Breaking News

အောင်မြို့ - သက်ဆွေမြန်မာဘာသာပြန်ဆိုသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ (၂၀၁၀ - ၂၀၁၆)

 

သက်ဆွေမြန်မာဘာသာပြန်ဆိုသည့် မြန်မာ့နိုင်ငံရေး

ပြုပြင်ပြောင်းလဲမှုများနှင့် 

လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ (၂၀၁၀ - ၂၀၁၆)

အောင်မြို့

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၀

"ခေတ္တဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် သဘောထားခြင်းတူခဲ့ပြီး "ကျားသေကို အသက်သွင်းခြင်းကို မစိုးရိမ်ကြရန်နှင့် ကျားများကို ဆပ်ကပ်ထဲတွင် ကြာပွတ်တချောင်းနှင့် ထိန်းနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို သူထိန်းနိုင်ပါကြောင်း" ပြောဆိုခဲ့သည်ဟု ဆိုပါသည်"

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ (၂၀၁၀ - ၂၀၁၆) မှ

Myanmar's Political Transition and

Lost Opportunities (2010-2016) by

Ye Htut

သက်ဆွေမြန်မာ ဘာသာပြန်ဆိုသည်။

ပထမအကြိမ်၊ ၂၀၂၀၊သြဂုတ်လ

စာ ၃၁၆ ၊ ၁၆ စင်တီ x ၂၀.၈ စင်တီ

Myanmar Heritage Publications


ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ရဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က အဖြစ်အပျက်တွေ အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာအုပ်ကို

ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေက မြန်မာဘာသာကို ပြန်ဆိုထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ မူရင်းစာရေးသူ ဦးရဲထွဋ်ရဲ့အမှာ၊ မြန်မာ့အရေးလေ့လာသူနဲ့ ဦးရဲထွဋ်ရဲ့ဆရာတစ်ဦးဖြစ်သူ ရောဘတ်အိတ်ချ်တေလာရဲ့အမှာ၊ ဦးရဲထွဋ်ရဲ့ ကျေးဇူးတင်လွှာတွေနဲ့ အမျိုးသားညီလာခံကနေစလို့ မီဒီယာပြုပြင်ပြောင်းလဲရေးအထိ အခန်းကိုးခန်း ပါဝင်ပြီး နိဂုံးပိုင်းကတော့ စာရေးသူရဲ့သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းနှစ်ပုဒ်ကိုလဲ နောက်ဆက်တွဲအနေနဲ့ ဖော်ပြထားပါသေးတယ်။

ဒီစာအုပ်ကို ရေးသားပြုစုရာမှာ ဦးရဲထွဋ်အနေနဲ့ စစ်အစိုးရနဲ့ဦးသိန်းစိန်အစိုးရလက်ထက် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူ ၆၆ ဦးနဲ့တွေ့ဆုံမေးမြန်းချက်တွေ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေရဲ့ဖော်ပြမှုတွေအပြင် လုံခြုံမှုအဆင့်အတန်းသတ်မှတ်ချက်မရှိတဲ့ ဌာနဆိုင်ရာမှတ်တမ်းများကိုပါ ကိုးကားရေးသားထားတယ်လို့ ဆိုပါတယ်။

အခန်း ၁ 

အမျိုးသားညီလာခံ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ၁၉၈၈ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၀၈ အခြေခံဥပဒေအတည်ပြုတဲ့အထိ အဖြစ်အပျက် အကြောင်းအရာတွေကို မှတ်တမ်းတင်ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့မတူကွဲပြားတဲ့သဘောထားတွေ၊ အမျိုးသားညီလာခံ ကျင်းပစဉ်အတွင်း ရွေးကောက်ခံအများစုပါတဲ့ NLD ပါတီနဲ့ စစ်အစိုးရကြား ပြဿနာတွေ စစ်အစိုးရရဲ့နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်နဲ့ တပ်မတော်ခေါင်းဆောင်တွေ လိုချင်တဲ့အတိုင်း အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တာတွေကို ဖော်ပြထားပါတယ်။

အခန်း ၂ 

ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အခြေခံဥပဒေရဲ့အားနည်းချက်တွေ၊ အဲ့ဒီဥပဒေကြောင့်ပဲ သမ္မတဦးသိန်းစိန်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီကိုမထိန်းချုပ်နိုင်ခဲ့ပုံ သမ္မတရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို ကန့်သတ်ပိတ်ပင်ခံထားရပုံ စတာတွေကို တင်ပြထားပါတယ်။

အခန်း ၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာတော့ ပြည်ခိုင်ဖြိုးအသင်းဖြစ်ပေါ်လာပုံ၊ ပါတီအဖြစ် အသွင်ကူးပြောင်းပုံ၊ အဲ့ဒီကာလတွေအတွင်း ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ အားနည်းချက်တွေကို ပါတီနဲ့ဦးသိန်းစိန်အကြား ကြုံလာရတဲ့ အခက်အခဲတွေအကြောင်း ဝေဖန်တင်ပြထားပါတယ်။

အခန်း ၄

မြန်မာနွေဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရကြား ဆက်ဆံရေးအခြေအနေတွေ၊ ပထမပိုင်းမှာ ဦးသိန်းစိန်နဲ့ ဆက်ဆံရေးအဆင်ပြေနေရာက နောက်ပိုင်း တင်းမာလာရပုံတွေဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းဆင်ထားတဲ့ ထောင်ချောက်အတွင်းရောက်သွားခဲ့တယ်လို့ ဝေဖန်ထားပါတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်မျှော်လင့်ထားသလို လွှတ်တော်ထဲက တိုင်းပြည်အကျိုးအတွက် အပြုသဘောတာဝန်ယူထောက်ပြဝေဖန်မယ့် စစ်မှန်တဲ့အတိုက်အခံခေါင်းဆောင်မဖြစ်လာခဲ့ဘူးလို့ ဆိုထားပြန်ပါတယ်။

အခန်း ၅

ပြည်ထောင်စုအစိုးရမှာ အစိုးရအဖွဲ့ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးစနစ်ဟောင်းနဲ့ စနစ်သစ်ကြား ပြုပြင်ပြောင်းလဲဖို့ခက်ခဲပုံ၊ သမ္မတရဲ့အကြံပေးအဖွဲ့တွေအကြောင်း၊ သမ္မတရုံးဝန်ကြီးတွေနဲ့ အခြားဝန်ကြီးတွေကြား အခြေအနေ၊ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနုတ်ထွက်သွားပုံ၊ သမ္မတရဲ့ရုံးအဖွဲ့တွေကြား အဆင်မပြေမှုတွေအပါအဝင် အစိုးရအဖွဲ့ထဲက အကြောင်းတွေကို တင်ပြထားပါတယ်။

အခန်း ၆ 

အစိုးရနှင့်လွှတ်တော်မှာတော့ အခြေခံဥပဒေကြောင့် လွှတ်တော်က အစိုးရကို ဖိအားပေးနိုင်တဲ့အနေအထားမှာ ရှိနေပုံ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ သမ္မတကြားက ဆက်ဆံရေး၊ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်ရဲ့ ပါတီနဲ့လွှတ်တော်ထဲက အာဏာယှဉ်ပြိုင်ပွဲတွေနဲ့ လွှတ်တော်နဲ့အစိုးရကြားက အဆင်မပြေမှုတွေကို ဖွင့်ချထားပါတယ်။

အခန်း ၇ 

ဒီစာအုပ်မှာ အသားအပေးဆုံးအကြောင်းအရာဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ သူ့ရဲ့နိုင်ငံရေးကစားကွက်တွေကို အခန်း ၇ မှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။

ဘက်ဂျက်အတည်ပြုရေးကစပြီး ပီအာလို့ သိကြတဲ့ အချိုးကျကိုယ်စားပြုမှုစနစ်အလယ် အခြေခံဥပဒေခုံရုံး ကိစ္စတွေအဆုံး သူရဦးရွှေမန်းရဲ့ နိုင်ငံရေးကစားကွက်တွေဖော်ပြထားသလို တဖက်မှာလည်း လွှတ်တော်ဥပဒေတွေကိုပြင်ဆင်ပြီး လွှတ်တော်ဥက္ကဋ္ဌရာထူးကို အင်အားကြီးအောင်လုပ်နိုင်ခဲ့တဲ့အကြောင်းကို အတော်လေးပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

အခန်း ၈ 

အလှည့်အပြောင်းဆိုတဲ့ခေါင်းစဉ်ကတော့ သမ္မတဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးဆုံးဖြတ်ချက်၊ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကြုံတွေခဲ့ရတဲ့ ပြဿနာတွေနဲ့၂၀၀၂ ရခိုင်ပဋိပက္ခတွေအကြောင်း ဖြစ်ပါတယ်။

အခန်း ၉ 

မီဒီယာပြုပြင်ပြောင်းလဲရေးကတော့ မူရင်းစာရေးသူဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးမဖြစ်ခင်နဲ့ ဝန်ကြီးဖြစ်ပြီး ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေ ဆောင်ရွက်ချက်တွေပါ။ အဲ့ဒီတုန်းက နိုင်ငံပိုင်မီဒီယာတွေမရှိသင့်တော့ဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့သူတစ်ဦးက လက်ရှိကာလမှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာပြီး နိုင်ငံပိုင်မီဒီယာတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ရေးထားပါတယ်။

နိဂုံးပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပတ်သက်ပြီး တပ်မတော်ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ခဲ့ပေးမယ့် သူရဦးရွှေမန်းနဲ့ ပတ်သက်ပြီး အကဲဖြတ်လွဲခဲ့သလို ပြည်ခိုင်ဖြိုးပါတီကို ခိုင်မာအောင်မတည်ဆောက်ပေးနိုင်ခဲ့ဘူးလို့ သုံးသပ်ထားပါတယ်။ သမ္မတဦးသိန်းစိန်ကိုတော့ စိတ်သဘောထားကောင်းပြီး ပျော့ပြောင်းလွန်းတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အားနည်းချက် ဖြစ်ခဲ့တယ်လို့ ရေးပါတယ်။ 

အစိုးရအဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုပေးတဲ့အောင်မှတ်မရခဲ့ဘူးလို့ ဆိုထားသလို ပြည်ခိုင်ဖြိုးပါတီကိုတော့ သူရဦးရွှေမန်းရဲ့နိုင်ငံရေးကစားကွက်မှာ ဓားစာခံဖြစ်သွားခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။

ဒီစာအုပ်မှာ လေ့လာစရာတွေ အများကြီးပါပေမဲ့  သမ္မတနဲ့ စာရင်းစစ်ချုပ်ဦးလွန်းမောင်ကြားက ကိစ္စ၊ သာသနာရေးဝန်ကြီးဟောင် းဦးဆန်းဆင့် အရေးယူခံရပုံ.. စတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က အခြေအနေတချို့ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ မီးလောင်ဗုံးတွေနဲ့ နှိမ်နင်းခဲ့တယ်လို့ အများကပြောကြတဲ့လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်ပြီးလဲ ဘာမှမဖော်ပြထားပါဘူး။

နောက်တခုက ဦးရဲထွဋ် ဖြစ်နိုင်တယ်လို့စွပ်စွဲခဲ့ဖူးတဲ့ လွှတ်တော်မှာအဆိုတင်သွင်းရတဲ့အထိ ပွဲဆူခဲ့တဲ့ "ဒေါက်တာဆိတ်ဖွား" အကြောင်း မဖော်ပြထားတာလဲ စိတ်ဝင်စားစရာပါ။

တချိန်က သူရဦးရွှေမန်းရဲ့လူဖြစ်ခဲ့ဖူးသူ ဦးရဲထွဋ်ရဲ့ဒီစာအုပ်ပါaရးသားချက်တွေကို သူရဦးရွှေမန်းဘက်က ရှင်းလင်းတာမျိုး မတွေ့ရသေးပေမယ့် သားဖြစ်သူ ဦးတိုးနိုင်မန်းကတော့ ဦးရဲထွဋ်နဲ့ သူ့ကြားကအကြောင်းတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးတင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပြန်ဖြုတ်ချသွားတာ တွေ့လိုက်ရပါတယ်။ 

မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတွေလေ့လာသင့်တဲ့စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကို ခေါင်းစဉ်လှလှပေးထားပေမယ့် အဓိကအကြောင်းအရာတွေကို ဖတ်ကြည့်လိုက်ရင် သိလာမှာကမြန်မာနိုင်ငံရေးရဲ့နောက်ထပ် အကွဲအပြဲဇာတ်လမ်းတစ်ပုဒ်ဆိုတာကိုပါပဲ။ သက်ဆွေ ဘာသာပြန်ပြီး Myanmar Heritage က ထုတ်ဝေတဲ့ဒီစာအုပ်ကိုတန်ဖိုး ၆၀၀၀ ကျပ်နဲ့ စာအုပ်ဆိုင်တွေမှာ ဝယ်ယူဖတ်ရှုလေ့လာနိုင်ပြီ ဖြစ်ပါကြောင်း။

အောင်မြို့

#BookReview