်းစေ့သွားပြီး ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို မျှဝေပေးပါတယ်။ ကျန်းမာရေး စစ်ဆေးပါတယ်။

ကိုယ့်နယ်ထဲမှာ လူအဝင်အထွက်တွေကို မျက်ခြေမပျက်အောင်စောင့်ကြည့်ပါတယ်။ အရေးအကြီးဆုံးကတော့ ဗော်လံတီယာတွေဟာ ကိုယ့်ဒေသနဲ့ ကိုယ် အဆင့်ဆင့် ကျန်းမာရေးဌာနတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပါတယ်။ ထိုင်းမှာ အောက်ခြေအထိ ကျန်းမာရေးစနစ်တွေကလည်း နဂိုကတည်းက အားကောင်းတဲ့အတွက် ကပ်ဘေးကို ရင်ဆိုင်တဲ့အခါမှာ အားသာချက် ဖြစ်လာပါတယ်။
၄၊ အစောတလျင်ဆောင်ရွက်ခြင်း။

တရုတ်က ကိုဗစ် ၁၉ ကို မကြေညာခင် ၃ ရက်ကတည်းက ၀ူဟန်မြို့ကလာတဲ့ ခရီးသည်တွေ၊ တရုတ်နိုင်ငံက ၀င်လာတဲ့ ခရီးသည်တွေကို ထိုင်းနိုင်ငံအဝင်မှာ စစ်ဆေးပါတယ်။ တရုတ်နိုင်ငံအပြင်မှာ ကိုဗစ် ၁၉ လူနာ တွေ့တယ်ဆိုတာနဲ့ စစ်ဆေးမှုတွေကို ပိုပြီး တင်းကြပ်လိုက်ပါတယ်။ ပထမဆုံးလူနာကို စတွေ့တာနဲ့ တနိုင်ငံလုံး အတိုင်း အတာ မျက်နှာဖုံး ဝတ်ကြဖို့ ၊ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ အစိုးရက ညွှန်ကြားပါတယ်။ အာဆီယံဒေသမှာတော့ အဲဒီအချိန်မှာ ဒီလို ညွှန်ကြားတာ ထိုင်းတစ်နိုင်ငံပဲ ရှိခဲ့ပါတယ်။ (မျက်နှာဖုံးဝတ်တာဟာ ထိုင်းမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဘန်ကောက်၊ ချင်းမိုင် စတဲ့ မြို့တွေမှာ လေထု ညစ်ညမ်းတဲ့အခါတိုင်း မျက် နှာဖုံးဝတ်တာဟာ ထုံးစံပါပဲ။) ဒီလို လုပ်လိုက်တဲ့အတွက် ကူးစက်မှုကို အများကြီးထိန်းနိုင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးဌာနကလည်း အသိအမှတ်ပြုပါတယ်။ ကျပန်း ရောဂါ စစ်ဆေးတာလည်း ထိုင်းမှာ မလုပ်ခဲ့ရပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းအရ ထိုင်းမှာ လူ ၁၅၀ စစ်တိုင်းမှာ လူနာတစ်ယောက် တွေ့ရလို့ ဒါဟာ ရာခိုင် နှုန်းမြင့်တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အချိန်ကုန်၊ ငွေကုန်လူပမ်း မဖြစ်တော့ပါဘူး။

၅။ တနိုင်ငံလုံး ထကြွလုံ့လရှိခြင်း။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကို ရင်ဆိုင်ရာမှာ ထိပ်ဆုံးခေါင်းဆောင်ကနေ အောက်ခြေအထိ အစိုးရအဖွဲ့လုံး ပါဝင်ပါတယ်။ စီစီအက်စ်အေဆိုတဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးဌာနရဲ့ ဥက္ကဋ္ဌက ဝန်ကြီးချုပ်ကိုယ်တိုင် ဖြစ်ပါတယ်။

ကျန်းမာရေးဌာနက ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ၊ ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ သူတို့အလုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ခဲ့ကြတာပါပဲ။ သူတို့ဟာ ၂၀၀၃ ဆားစ်ရောဂါကို ရင် ဆိုင်ခဲ့တဲ့အချိန်၊ ရာသီအလိုက်ရောဂါတွေကို ထိန်းချုပ်ရာမှာ အတွေ့အကြုံကောင်းကောင်း ရှိခဲ့ကြပါတယ်။ ကိုဗစ် ၁၉ ထိန်းချုပ်ရေးဌာနက နေ့စဉ်သတင်းစာရှင်းလင်းပွဲ လုပ်သလို၊ အစိုးရကျန်းမာရေးဌာနကလည်း လိုအပ်တဲ့ အချက်အလက်တွေကို ပုံမှန် ဖြန့်ဝေပေးပါတယ်။ ကျန်းမာရေးစည်းကမ်းတွေကို ပြည်သူတွေ လိုက်နာအောင် ပုံမှန် ဆော်ဩပေးပါတယ်။ ကိုဗစ် ၁၉ ကာလမှာ ပြည်သူလူထုရဲ့ နေထိုင်သွားလာမှုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို စည်းကမ်း တင်းကြပ်ပါတယ်။

ဒီနေရာမှာ အများပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှု မပါရင် စည်းကမ်းတွေ၊ အမိန့်တွေ ဘယ်လောက်ထုတ်ထုတ် အောင်မြင်မှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ပျော်ပျော်ပေါ့ပေါ့ နေတတ်တဲ့ ထိုင်းတွေဟာ ကိုဗစ် ၁၉ ထိန်းချုပ်ရေးအတွက် အစိုးရ ညွှန်ကြားချက်တွေ၊ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပါတယ်။ တချိန်တည်းမှာ ကာဗျူးချိန်အတွင်း လိုက်နာရမယ့် စည်းကမ်းတွေ (ဥပမာ အရက်မရောင်းရ၊ လူစုပြီး ပျော်ပွဲရွှင်ပွဲ မလုပ်ရ၊ အရက်မသောက်ရ) ချိုးဖောက်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။

ဒီအချက် ၅ ချက်ဟာ ထိုင်းနိုင်ငံက ကိုဗစ် ၁၉ ကို ရင်ဆိုင်ရာမှာ အားသာချက်တွေ ဖြစ်လာပါတယ်။ မြန်မာပြည်နဲ့ တူညီတာ ရှိသလို၊ မြန်မာတွေက ပြန်အတုယူစရာတွေလည်း ရှိပါတယ်။

ဥပမာ နံပါတ် ၁ အချက်ဖြစ်တဲ့ ကျန်းမာ ရေး အခြေခံ အဆောက်အအုံပိုင်းကို ရင်းနှီးမြှုပ်နှံရာမှာ မြန်မာက ထိုင်းကို မယှဉ်နိုင်ပါဘူး။

နံပါတ် ၂ အချက်ကို ပြောရရင် ထိုင်းနိုင်ငံသားတွေ မဆိုထားနဲ့။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေအတွက်လည်း သာမန်ရောဂါကနေ၊ သွားဖွား၊ အကြီးစားခွဲစိတ်မှုတွေအထိ အခမဲ့နီးပါး ကျန်းမာရေးစောင့် ရှောက်မှုကို ခံစားရရှိစေပါတယ်။
တကယ်တော့ လက်ရှိ ထိုင်းအစိုးရဟာ အာဏာသိမ်း ခေါင်းဆောင်တွေပဲဖြစ်လို့ ပြည်တွင်း မီဒီယာတွေနဲ့ နိုင်ငံ တကာ မီဒီယာတွေနဲ့ အဆင်မပြေလှပါဘူး။ ပြည်သူတွေ၊ အထူးသဖြင့် ကျောင်းသား၊ လူငယ်တွေနဲ့ အဆင်မပြေလှတာလည်း ဆန္ဒပြပွဲတွေက သက်သေပါပဲ။ ဒီလို အခြေအနေ ကြားထဲက ထိုင်းနိုင်ငံဟာ ကိုဗစ် ၁၉ ကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။

မြန်မာပြည်မှာတော့ အစိုးရနဲ့ ပြည်သူကြားက ယုံကြည်မှုဟာ ထိုင်းထက် အများကြီး သာပါတယ်။ ဒါဟာ ကြီ းမားတဲ့အားသာချက်ဖြစ်ပါတယ်။ တချိန်တည်းမှာ စိတ်အားထက်သန်တဲ့ မြန်မာတွေဟာ ကောက်ရိုးမီးလို ဟုန်းကနဲ့ တောက်ပြီး ချက်ချင်းပြန်ငြိမ်းသွားတဲ့ အကျင့်ရှိပါတယ်။ ဒါပေမယ့် ထိုင်းလူ့အဖွဲ့အစည်းကတော့ ထိုင်းဘောလုံးအသင်းလိုပဲ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်၊ စည်းစနစ်တကျ စခန်းသွားတတ်နေပြီဖြစ်လို့ အလောင်းဘုရားအမျိုးတွေအနေနဲ့ ဂါရ၀တရား၊ နိဝါတတရား ရင်ဝယ်ထားပြီး အိမ်နီးချင်းဆီကနေ ကျိုးကျိုးနွံနွံ အတုယူရုံပဲ ရှိပါတော့တယ်။
-
https://www.facebook.com/photo?fbid=1115125012237919&set=a.199697357114027- စာရေးသူ၏ ဖေ့ါဘုတ်စာမျက်နှာမှာ ယူပါသည်။