Breaking News

နေသွင်ညိဏ်း - ကပ်ဘေးကာလ အစိုးရတွေ ဘာ မှားခဲ့ကြလဲ

 ကပ်ဘေးကာလ အစိုးရတွေ ဘာ မှားခဲ့ကြလဲ

နေသွင်ညိဏ်း

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀


ကပ်ဘေးကာလ အစိုးရတွေ ဘာ မှားခဲ့ကြလဲ

လာမယ့်ရက်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးမှာ ကိုဗစ် ၁၉ ကြောင့်သေဆုံးသူ တစ်သန်းကျော်လာပါတော့မယ်။ စာရင်းမဝင်တဲ့ လူသေစာရင်းကလည်းနောက်ထပ် တစ်သန်းလောက် ရှိကောင်း ရှိနိုင်ပါတယ်။ ကပ်ရောဂါရဲ့ အစပိုင်းကာလ (လွန်ခဲ့တဲ့ ၉ လ) မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နေ့စဉ်အစီရင်ခံနေတဲ့ စာရင်းကို ကြည့်ရင် လူနာစာရင်းဟာ ဖြည်းဖြည်းမှန်မှန် တိုးနေခဲ့တယ်။ ဒါပေမယ့် စက်တင်ဘာရဲ့ ဒုတိယအပတ်မှာ လူနာစာရင်းဟာ စံချိန်တင်ပြီး  ၂ သန်းကျော် ဖြစ်လာတယ်။ ဗိုင်းရပ်စ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တောမီးလို ပျံ့နှံ့နေပါတယ်။ အိန္ဒိယမှာတရက် လူ ၉ သောင်းနှုန်းလောက်ကူးစက်နေတယ်။ အမေရိကားမှာ သေဆုံးသူဟာ နှစ်သိန်းကျော်ရှိလာတယ်။ ပြည်နယ် ၂၆ ခုမှာ နေ့စဉ် ကူးစက်မှုနှုန်းဟာ အတက်ပြနေဆဲဖြစ်ပါတယ်။ ဒီကိန် းဂဏန်းတွေကြည့်ရင် စိတ်မချမ်းမြေ့စရာကောင်းပါတယ်။ ရောဂါကနေ ပြန်ကောင်းသွားသူတွေထဲက ၁ ရာခိုင်နှုန်းဟာ အမောဖောက်တာနဲ့ အဆုတ်မှာ ဒဏ်ဖြစ်သွားတာမျိုး နာတာရှည်ခံစားရဖို့ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရောဂါဘေးဟာ ဆင်းရဲမွဲတေမှု၊ အငတ်ဘေးတွေကိုပါ ဖြစ်စေပါတယ်။ 

စိတ်ပျက်စရာတွေကြားထဲ သိထားဖို့လိုတဲ့အချက် ၃ ချက်ရှိတယ်လို့ အီကိုနော့်မစ် မဂ္ဂဇင်းမှာ ရေးထားပါတယ်။ ကိုဗစ်နဲ့ ဆိုင်တဲ့ ကိန်းဂဏန်းတွေမှာ အဆိုးရော၊ အကောင်းပါ ရောနေပါတယ်။ အခုနောက်ပိုင်း ဆေးဝါးနဲ့ကုသမှုအပိုင်းမှာ တိုးတက်လာပါတယ်။ ကာကွယ်ဆေး အသစ်တွေ ပေါ်လာရင် အခြေအနေ ပိုကောင်းလာပါလိမ့်မယ်။ ကိုဗစ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း သိလာကြပါတယ်။ တချိန်တည်းမှာ အစိုးရတွေ အတော်များများဟာ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။

အရင်ဆုံး ကိန်းဂဏန်းတွေကို ကြည့်ရအောင်။ ဥရောပမှာ စမ်းသပ်နိုင်တဲ့အရေအတွက်ဟာ အရှိတရားနဲ့ နီးစပ်လာတယ်။ အဆိုးဆုံးလို့ ပြောရမယ့် မေလက တစ်ရက်တည်း ကူးစက်သူ ၅ သန်းလောက် ရှိခဲ့တာကြောင့် အခုအချိန်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ကျဆင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ များများ စစ်လာနိုင်တဲ့အတွက် လူသေဆုံးတဲ့ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အိန္ဒိယလို လူငယ်ဦးရေများတဲ့ (ပျမ်းပျ အသက် ၂၈ ) နိုင်ငံမှာ လူသေနှုန်း ထင်သလောက် မဆိုးတာလည်း တွေ့ရပါတယ်။

အခုလို လူသေနှုန်းကျဆင်းသွားတာ ကုသမှုအပိုင်းမှာတိုးတက်လာတာနဲ့လည်း ဆိုင်ပါတယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ အဆုတ်ထက် နှလုံးနဲ့ ကျောက်ကပ်ကို ဒုက္ခပိုပေးနိုင်တယ်ဆိုတာကို ဆရာဝန်တွေ နားလည်လာပါတယ်။ ဗြိတိန်မှာ ကိုဗစ် စဖြစ်တော့လူနာတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် အိုင်စီယူထဲမှာ အသက်ရူ့စက် တပ်ပေးရပါတယ်။ ဇွန်လကျတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လိုအပ်ပါတော့တယ်။  ဆေးဝါးအပိုင်းမှာလည်း ဆေးမကြီးတဲ့ စတီးရွိုက် ဆေးတွေနဲ့ အသဲအသန် လူနာ သေနှုန်းကို ၂၀-၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်လာပါတယ်။ ဥရောပမှာလူသေနှုန်းဟာ အရင်နဲ့ စာရင် ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ရောဂါ ကူးစက်မှုဟာ ထိခိုက်လွယ်တဲ့ အုပ်စုတွေ (ဥပမာ သက်ကြီးရွယ်အို) တွေထဲ မပြန့်သွားဖို့တော့ လိုပါတယ်။ 

နောက်ထပ် သတင်းကောင်းတွေလည်း စောင့်နေပါတယ်။ မိုနိုကလိုနယ် ပဋိဇီ၀ဆေးတွေကို သုံးပြီး ဗိုင်းရပ်စ်ကို အစွမ်းမဲ့အောင် လုပ်နိုင်တဲ့ကုထုံးသစ်ဟာ ဒီနှစ်ကုန်လောက်ကျရင် ပေါ်လာဖို့ ရှိနေပါတယ်။ ကာကွယ်ဆေးကတော့ အနှေးနဲ့အမြန်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ကပ်ဘေးကတော့ ၂၀၂၁ အထိ နေ့စဉ်ဘ၀တွေထဲ အတူရှိနေပါလိမ့်မယ်။ ကာကွယ်ဆေးပေါ်လာလည်း ရာနှုန်းပြည့် အာမခံနိုင်မယ်လို့ မဆိုနိုင်ပါဘူး။ 

ကာကွယ်ဆေးရဲ့ အာနိသင်က အချိန်အကန့်အသတ် ရှိနိုင်သလို၊ ကိုယ်ခံအားစနစ် ချွတ်ယွင်းသွားပြီဖြစ်တဲ့ သက်ကြီးပိုင်းအတွက် သိပ်မထိရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးကို ဘီလီယံချီ ထုတ်လုပ်ဖို့နဲ့ ဖြန့်ဝေဖို့ကိစ္စတွေဟာလည်း အချိန်ယူရပါလိမ့်မယ်။  ကာကွယ်ဆေးကို သူ့ထက် အရင်ဦးအောင် အပြိုင် ကြိုးစားကြတာမျိုးလည်း နိုင်ငံတွေကြားမှာ ရှိလာပါလိမ့်မယ်။ ဒီကြားထဲ ကာကွယ်ဆေးကို ငြင်းမယ့် လူတန်းစားတွေကလည်း ရှိနေအုံးမှာမို့လို ကပ်ဘေးဟာ ဇာတ်လမ်းရှည်နေပါဦးမယ်။

ဒါကြောင့် ကြားကာလမှာ လက်တွေ့ကျကျ လုပ်နိုင်တာက ကြိုတင်ကာကွယ်ရေးပါပဲ။ လက်ရှိ လုပ်နေတဲ့ ရောဂါရှိလူနာတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ လူနာရဲ့ ကွင်းဆက်တွေကို ခြေရာခံခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ အစိုးရက ပြည်သူကို ရှင်းလင်းတဲ့ သတင်းစကား ပေးခြင်း စတာတွေ အရေးကြီးပါတယ်။ အသက်နဲ့ လွတ်လပ်ခွင့်တွေနဲ့ အလဲအထပ် လုပ်ရတဲ့ ကိစ္စကိုလည်း ပညာပါပါချိန်ဆဖို့ လိုပါတယ်။ 

ဆွီဒင်ပုံစံမှာ စီးပွားရေးနဲ့ လွတ်လပ်ခွင့်ကို ဦးစားပေးမယ်ဆိုပြီး ဗိုင်းရပ်စ်ကို မသိသလို ထားခဲ့တဲ့အတွက် ဆွီဒင်ရဲ့ လူသေနှုန်းက လူတစ်သိန်းမှာ ၅၈ ယောက် ရှိပြီး ဂျီဒီပီလည်း ဒုတိယသုံးလမှာ ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။  ဒိန်မတ်၊ ဖင်လန်၊ နော်ဝေ တို့ထက် သေနှုန်းရော၊ စီးပွားရေးကျဆင်းမှု နှစ်မျိုးစလုံးမှာ အခြေအနေ ဆိုးသွားပါတယ်။ နယူးဇီလန်ကျတော့ လူ့အသက်က ပိုအရေးကြီးတယ်ဆိုပြီး လော့ဒေါင်း နည်းကို သုံးပါတယ်။ လူတစ်သိန်းမှာ သေနှုန်း ၀.၅ ရာခိုင်နှုန်း၊ ဒုတိယ သုံးလမှာ စီးပွားရေး ၁၂ဒသမ၂ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ထိုင်ဝမ်က နယူးဇီလန်လောက် မတင်းကြပ်ပေမယ့် လူသေနှုန်းက တစ်သိန်းမှာ ၀.၀၃ ရာခိုင်နှုန်း၊ စီးပွားရေးကျဆင်းမှု ၁.၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အစ္စရေးမှာ နောက်ဆုံးလုပ်သွားတဲ့ အလုံးစုံပိတ်ချတဲ့ နည်းလမ်းကလည်း မအောင်မြင်ပါဘူး။ အရင်းအနှီးကြီးသလောက် ရေရှည်တောင့်ခံဖို့ မဖြစ်နိုင်ပါဘူး။ ဂျာမနီ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့က ရောဂါရှာဖွေတာနဲ့ လူနာရဲ့ ကွင်းဆက်တွေကို ခြေရာခံ၊ ခြေချုပ်ချတဲ့ နည်းလမ်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ယမကာ ဘားတွေနဲ့ ဘုရားကျောင်းတွေကနေ ရောဂါ မပြန့်ပွားအောင် ထိန်းခဲ့ရပါတယ်။ ပြင်သစ်မှာလိုမျိုး ရောဂါ ရှာဖွေတာတွေ နှေးကွေးနေရင် အခြေအနေ ကောင်းမှာ မဟုတ်ပါဘူး။  လူနာရဲ့ ကွင်းဆက်တွေကို ခြေရာခံပေမယ့် အစ္စရေးမှာလိုမျိုး  စိတ်မချရဘူးဆိုရင်လည်း ထိရောက်မှာ မဟုတ်ပါဘူး။ အစ္စရေး ပြဿနာက ကျန်းမာရေးနဲ့ဆိုင်တဲ့ အလုပ်တွေကို ထောက်လှမ်းရေးအဖွဲ့တွေကို လုပ်ခိုင်းတဲ့အတွက် လူတွေက စမ်းသပ်မခံဘဲ ရှောင်တိမ်းသွားကြပါတယ်။ ရောဂါ ထိန်းချုပ်ရေးက တဖက်၊ စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုတွေက တဖက် အစိုးရရဲ့ အချိန်အဆဟာ အရေးကြီးးပါတယ်။

ပါးစပ်နဲ့ နှားခေါင်းစည်းက အကုန်အကျလည်း သက်သာ၊ ထိလည်း ထိရောက်ပါတယ်။ ဒိန်းမတ်နဲ့ ဂျာမနီတို့မှာလိုမျိုး အခြေအနေ ကောင်းလာလို့ ကျောင်းတွေကို ဦးစားပေး ဖွင့်တာကတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် လူစုလူဝေးနဲ့ အရက်ဘားတွေကတော့ မဖွင့်သင့်ပါဘူး။ ဗြိတိန်မှာလိုမျိုး အမိန့်နဲ့ ညွှန်ကြားချက်တွေကို တစ်နေ့ တစ်မျိုး မရိုးအောင် ထုတ်ပြီး အမိန့်ထုတ်တဲ့ လူတွေကိုယ်တိုင်က  အတိအကျ မလိုက်နာတာ၊ အရေးလည်း မယူတာမျိုးကလည်း အဆင်မပြေပြန်ပါဘူး။ 

ကပ်ဘေးကြီး ရုတ်တရက်ဖြစ်လာတဲ့အခါမှာ အစိုးရတွေက အံ့အားသင့်ပြီး အရေးပေါ် ဘရိတ်ကို ဆွဲခဲ့ကြတယ်။ ဒါပေမယ့် အခုကတော့ လပေါင်း အတန်ကြာပြီမို့ ဆင်ခြေပေးရမယ့် အချိန်မဟုတ်တော့ပါဘူး။ ပုံမှန် အခြေအနေ ဖြစ်ချင်နေတဲ့ စပိန်အစိုးရက စည်းကမ်းတွေကို ဇက်ကြိုးဖြေတာ လုပ်နေပါတယ်။ ဗြိတိန်မှာလည်း ဇူလိုင်လကစလို့ လူနာစာရင်း တိုးနေတာကြောင့် စမ်းသပ်မှုတွေဟာ မထိရောက်ဘူးလို့ ဆိုရပါမယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ထိန်းချုပ်ရေးနှင့်ကာကွယ်ရေး ဗဟိုဌာနဟာ အချိန်က ကမ္ဘာမှာ သိက္ခာရှိခဲ့သလောက် အခုအချိန်မှာတော့ အမှားပေါင်း သောင်းခြောက်ထောင်၊ ခေါင်းဆောင်မှုပြဿနာ၊ သမ္မတအပေါ် အရိုအသေတန်ခြင်း သဖြင့် ပြဿနာတွေ ရှိနေပါတယ်။ အစ္စရေးမှာလည်း အကြပ်အတည်းကာလကြီးထဲ ခေါင်းဆောင်တွေ မညီမညွတ်နဲ့ မာထောင် ရန်စောင် နေကြပါတယ်။ ကပ်ဘေးကြီးက မပြီးသေးပါဘူး။ တဖြည်းဖြည်းတော့ လျော့ပါးသွားမှာပါ။ ဒါပေမယ့် အစိုးရတွေကလည်း ဒီအချိန်မျိုးမှာ တလွဲဆံပင် မကောင်းဖို့ လိုပါတယ်။ 

နေသွင်ညိဏ်း

ရည်ညွှန်း- Why governments get covid-19 wrong -The Economist

+https://www.facebook.com/nethwin.nyein မှ ယူပါတယ်