Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၄



အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၄

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၀

"ယခု Covid ကိစ္စကလည်း နိုင်ငံရေးပါပဲ"
(From Aung San Suu Kyi Facebook, posted on June 10,2020)

(၁)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ "ကိုဗစ် နိုင်ငံရေး" ဟု ရည်ညွှန်းလိုက်ပေပြီ။
ယနေ့ကမ္ဘာတွင် နိုင်ငံရေးသည် ကိုဗစ်ဖြစ်သည်။ ကိုဗစ်သည် နိုင်ငံရေး ဖြစ်သည်။

ဆိုကြပါစို့။ ဥပမာ- ကဗျာဆရာတစ်ယောက်။ ထိုကဗျာဆရာသည် နိုင်ငံရေး ကင်းရှင်းသူ၊ တစ်နည်း နိုင်ငံရေးနှင့် မပတ်သက်သူ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ That poet may be an apolitical. သို့သော်၊ ထိုကဗျာဆရာသည် ယခုလို ကပ်ဘေးဆိုက်နေသောအချိန်တွင် ကိုဗစ်-19 နှင့် ကင်း၍ ရပါမည်လော။ ထိုကဗျာဆရာသည် ကိုဗစ်-19 နှင့် မပတ်သက်ဘဲ နေ၍ ရပါမည်လော။ မရပါ။ ထိုကဗျာဆရာသည် လူ့အဖွဲ့အစည်းထဲတွင် နေသည်။ သူနေထိုင်သည့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Covid-19 coronavirus ရောဂါကပ်ဘေးကြီးနှင့် ကြုံကြိုက်ကာ ၀ရုန်းသုဉ်းကား ဖြစ်နေသည်။ သို့ဖြင့် ထိုအနှီ ကဗျာဆရာသည်လည်း၊ လူ့အဖွဲ့အစည်းနှင့်အတူ လိုက်ပါကာ ၀ရုန်းသုဉ်းကားဇာတ် ခင်းနေရလေသည်။ မခင်း၍ မရ။

လူတိုင်း ကိုဗစ်နှင့် ကင်းပြတ်၍ မရ။ ဆက်ဆံနေရသည်။ ထိတွေ့နေရသည်။ သူ့စည်းကိုယ့်စည်း ခြားနေရသည်။ လူနှင့် ကိုဗစ်၊ ၆-ပေ အကွာ၊ပဝါတစ်ကမ်း လက်တစ်လှမ်း အမဲလိုက်အက ကနေရသည်။ လူနှင့် ကိုဗစ်၊ သို့မဟုတ် လူနှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်ဆံရေးက နည်းလမ်း(၂)သွယ်ရှိသည်။ ပထမလမ်းက Positive လမ်း၊ ရောဂါပိုးရှိသူ။ ဒုတိယလမ်းက Negative လမ်း၊ ရောဂါပိုး မရှိသူ။

လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်ဟု ဆိုခဲ့သည်။ ယခုအခါ လူသည် ကိုဗစ်သတ္တဝါလည်းဖြစ်သည်ဟု ဖြည့်စွက်ရတော့မည်။ လူသည်ကား ကိုဗစ်နိုင်ငံရေးသတ္တဝါ ပါတကား။

(၂)

အမေရိကန်ပြည်ထောင်စုမှာ လာမည့် နိုင်ဝင်ဘာ(၃)ရက်(၂၀၂၀)မှာ အထွေထွေရွေးကောက်ပွဲ(သမ္မတရွေးချယ်ပွဲ)ရှိသည်။ ကျနော်တို့ မြန်မာပြည်မှာလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
နိုဝင်ဘာ(၈)ရက်နေ့(၂၀၂၀)မှာ ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာစီးချင်းထိုးပွဲ၊ ရွေးကောက်ပွဲများ ကျင်းပမည့် အချိန်အခါသည် ကိုဗစ်-19 ကပ်ရောဂါဘေးဆိုးကြီးအတွင်း ကျရောက်နေသည်။ ယခု လက်ငင်းလတ်တလော(သြဂုတ်၊ စက်တင်ဘာ)မှာပင်၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်းက ကမ္ဘာနှင့်ချီပြီး မြင့်တက်နေသည်။ 

အမေရိကန်မှာလည်း မြင့်တက်။ မြန်မာပြည်မှာလည်း မြင့်တက်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲ မဲထည့်ရမည့်နေ့၊ ကိုမြင့်နိုင်ကြီးက သူ့ရဲ့ကူးစက်မှုမြန်နှုန်းကို လျှော့ချပေးလေမလား။ ဒါမှမဟုတ် ခေတ္တ ရပ်ဆိုင်းပေးထားမလား။ ဝေးပါသေး၏။ ယခုပင် ကိုဗစ်-19 ဒုတ်ယလှိုင်းက ကမ္ဘာနှင့်အဝန်း မစာမနာ ဒေါနှင့် မာန် နှင့် ရိုက်ခတ်နေပြီဖြစ်သည်။ ဒုတိယလှိုင်း၏ လှိုင်းရိုက်၊ လှိုင်းပုတ်သည့် ဒဏ်ကို ကမ္ဘာတစ်ဝှမ်းလုံး ကုန်းခံနေရပြီဖြစ်သည်။

"လှိုင်းရိုက်ပုတ်တင်
ဆေးရုံခုတင်မှာ
အရှင်လတ်လတ်
လူနာအမှတ် ၉၉၅"

ဒုတိယလှိုင်း(တတိယလှိုင်း)ဒဏ်ကို အမေရိကန် ရီပတ်ဘလီကင် သမ္မတ ဒေါ်နယ်ထရန့်လည်း လန့်သည်။ စိုးရိမ်သည်။ သူက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ လေသံပစ်သည်။ သို့သော်၊ ဒီမိုကရက်တွေက မကြားချင်
ယောင် ဆောင်နေလိုက်ကြသည်။ ကျနော်တို့မြန်မာပြည်မှာလည်း။ ကိုဗစ်ကို အကြောင်းရှာ၍၊ ရွေးကောက်ပွဲ
နောက်ဆုတ်ပေးရန် ပါတီတချို့နှင့် လူပုဂ္ဂိုလ်အချို့က တောင်းဆိုနေကြ ပြန်သည်။
 

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့၊ မနေ့တစ်နေ့ကပင် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအလံကို လွှင့်ထူလိုက်ပေပြီ။ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပေပြီ။ ကိုဗစ်သည် နိုင်ငံရေး ဖြစ်သည်။ ကိုဗစ်နိုင်ငံရေး။

(၃)

အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်က၊ သူ၏တိုက်ဖော်တိုက်ဖက် ဒုတိယသမ္မတလောင်းအဖြစ်၊ ကာမာလာဟားရစ်၏ အမည်ကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက်၊ ဘိုင်ဒင်-ဟားရစ် အတွဲ ပထမဆုံး ပွဲထွက် တိုက်ကွက်မှာ၊ အမေရိကန် တစ်နိုင်ငံလုံး လူတိုင်း ဥပဒေကဲ့သို့ MASK မဖြစ်မနေတပ်ဆင်ရမည်ဆိုသော လှုံ့ဆော်မှုပင် ဖြစ်သည်။

ကိုဗစ်သည် နိုင်ငံရေး။

ကျနော်တို့မြန်မာပြည်တွင်၊ မကြာသေးခင်မီက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် ရပ်ကွက်တစ်ခုက မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည့်ကိစ္စတွင်၊ ဒေသခံလူငယ်တစ်ဦး (NLD ပါတီဝင်ဟောင်းဟု နောက်မှသိရ)က၊ ကိုဗစ်ကာလကန့်သတ်ချက် လူ(၃၀)ထက်ပို၍စုဝေးခဲ့သည်ဟုအကြောင်းပြကာ၊ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အထမမြောက်။

ကိုဗစ်သည် နိုင်ငံရေး။

(၃)

လူသည် လူ့အဖွဲ့အစည်းဝင် ဖြစ်သည်။ တစ်ယောက်သည် အများဖြစ်သည်။ ကိုဗစ်ရန်ကို တစ်ယောက်ချင်း၊ တစ်ဦးချင်း ကိုယ်တိုင် ကာကွယ်ရသည်။ မိမိကိုယ်မိမိ(ကိုဗစ်ရန်မှ)ကာကွယ်ခြင်းသည်၊ အများကို ထိုရန်မှ ကာကွယ် ခြင်းဖြစ်သည်။ 

တစ်ယောက်ချင်း ဘေးကင်းလုံခြုံမှ၊ အများ ဘေးကင်းလုံခြုံမည်။ အများ ဘေးကင်းလုံခြုံသည်ဆိုလျှင်၊ တိုင်းပြည် ဘေးကင်းလုံခြုံတာပဲဖြစ်သည်။

ကိုဗစ်ကို ကိုယ်နှင့်မဆိုင်ဟု .ယူဆသူ။ ရွေးကောက်ပွဲကို ငါနှင့်မဆိုင်ဟု ပြောဆိုသူ။ နှာခေါင်းစည်း မတပ်သူ။
မဲ မပေးသူ။

ဒီ ဇမ္ဗူမှာ ဒီလိုလူ ရှိနိုင်သလား။

အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင် ပြောတာလေး အောင်ဝေး သဘောကျမိ၍၊ ပြန် မျှဝေလိုက်ပရစေ။

"Democracy is on the ballot. And the truth is, our economic recovery is on the ballot. Law and order are on the ballot."

ဒါကြောင့်ပဲ ကျနော့်တို့ဆီမှာ "အသည်းကြားက၊ မဲတစ်ပြား" လို့ ဆိုကြသည် မဟုတ်လား။

အကယ်၍၊ အမေရိကန် သမ္မတရွေးချယ်ပွဲမှာ၊ ဂျိုးဘိုင်ဒင်သာ အနိုင်ရခဲ့မည် ဆိုပါက၊ သူသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ကိုဗစ်သမ္မတကြီး ဖြစ်လာပေတော့မည် မဟုတ်လား။

နိုဝင်ဘာစီးချင်းထိုးပွဲတွေကို ကိုမြင့်နိုင်ကြီးက စောင့်မျှော်နေလေသည်။ ။


(စက်တင်ဘာ ၂၊ ၂၀၂၀)

ယနေ့ September 2< 2020 Covid-19 Live Upfate
World: Cases- 25,602,665 Deaths- 852,758
U.S: Cases- 6,286,933 Deaths- 189,604
Michigan: Cases- 103,710 Deaths- 6,509
မြန်မာ ကူးစက်- (၉၉၅)ယောက်၊ သေဆုံး- (၆)ယောက်။