Breaking News

ငြိမ်းစု - အောင်သန်း (သို့) ကျနော့်ရင်ထဲက ရခိုင်လေး

 

စာရေးသူ ငြိမ်းစု(ကျောင်းသားတပ်မတော်)

အောင်သန်း (သို့) ကျနော့်ရင်ထဲက ရခိုင်လေး

ငြိမ်းစု

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၀

အပိုင်း တစ်

ထိုးစစ်ကို ခုခံတွန်းလှန်သော ကာလဖြစ်၏။ ထိုကာလအတွင်း ကျနော်သည် တိုက်ပွဲတစ်ပွဲမျှကိုသာ ပါဝင်တိုက်ခဲ့ရသေးသည်။ ထိုတိုက်ပွဲပြီးသည်နှင့် ဘာမျှမကြာလိုက်၊ ငှက်ဖျားရောဂါကို ဆက်၍ တိုက်ရလေသည်။ ထိုကြောင့် ကျနော်သည် နောက်တန်းစခန်းသို့ ဆေးကုသမှုခံယူရန် ပြန်လာခဲ့ရသည်။ ယခုဆိုလျှင် နောက်တန်းစခန်း၌ ငှက်ဖျားရောဂါကို အောင်မြင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်သဖြင့် ရှေ့တန်းစစ်မျက်နှာသို့ ပြန်သွားရန် စိတ်အားထက်သန်နေသော်လည်း နောက်တန်းစခန်းတွင်သာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်နေသည်။ ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်သွားရောက်ရန် ခွင့်ပြုမိန့်ကို မျှော်လင့်စောင့် စားနေရလေသည်။

တနေ့တွင် စစ်ရုံးမှ ကျနော့်ကိုခေါ်သည်ဖြစ်၍ သံလွင်မြစ်ကမ်းပါး သဲသောင်တွင် ယာယီဆောက်လုပ်ထားသော ရုံးတဲရှိရာသို့ ထွက်လာခဲ့သည်။ စိတ်ထဲတွင် ကျနော့်ကို ရှေ့တန်းစစ်မျက်နှာသို့သွားခွင့်ပြုတော့မည်လားဟု တွေးရင်း ကြည်နူးနေမိသည်။ နေလုံးကြီးသည် ကျနော်၏ခေါင်းပေါ်၌ ထီးမိုးထားသကဲ့သို့ ရှိနေ၏။ သံလွင်မြစ်ရေပြင်ပေါ်ရှိ ဝဲဂယက်တို့ သည် အုံကြွမြည်တွန်လျက်ရှိသည်။ ဖြူဖွေးပြီး ပူလောင်နေသော သဲများပေါ်တွင် ခပ်မြန်မြန်လျှောက်လှမ်းလာခဲ့ရသည်။ ရုံးတဲအနီးသို့ရောက်သည်နှင့် ရုံးတဲရှေ့တွင် လက်ပြန်ကြိုးတုပ်ထားသောလူငယ်တဦးကို တွေ့ရသည်။ သူသည် ညှိုးနွမ်းသော မျက်နှာကလေးဖြင့် အဝေးဆီသို့ ငေးနေ၏။ ကျနော်သည် ရုံးတဲအတွင်းသို့ဝင်၍ ရောက်ရှိကြောင်း သတင်းပို့လိုက်သည်နှင့် တာဝန်ရှိသူမှ တနေ့ညကဖမ်းမိထားသည့် ရန်သူ့ရဲဘော်လေးကို တာဝန်ယူစောင့်ရှောက်ထားရန် ပြောရင်း တဲရှေ့က လူငယ်အား ညွှန်ပြသည်။ သို့ဖြင့် လူငယ်လေးကိုခေါ်ကာ ပြန်ခဲ့ရလေသည်။ စစ်မြေပြင်သို့ သွားခွင့်ပြုမည်လောဟု ကျနော်၏မျှော်လင့်ချက်တို့သည်ကား သံလွင်မြစ်ပြင်ပေါ်၌ တိုက်ခတ်လျှက်ရှိသော လေနှင့်အတူ လွင့်ပါပျောက်ကွယ်သွားလေတော့သည်။

ကျနော်တို့သည် ကျနော်နေထိုင်လျက်ရှိသော ဘားတိုက်သို့ရောက်လာခဲ့၏။ ဘားတိုက်တွင် မည်သူမျှမရှိ၊ ရဲဘော်အားလုံး ရှေ့တန်းရောက်နေကြသဖြင့် ကျနော်တဦးတည်းနေထိုင်သည်။ လူငယ်ကို ကျနော့်အိမ်ရာခြေရင်းဖက်ရှိတိုင်တွင် ထိုင်စေပြီး သူကိုချည်ထားသာကြိုးမှ ထွက်လာသည့်ကြိုးစကို တိုင်နှင့် ချည်ထားလိုက်သည်။ သေနတ်ကို ကျနော်၏အိပ်ရာ ခေါင်းရင်းနံရံ၌ထောင်လိုက်ကာ ခါးတွင်လွယ်ထားသော ရေဗူးကိုယူ၍ လူငယ်အား ရေသောက်ရန်ပြော သည်။ လူငယ်က ညှိုးငယ်သောမျက်နှာဖြင့် ခေါင်းကို ခါရမ်းပြသည်။ ထို့ကြောင့် အနည်းငယ်မျှရေကိုသောက်၍ ကျနော်သည် လူငယ်၏ဘေးတွင် ဝင်၍ ထိုင်လိုက်သည်။

”ညီလေး နာမည် ဘယ်လိုခေါ်လဲ”

”အောင်သန်းပါ”

”အသက် ဘယ်နှစ် နှစ်ရှိပြီလဲ”

”ဆယ့်ခြောက်နှစ်ပါ”

သူ၏ အသံမှာ ရခိုင်တိုင်းရင်းသားများကဲ့သို့ ဝဲနေသည်။

”ညီလေးက ရခိုင်လူမျိုးထင်တယ်”

ကျနော်၏ထင်မြင်ချက်ကိုပြောလိုက်ရာ သူက ဟုတ်မှန်ကြောင်းပြောသည်။ ကျနော်လည်း သူ စိတ်လက်ပေါ့ ပါးစေရန် ထွေရာလေးပါး စကားစမည်ပြောရင်းက သူသည် စစ်တွေမြို့ပေါ်မှ မဟုတ်ဘဲ၊ အနီးအနားရှိ ရွာကဖြစ်ပြီး သူ၏ ရွာနာမည် (မမှတ်မိတော့) ကိုပါ သူပြောပြ၍ သိခဲ့ရသည်။ ကျနော်တို့ စကားပြောရင်း ခင်မင်စပြုလာသည်။ သူ၏မျက်နှာသည်လည်း အနည်းငယ်မျှ ရွှင်လန်းလာသည်။ ထိုအချိန်မှ သူ၏အကြောင်းကို မေးရလေသည်။

”ကျနော့်အိမ်မှာ စကားများပြီး ထွက်လာတာ ဈေးကိုရောက်တော့ သူငယ်ချင်းတယောက်နဲ့တွေ့တယ်။ သူက စစ်ထဲဝင်ဖို့ပြောတော့ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ သူနဲ့အတူ စစ်တွေမြို့က စစ်သားစုဆောင်းရေးကိုသွားပြီး တပ်ထဲဝင်ခဲ့တယ်။ နောက်တော့ ကျနော်တို့ကိုသင်္ဘောနဲ့ ပြည်မြို့ကမ်းနားဘေးမှာရှိတဲ့ စုဆောင်းရေးကို ပို့တယ်။ အဲဒီကနေ သင်တန်းကျောင်းကိုပို့ပြီး သင်တန်းကျောင်းမှာ သုံးလ သင်တန်းတက်ရတယ်။ သင်တန်းဆင်းတော့ တပ်ရင်းတွေ ခွဲပြီးပို့တယ်။ သူငယ်ချင်းနဲ့လည်း ကွဲသွားတယ်။ ကျနော်ကျတဲ့ တပ်ရင်းရောက်တော့ ရှေ့တန်းဆိုပြီး ခေါ်လာလို့ လိုက်လာရတာပဲ”

သူ တပ်ထဲရောက်လာပုံကို ပြောပြသည်။ သူ၏ တပ်ရင်းနံပါတ်ကို ပြောခဲ့သော်လည်း ကျနော်မမှတ်မိတော့ပါ။

”ဒါနဲ့ ငါ့ညီ အကိုတို့ လူကြီးနဲ့ တွေ့ပြီးပြီ မဟုတ်လား။ သူတို့ ဘာပြောလိုက်သေးလဲ” ဟု သူ့စကားအဆုံးတွင် မေးလိုက်သည်။

”ဟုတ်ကဲ့ တွေ့ပြီးပါပြီ လူကြီးတွေကတော့ ကျနော့်သဘောပဲတဲ့၊ ပြည်တွင်းပြန်ချင်ရင် ပို့ပေးမယ်။ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ အလုပ်ရှာပေးမယ် ပြောတယ်။ ကျနော်ကတော့ ပြည်တွင်းကို မပြန်ချင်တော့ဘူးလို့ ပြောခဲ့တယ်”ဟု ဆိုသည်။

”ကဲ ငါ့ညီ ဘာမှမပူနဲ့ မင်းကို မဲဆောက်သွားမယ့် လူရှိရင် တခါတည်း ခေါ်သွားလိမ့်မယ်”

သူသည် ကျနော့်အား မချင့်မရဲ တကယ်လားဟူသည့် ပုံမျိုးဖြင့် ကြည့်လိုက်သည်။

”မင်း မယုံရင်စောင့်ကြည့်လေ။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်ဆိုတာကိုတော့ အကိုလည်း တပ်အပ်မပြောနိုင်ဘူးပေါ့။ စိတ်တော့ ရှည်ဖို့လိုမယ်။ လောလောဆယ်တော့ မင်းကို စောင့်ရှောက်ဖို့ အကို့မှာ တာဝန်ရှိတယ် မဟုတ်လား။ ဒီ တော့ မင်းလုပ်ချင် ပြောချင်တာရှိရင်မကြောက်နဲ့ - အပေါ့အလေးသွားချင်တာကအစ အားနာနေစရာ မလိုဘူး၊ ရဲရဲ ပြော၊ ခုမင်းဘာလုပ်ချင်လဲ”

ဟု တဆက်တည်း ပြောချလိုက်ရာ သူက ဆေးလိပ်သောက်ချင်ကြောင်းပြောသြဖင့် ကျနော်သည် ဤသို့ ပွင့်ပွင့် လင်းလင်း ပြောသည်ကို ကြိုက်နှစ်သက်ကြောင်း ပြောရင်း ကျနော်၏ ကျောပိုးအိပ်အတွင်း ဆေးပေါ့လိပ် တလိပ်ကို ယူ၍ မီးညှိ့ပြီး ဆေးလိပ်ကို သူ၏ နှုတ်ခမ်းနှစ်ခုကြား ထည့်ပေးလိုက်သည်။ သူသည် အားရပါးရ ရှိုက်ဖွာ လိုက်သည်။ တဖွာနှင့် တဖွာ ကြားတွင် ကျနော်သည် သူ၏ နှုတ်ခမ်းနှစ်ခုကြားမှ ဆေးလိပ်ကို ထုတ်ပေး၊ ထည့်ပေးရသည်။ သုံး လေးဖွာမျှ ရှိုက်ဖွာ လိုက်ပြီးနောက် တော်ပြီဟုဆိုသဖြင့် သူအား နားနေရန်ပြောကာ ကျနော်၏ အိမ်ရာသို့ ပြန်လာခဲ့သည်။ ကျနော်သည် ခေါင်းရင်းဖက်ရှိ နံရံကို မှီ၍ ကျနော်၏သောက်လက်စ ဆေးလိပ်တိုကို မီးညှိ့ရှိုက်ဖွာလျက် သူ့အားကြည့်ရင်း သူမည်သို့ ခံစားနေရသည်ကို စာနာနားလည်နိုင်သည့် အတွေးတို့ သည်ကား ကျနော်ရှိုက်ဖွာလိုက်သော မီးခိုးများနှင့်အတူ အဝေးသို့ လွင့်ပြန့်သွားလေတော့သည်။


အပိုင်း နှစ်

မဲနယ်တောင်တန်းတနေရာရှိ သနပ်ဖက်တဲအတွင်း ကျနော်သည် လက်ပြန်ကြိုးချည်နှောင်ခံထားလျက် ရှိနေ၏။ တဲအပြင်၌ ရွာသားနှစ်ဦး စကားပြောနေသည့်အသံကို ကြားနေရသော်လည်း ပအိုဝ်းလိုပြောနေသဖြင့် ဘာမျှနားမလည်၊ စ ကားပြောနေသူနှစ်ဦးမှ တဦး၏အသံသည် အတော်ပင်လေးလံနေသည်။ မကြာမီ ထိုအသံရှင်သည် တဲအတွင်းဝင်လာပြီး ကျနော့်အနီးသို့ ရောက်လာ၏။ ထိုသူ့ကိုယ်မှ အရက်နံ့တို့သည် ပြန့်လွင့်လျက်ရှိ၏။ ထိုသူသည် အနီးသို့ ရောက်လျှင် ရောက်ချင်း ကျနော့်ခေါင်းကို ဆွဲ၍လှန်ကာ အသင့်ပါလာသောဓားကို ကျနော်၏ လည်ပင်းပေါ်သို့ တင်လိုက်ပြီး ကျယ်လောင်စွာ ပအိုဝ်းဘာသာ စကားဖြင့် ပြောနေလေသည်။ သူဘာပြောနေသည်ကို ကျနော်မည်သို့မျှ နားမလည်ပေ။ သို့ပေသည့် ကျနော်၏လည်ပင်းပေါ်တွင်တင်ထားသော သူ၏ ဓားသည် မည်မျှထက်မြက်ကြောင်းနှင့် ထိုဓားကို အားဖြင့်ဖိ၍ဆွဲလိုက်လျှင် လည်ပင်းသည် တိခနဲပြတ်နိုင်သည်ကို ကျနော်၏လည်ပင်းမှ ကောင်းကောင်းကြီး နားလည်နေသည်။ 

ခဏအကြာတွင် ထိုသူသည် ကျနော့်ကိုလွှတ်၍ တဲအပြင်သို့ ထွက်သွားသည်။ သူ၏အပြုအမူကြောင့် ကျနော်၏စိတ်တွင် ဘာမျှမခံစားမိ။ တဲအတွင်းမှ ထိုလူထွက်သွားပြီးချိန်အထိ ကျနော်၏လည်ပင်းပေါ်ရှိ သူ၏ဓားတင်ခဲ့သောနေရာ၌ ရှရှတတဖြစ်၍ ကျန်နေသည်ကိုကား ခံစားမိပေသည်။

တဲအပြင်၌ လူနှစ်ယောက်ထက်ပိုသော စကားပြောသံများကို ကြားလိုက်ရသည်။ ခဏအကြာ ကျနော့်ထံလာရောက်ခဲ့သောသူ၏ လေးတွဲနေသည့်အသံသည် လုံးဝမကြားရတော့ချေ။ ကြည့်ရသည်မှာ ကျနော့်ကိုစောင့်ရန် လူလဲခြင်းဖြစ် မည်ထင်သည်။ မကြာမီတွင် လူတယောက်တဲထဲဝင်လာကာ ကျနော့်ရှေ့တွင် ထိုင်လိုက်ပြီး

”ခင်ဗျား သူလျှိုမဟုတ်လား”ဟု မြန်မာစကားဖြင့် မေးသည်။

သူ မြန်မာလိုပြောသည်ကို ဝမ်းသာရသည်။ သူ၏မေးခွန်းကြောင့် စိတ်မကောင်းဖြစ်ရသော်လည်း သူ၏အမေးကို ချက်ချင်းပြန်၍ ဖြေလိုက်သည်။

”မဟုတ်ဘူး၊ ကျနော် ကျောင်းသားစစ်စစ်ပါ”

သူသည် ကျနော့်ကိုအသေအချာကြည့်၍ မဟုတ်ရင်ဘာကြောင့် ထွက်ပြေးစရာလိုမည်နည်းဟုဆိုသဖြင့် ကျနော်သည် သူ့ကို ဖြစ်ခဲ့သမျှတို့ မခြွင်းမချန် ရှင်းပြရလေတော့သည်။

”ဒီနယ်မြေမှာ ကျနော်တို့ သွားလာလှုပ်ရှားရင်း ရန်သူကို အသာစီးရပါလျက်နဲ့ တိုက်ခွင့်မရခဲ့ဘူး။ ခင်ဗျားတို့ ပအိုဝ်း(PNO) တပ်က လူကြီးတွေက တိုက်ပွဲဖော်မယ့်နေရာဟာ ရွာနဲ့နီးတော့ ရွာနဲ့နီးတယ်ဆိုပြီး တိုက်ခွင့်မပေးဘူး။ ရွာနဲ့ဝေးတဲ့နေရာကြတော့လည်း တိုက်ပွဲဖြစ်ရင် လူထုဒုက္ခရောက်မှာမို့ မတိုက်ပါနဲ့တဲ့။ ဒီတော့ ကျနော်တို့လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေက ရန်သူကိုတိုက်ဖို့ထက် လူထုဆီက ထမင်းတောင်းစားဖို့အတွက်ပဲ ဖြစ်မနေဘူးလား၊ ခင်ဗျားပဲ စဉ်းစားကြည့်လေမဟုတ်ဘူးလား”ဟု ပြောရင်း သူ့ကို ကြည့်လိုက်သည်။

သူသည် ဆေးလိပ်ကိုရှိုက်ဖွာလျက် ကျနော်ပြောနေသည်များကို စိတ်ဝင်စားစွာနားထောင်နေ၏။ သူ၏ဆေးလိပ်အနံ့ သည် ကျနော်၏စိတ်ကိုဆွဲဆောင်လျက်ရှိသည်။ ကျနော်သည် သူရိုက်ဖွာနေသော ဆေ းလိပ်ကိုတချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ဆက်၍ ပြောရသည်။

” ဒီကြောင်းကို ရဲဘော်တယောက်နဲ့ ဆွေးနွေးရင်း စကားများကြတယ်။ နှစ်ယောက်စလုံးက ဒေါသတွေနဲ့လေ။ ဟုတ်တယ်ကွာ ဒီအတိုင်းပဲ၊ ဘာလုပ်ချင်လဲလို့ ရဲဘော်ကပြောတော့ ကျနော်လည်း ဒီအတိုင်းဆိုရင်တော့ ဘာမှလုပ်စရာမရှိဘူး။ ပြန်ရုံပဲရှိတယ်လို့ ပြန်ပြောပြီး အရပ်ဝတ်ဝတ်လိုက်တယ်။ ပြီးတာနဲ့ ထွက်ခဲ့တာ၊ ဘာဆို ဘာမှလည်းယူမသွားဘူး။ အားလုံးရှေ့မှာ ထွက်ခဲ့တာ၊ ပြေးတာမဟုတ်ဘူး။ သူတို့လည်း တကယ်မသွားဘူးထင်နေကြမှာပေါ့။ ကျနော် စိတ်ကလည်း ပြောပြီးရင် လုပ်လိုက်ရမှလေ၊ ကျနော် ဒေါသနဲ့ ထွက်သာလာခဲ့တာ ဘယ်ကို သွားရမှန်းမသိဘူး။ တွေ့တဲ့ တောတိုးသွားတာ၊ လမ်းတွေ့တော့ ရဲဘော်တွေက အရင်ရောက်နေပြီး ပြန်ခေါ် လာတာ” ဟု ရှင်းပြလိုက်ပြီး မအောင့်နိုင်မအီးနိုင် - ထိုလူ့ထံမှ ဆေးလိပ်တောင်းသောက်လိုက်သည်။ 

သူသည် သူ၏လွယ်အိပ်တွင်းမှဆေးလိပ်ကိုထုတ်ကာ မီးညှိပြီး ကျနော်၏နှုတ်ခမ်းများကြားသို့ ထည့်ပေးသည်။ ဆေးလိပ်ကို  အားရပါရ ကျနော်ရှိုက်ဖွာလိုက်သည်။ ဆေးလိပ်ကို ကိုယ့်လက်နဲ့ကိုယ် ကိုင်ပြီးသောက်ရတာလောက် ခံတွင်းမတွေ့လှ။ သို့သော် အတော်လေးအာသာပြေသွားသည်။ သုံး လေးဖွာမျှရှိုက်ဖွာလိုက်ပြီး ဆက် ၍မသောက်ချင်တော့သဖြင့် သူ့အား ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သူသည် ကျနော်၏သောက်လက် စ ဆေးလိပ်တိုကို မီးသတ်ပြီး မီးဖိုနံဘေးတွင်ချကာ တဲအပြင်သို့ ထွက်သွားလေသည်။

အလင်းရောင်သည် တဲအပြင်ဘက်တွင်ရှိနေသော်လည်း အတွင်းဘက်၌ လျော့နည်းလျက် ရှိသည်။ ထိုသူထွက်သွားပြီး တဲအပြင်ဘက်မှ စကားပြောသံကြားရ၏။ အပြင်မှာရှိနေသူအား ကျနော်ပြောသည်များကို ပြန်၍ပြောပြနေသည်ဟု ထင်ရ သည်။ မကြာမီ ကျနော်နှင့်စကားပြောသူနှင့်အတူ လူတယောက် တဲထဲဝင်လာသည်။ ကျနော်နှင့်စကားပြောသူက ကျနော့်ကိုချည်နှောင်ထားသောကြိုးအားဖြည်ပေးပြီး ထမင်းတထုပ်ပေးသည်။ အခြားတယောက်က ဗူးသီးခြောက်ထဲမှ ရေကို ရေနွေးအိုးထဲထည့်ပြီးနောက် မီးဖိုကိုထင်းထပ်ပြည့်ကာ ရေနွေးအိုးတည်နေသည်။ ကျနော်သည်ကား ကြိုးဖြည်ပေးပြီးသည်နှင့် မီးဖိုဘေးမှ ကျနော်၏သောက်လက်စ ဆေးလိပ်တိုကိုကောက်ယူကာ မီးညှိရှိုက်ဖွာလိုက်သည်။ ဤသို့ ဆေးလိပ်ကို လက်ကြားညှပ်၍သောက်လိုက်သည်မှာ ကျနော်မည်မျှ အရသာတွေ့သည်ကို ခံစားလို့ရမည် ထင်ပါသည်။

ကျနော်သည် စားသောက်ပြီးသည်နှင့် ကျန်ရှိနေသေးသောဆေးလိပ်တိုလေးကို ကောက်၍ သောက်လိုက်သည်။ ထိုအခါ ကျနော်နှင့်စကားပြောခဲ့သူက ကျနော့်အား ဆေးလိပ်သုံးလိပ်ပေးရင်း သူဒီမှာပဲနေမည်၊ ကြိုးကိုလည်း ပြန်၍ချည်တော့မည်မဟုတ်ကြောင်း ပြောသည်။ ကျနော်သည် ဝမ်းသာစွာဖြင့် သူ့အား ကျေးဇူးတင်ကြောင်း ပြောရသည်။ ထိုတဲတွင် နှစ် ညအိပ်ခဲ့ရပြီး သုံးရက်မြောက် ညနေတွင် ကျနော်၏တပ်ရောက်လာကာ ကျနော့်ကို ပြန်ခေါ်ဆောင်သွားလေတော့သည်။


အပိုင်း သုံး

ကျနော်သည် အတွေးများကို ဖြတ်၍ ညစာချက်ပြုတ်ရန် ပြင်ဆင်ရလေသည်။ အောင်သန်းသည် တိုင်ကိုမီရင်းတစုံတခုကိုတွေးနေဟန် ရှိ၏။ စစ်သုံးထမင်းချိုင့်(ဟန်းကော)တလုံးတည်းနှင့်ချက်ပြုတ်ရသဖြင့် အချိန်အတော်ကြာသည်။ ဟင်းအိုးတည်ထားချိန်တွင် ကျနော်သည် ငှက်ပျောဖက်ဖြင့်ထုပ်ထားသော ထမင်းကိုယူကာ အောင်သန်းရှေ့၌ ဖြန့်ခင်းလိုက်ပြီး သူ့အား ချည်နှောင်ထားသည့် ကြိုးကို ဖြည်ပေးလိုက်သည်။ သူ တနေ့လုံးရေမသောက်သဖြင့် ..

”ညီလေး ရေသောက်လိုက်ဦး၊ ဆေးလိပ်သောက်ချင်လဲ သောက်ပေါ့။ ရော့ ..” ဟု ပြောလိုက်ရင်း ရေဗူးနှင့် မီးခြစ်ကိုပေး၍ မီးဖိုသို့ ထွက်ခဲ့သည်။ မီးဖိုမှ အောင်သန်းကို ကြည့်လိုက်ရာ သူသည် ဆေးလိပ်ကို လက်ကြားညှပ်ကာ သောက်နေသည်ကိုမြင်လိုက်ရသဖြင့် ကျနော်ကြည်နူးပီတိ ဖြစ်ရပေသည်။ ဟင်းကျက်သည် နှင့် နှစ်ဦးသား လက်ရည် တပြင်တည်း စားသောက်ကြသည်။ စားသောက်ပြီးသည့်အခါ မှောင်လာပြီဖြစ်၍ မီးခွက်ထွန်းလိုက်ပြီးနောက် နှစ်ဦးသား ဆေးလိပ်သောက်ကြရင်း သူမည်သို့ ကျနော်တို့ ကျောင်းသားရဲဘော်များထံရောက်ခဲ့ပုံကို မေးကြည့်သည်။

”အဲဒီ့ည ဗိုလ်ကြီးက ကျနော့်ကိုခေါ်လို့ သူနဲ့လိုက်ခဲ့တာ၊ လမ်းဟောင်းတခုပေါ်ကိုရောက်တော့ လမ်းအတိုင်းလျှောက်လာတယ်။ တနေရာရောက်တော့ ဗိုလ် ကြီးက ဒီမှာစောင့်နေဆိုပြီး ပြန်လှည့်သွားတယ်။ ကျနော်လည်း စောင့်ဆိုတော့ စောင့်နေတာပေါ့။ ဟိုဒီ ကြည့်တော့လည်း မှောင်နေတော့ ဘာမှမမြင်ရဘူး။ ခဏနေတော့ အမှောင်ထဲကနေ ညီလေး ဘာလုပ်နေလဲ လှမ်းမေးတယ်။ ကျနော်က ဗိုလ်ကြီး စောင့်ခိုင်းလို့ စောင့်နေတာပါလို့ ပြောတော့ သူတို့က သူတို့ဆီလာဖို့ ခေါ် တယ်။ ကျနော်လည်း ကျနော်တို့လူတွေ ထင်ပြီးသွားလိုက်တာ အကိုတို့ ကျောင်းသားရဲဘော်ဖြစ်နေတော့တာပဲ“

အောင်သန်းပြောခဲ့သည်များကြောင့် ကျနော် တော်လှန်နယ်မြေသို့ ရောက်စဉ်က ကျနော့်အရင်ရောက်နှင့်နေသော ရဲဘော်များ ပြောပြခဲ့သည့်အကြောင်းကို သတိရမိသည်။

မဲနယ်တောင်တန်းပေါ်ရှိ ကျောက်ကချားရွာတွင် ကျောင်းသားတပ်မတော် တပ်ရင်း ၆၀၁ မှ တပ်စုတစုရောက် လာသည်။ ရွာဝင်လမ်းများ၌ ကင်းများချထားရာ ရွာမြောက်ဘက်သို့ စစ်ကြောင်းတကြောင်းတက်လာသည်ကို သစ်ပင်ချုံပင်များကြားမှ မြင်လိုက်သည်။ ခေါင်းမှ ပခုံးစွန်းလောက်ကိုသာ မြင်ရသည်။ စစ်ဝတ်တန်ဆာများကြောင့် စစ်ကြောင်းဖြစ်သည်မှာ သေချာသည်။ သို့သော် ရန်သူတပ်လား၊ မဟာမိတ် ပအိုဝ်း(PNA) တပ်လားမပြောနိုင်ပေ။ ထိုအချိန်၌ စစ်ကြောင်း၏ထိပ်ဆုံးမှတက်လာသောရဲဘော်တဦးကို ကင်းတပ်ဖွဲ့မှ ခေါင်းမှခြေအထိမြင်လိုက်ရသော်လည်း သူ၏လက်မောင်းတံဆိပ်ကို သဲကွဲစွာမမြင်သေးပေ။ စစ်ကြောင်းသည် သတ်ကွင်းကို စတင်ဝင်ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ရန်သူ၊ မိတ်ဆွေကွဲပြားရန် လိုအပ်လာပြီဖြစ်၍ ကင်းတပ်ဖွဲ့မှ အော်၍ မေးလိုက်သည်။

”ရပ်... ဘယ်သူလဲ... ခွဲလေးလား”

မြန်မာသံပီပီသသကြီး ဟိန်းထွက်သွားသည်။ စစ်ကြောင်းသည်လည်း ရောက်သည့်နေရာ၌ ရပ်လိုက်ပြီး ချက်ချင်းပင် ပြန်၍ အော်ပြောသည်။

”ခွဲလေး မဟုတ်ဘူး။ ခွဲသုံး ခွဲသုံး... လူမှားမယ်”

သိလိုက်ပြီ၊ ရန်သူ သေချာသွားသည်၊ ထိုဒေသတွင် ခွဲသုံးမရှိ။

”တက်လာခဲ့” ဟု ခေါ်လိုက်ရာ ရပ်နေသောစစ်ကြောင်းသည် လှုပ်ရှားလာသည်။ သတ်ကွင်းအလယ်သို့ရောက်သည်နှင့် တိုက်ပွဲဖြစ်လေတော့သည်။ 

တိုက်ပွဲက အနီးကပ်တိုက်ပွဲဖြစ်သည်။ ရန်သူအင်အားများသည်။ ရန်သူ၏နောက်ပိုင်းသည် ရွာအလယ်ပိုင်းသို့ ပန်း၍တက်နေသဖြင့် ဦးပိုင်းကို ခြေမှုန်းနိုင်သလောက်ခြေမှုန်းပြီး တပ်ဆုပ်ခဲ့ရသည်။ တပ်ဆုပ်လာခဲ့ပြီး စုရပ်တွင်စုကာ လူစစ်လိုက်သည်။ အားလုံးစုံသည်၊ သို့သော် ခွေးတကောင် ပိုနေသည်။ ထိုခွေးသည် ရန်သူတပ်မှ သေချာလေ့ ကျင့်သင်ကြားပေးထားသော စစ်ခွေးဖြစ်သည်။ တိုက်ပွဲအတွင်း သူ့ဘက် ကိုယ့်ဘက်မခွဲခြားနိုင်ဘဲဖြစ်ကာ ကျနော်တို့ဆီသို့ ပါလာခြင်းဖြစ်မည်။ တိရစ္ဆာန်မဆိုထားနှင့် စစ်သားအရင့်အမာကြီးတောင် သူ့လူကိုယ့်လူ မခွဲခြားနိုင်ဘဲ ”ခွဲလေး မဟုတ်ဘူး။ ခွဲသုံး ခွဲသုံး လူမှားမယ်”ဟု ပြောခဲ့ရသည်မဟုတ်ပါလော။

အောင်သန်းလို အတွေ့အကြုံမရှိသေးသည့် စစ်သားသစ်လေးတယောက်က ကျနော်တို့ကို သူတို့လူထင်ခဲ့သည် မှာ မည်သို့မျှမထူးဆန်းပေ။ ဖြစ်တတ်ပါ၏။ အောင်သန်းသည် ရေနွေးခွက်ကိုယူ၍သောက်လိုက်ပြီး ဆေးလိပ်ကို မီးညှိရှိုက်ဖွာနေသည်။ ကျနော်သည် အောင်သန်းကိုကြည့်နေရင်းက စကားစလိုက်သည်။

”ညီလေးကို ဒီလို လွတ်လွတ်လပ်လပ် မြင်ရတာ အကိုစိတ်ချမ်းသာတယ်။ ပြီးတော့ ကောင်းကောင်း အိပ်စေချင်တယ်။ ကြိုးချည်ထားရင် အိပ်ရတာ အဆင် ပြေမှာမဟုတ်ဘူး။ အိပ်ရေးလဲ ၀၀မအိပ်နိုင်ဘူးလို့ အကိုထင်တယ်။ ဒါကြောင့် မင်းကို ကြိုးပြန် မချည်တော့ဘူး။ မင်း လွတ်လွတ်လပ်လပ် အိပ်ကွာ”ဟုဆိုလိုက်ရာ သူသည် မျက်လုံးဝိုင်းလေးဖြင့် ကျနော့် အား ကြည့်လိုက်သည်။

”ဒီပတ်ဝန်းကျင်မှာ အကိုတို့ တပ်တွေရှိနေတယ်။ ထွက်ပြေးရင် လွတ်မှာမဟုတ်ဘူး။ ဒါကိုလည်း မင်း သိမှာပါ”

”ဟုတ်ကဲ့ သိပါတယ်။ စိတ်ချပါ ကျနော်မပြေးပါဘူး” ဟု သူက အလောတကြီးဖြင့် ပြောသည်။

”အေးပါ အကိုယုံပါတယ်။ ဒါကြောင့်လည်း ကြိုးပြန်မချည်တာပေါ့။ ဒါပေမယ့် အကိုတခုတော့ ပြောချင်တယ်။ အကယ်၍များ မင်းပြေးချင်စိတ်ဖြစ်လို့ ပြေးဖို့ ဆုံဖြတ်ခဲ့ရင်တော့ အကို့သေနတ်ထဲမှာ ကျည်အသင့်ထိုးထားတယ်။ မပြေးခင် အကို့ကို အရင်ပစ်သတ်ပြီးမှ ပြေးပါ။ ဒါကိုတော့ လုံးဝမမေ့ပါနဲ့ကွာ”

ကျနော့်စကားကြောင့် သူ၏ မျက်နှာကလေးသည် ညှိုးငယ်သွားပြီး ဝမ်းနည်းသော အသံဖြင့် ပြောလေသည်။

”အကိုရယ် ကျနော် မပြေးဘူးပါဗျာ”

သို့ဖြင့် အောင်သန်းသည် ကျနော်နှင့်အတူ ရက်အနည်းငယ်မျှ ပျော်ရွှင်စွာနေထိုင်ခဲ့ပြီး မဲဆောက်သွားမည့် လူရှိသဖြင့် လိုက်ပါသွားရလေသည်။ သူသွားသည့်နေက ကျနော်သည် လှေဆိပ်သို့လိုက်ပို့ရင်း မဲဆောက်ရောက်လျှင်ရောက်ခြင်း အလုပ်ရနိုင်လိမ့်မည်မထင်ကြောင်း၊ ထို့ကြောင့် စိတ်ရှည်ဖို့လိုမည်၊ အလုပ်ရပါကလည်း အသုံးမကြီးရန်ကို သူ့ကို ညီ ရင်းတယောက်လို ပူပင်စွာပြောပြခဲ့သည်။ သူ၏မျက်ဝန်းအိမ်အတွင်း မျက်ရည်များဝဲလ်က် စက်လှေပေါ်သို့တက်ကာ ကျနော့်ကို နှုတ်ဆက်လက်ပြရင်း လိုက်ပါသွားလေသည်။ 

ကျနော်သည် သူလိုက်ပါသွားသော စက်လှေကို ငေး၍ကြည့်နေမိသည်။ စက်လှေသည်ကား တဖြေးဖြေး ဝေး၍ဝေး၍ ပျောက်ကွယ် သွားလေတော့၏။


အပိုင်း လေး

အောင်သန်း မဲဆောက်သို့ ထွက်သွားပြီး တပတ်လောက်အကြာ ကျနော်သည် ရှေ့တန်းသို့ ထွက်ခွင့်ရလေသည်။ ရှေ့ တန်းဟုဆိုသော်လည်း နောက်တန်းစခန်းနှင့် စစ်မြေပြင်ကြားမှနေ၍ စစ်မြေပြင်မှကျွံဝင်လာမည့်ရန်သူအား ကာကွယ် တိုက်ခိုက်ရန်သာ ဖြစ်သည်။ တနည်းအားဖြင့် ကာကင်းမျှသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှေ့တန်းသို့ ထွက်လာရသည်ကိုပင် ကျေနပ်မိသည်။ သို့သော် ကံမကောင်းခဲ့ပေ။ ရှေ့တန်းရောက်ရှိပြီး ဘာမျှမကြာလိုက်၊ ကျနော်၏ ပေါ့ဆ မှုကြောင့် လက်ထဲတွင် မိုင်းပေါက်ကွဲခဲ့သည်။ ဒဏ်ရာပြင်းထန်သဖြင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။ ပေါက်ကွဲမှုဒဏ်ကြောင့် လက်နှစ်ဖက်စလုံးကို ကောက်ဝတ်အထက်ပိုင်းမှ ဖြတ်လိုက်ရလေသည်။ မျက်လုံးတလုံးမှာ လုံးဝပျက်ဆီး သွားပြီး အခြားတလုံးမှာ အနည်းငယ်မျှသော အလင်း ရောင်ကို ဝေဝါးစွာမြင်နေရသေး၏။ မဲဆောက်ဆေးရုံကြီးပေါ်တွင် မည်မျှကြာခဲ့သည်မသိပေ။ ထို့နောက် မဲဆောက်မြို့ရှိ ဆရာမစင်သီယာမောင်ဆေးရုံသို့ ပြောင်းရွှေ့ပြီး ဆက်လက်ဆေးကုသမှုခံယူခဲ့ရသည်။

အောင်သန်းသည် အလုပ်မှမခေါ်သေးသဖြင့် ထိုဆေးရုံ၌ဝိုင်းဝန်းကူညီရင်း စောင့်ဆိုင်းနေရသည်ဖြစ်၍ ကျနော့်ထံရောက်လာသည်။ သူက ကျနော့်အား ပြုစုစောင့်ရှောက်ရမည့် အလှည့်ဖြစ်၍ စောင့်ရှောက်မည်ဟု ရိုးသားသောအသိဖြင့်ပြောရင်း အားပေးသည်။ ကျနော်သည် သူ့ကို ရဲဘော်များရှိနေသဖြင့် လိုအပ်မည်မဟုတ်ကြောင်း ပြောသော်လည်း မရ။ သူ အားသည်နှင့် ကျနော့်ထံလာရောက်၍ လိုအပ်သည်များကို ကူညီသည်။ သို့သော် မကြာမီတွင် အလုပ်ရသဖြင့် အ လုပ်ထဲသို့ ပြောင်းရွှေ့သွားရလေ၏။

တနေ့သ၌ အော်ဟစ်ပြောဆိုသံများကြားသဖြင့် အိပ်ရာမှာလှဲနေရင်း အသံလာရာဘက်သို့ နားစွင့်လိုက်သည်။

”ဟေး အောင်သန်းပြန်လာတယ်ကွ” 

”အေးဟ လက်ထဲမှာလည်း အထုပ်တွေနဲ့”

”ဆရာမကိုလာကန်တော့တာနေမှာပေါ့ ဟ” စသည့်အသံများ ကြားလိုက်ရပြီး ခဏအကြာတွင် အောင်သန်း ကျနော့်အနားသို့ရောက်လာသည်။ ကျနော်သည် သူ၏ကျန်းမာရေးနှင့် အလုပ်အခြေအနေကို မေးကြည့်သည်။

”နေကောင်းပါတယ်အကို၊ အလုပ်လည်း အဆင်ပြေပါတယ်။ ခု ကျနော် ပထမဆုံးလစာရတာနဲ့ အကို့ကိုလာ ကန်တော့တာ”

ဘဝမှာ ပထမဆုံးကြားလိုက်ရသည့် သူ၏စကားကြောင့် ကျနော့်ရင်ထဲ၌ စို့နင့်လာသည်။ ပီတိစိတ်ကြောင့် ကျနော်၏မျက်ဝန်းမှ မျက်ရည်စများဝဲကျလာသည်။ သို့သော် ထိုမျက်ရည်စများကို မျက်လုံးပေါ်၌ ဖုံးအုပ်ထားသောပတ်တီးစများကြောင့် သူ မမြင်နိုင်။ ထို့အပြင် ကျနော်တို့နှစ်ဦး၏ အပြန်အလှန်စီးဆင်းနေသော မေတ္တာစေတနာတို့ကိုလည်း မည်သူ မျှ မြင်တွေ့နိုင်မည်မဟုတ်ပေ။

”အောင်သန်း ညီလေး … အကို ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကျေးဇူးတင်တယ်၊ မင်း ကန်တော့တာကိုလည်း အသိအမှတ်ပြုတယ်။ ဒါပေမယ့် အကိုဟာ ကန်တော့ခံထိုက်သူ တယောက်မဟုတ်ဘူး။ ဒါကြောင့် အကို့ကို မကန်တော့ပါနဲ့”

ကျနော်သည် အသံကိုထိမ်း၍ ကျနော့်အား ကန်တော့မည်ကို ကန့်ကွက်လိုက်သည်။ အောင်သန်းထံမှ ဘာသံမျှမကြားရ။ သူ ကန်တော့သည် မကန်တော့ သည်ကိုလည်း ကျနော် မမြင်ရပေ။ ထိုနေ့က အောင်သန်းသည် တနေ့လုံး ကျနော်နှင့် အတူနေသည်။ ကျနော်အား ကန်တော့ရန် သူဝယ်လာသည့် အသီးအနှံများ ကျွေးသည်။ ညနေမှပင် သူ့အလုပ်ရှိရာသို့ ပြန်သွားခဲ့သည်။ အောင်သန်းပြန်သွားပြီး မကြာသောရက်များအတွင်း ကျနော်သည် မျက်စိကုသရန် ဘန် ကောက်သို့ ထွက်လာခဲ့ရလေ၏။

(ဤနေရာ၌ ကျနော်၏ နာကျည်းဖွယ်ရာအကြောင်းများအား ပုဂ္ဂိုလ်တဦး၏ ဂုဏ်သိက္ခာကို ငဲ့ကွက်၍ ချန်လှပ် ထားခဲ့ရ ပေသည်။)

ဘန်ကောက်သို့ မျက်စိကုသရန်သာ ပြောရသည်၊ လမ်းစားရိတ်ပင် မရှိ။ ထို့ကြောင့် ဒုရင်းမှူးဖြစ်သူ ရဲဘော်သန်းကျော်ဌေးက သူ၏မိတ်ဆွေ တဦးထံမှ ငွေ ချေး၍ လမ်းစားရိတ်လုပ်ရသည်။ ဘန်ကောက်တွင်လည်း အခက်အခဲပေါင်းစုံဖြင့် ရင် ဆိုင်ခဲ့ရသည်။ သို့သော် ကျနော်၏တလုံးတည်း ကျန်ရှိနေသော မျက် လုံးကို မျက်ကြည်လွှာအစားထိုး ကုသလိုက်ရသ ဖြင့် အလင်းရခဲ့သည့်အပြင် အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ခွင့်လည်းရခဲ့သည်။ ထို့ကြောင့် အမေရိကားသို့ ရောက်လာခဲ့သည်။

မဲဆောက်က ထွက်လာကတည်းက အောင်သန်းနှင့် ပြန်မဆုံဖြစ်တော့သည်မှာ ယနေ့ထိဆိုလျှင် (၂၅) နှစ်ပြည့်ခဲ့လေပြီ၊ သို့သော် သူ မဲဆောက်တွင် ရှိနေ သည်ကြား၍ ၂၀၀၆ ခုနှစ်က ကျနော်ကိုယ်တိုင် မဲဆောက်မြို့ရှိ ဆရာမစင်သီယာမောင် ဆေးရုံသို့ သွားရောက်ခဲ့သည်၊ မတွေ့ခဲ့ရပေ။ သူသည် ရခိုင်လူမျိုးများနှင့် တွေ့ဆုံသွားသည်ဟုသာ ကြားသိခဲ့ရသည်။ အကယ်၍ စာဖတ်သူများထဲ၌ အောင်သန်း သို့မဟုတ် အောင်သန်းကို သိရှိသူများပါရှိပါက ကျနော်၏ Facebok အကောင့် ဖြစ်သော Yoe Khittaya အကောင့်သို့ ဆက်သွယ်ကြောင်းကြားပေးစေချင်ပါသည်။

”အောင်သန်း အကို့ ရင်ထဲမှာ မင်း ရှိနေသလို၊ မင်း ရင်ထဲမှာလည်း အကို ရှိနေမယ်ဆိုတာ အကို ယုံတယ်။ တစ်နေ့ အကိုတို့ ပြန်ဆုံနိုင်မှာပါကွာ”

ငြိမ်းစု

10:31 PM Monday, July 27, 2020