Breaking News

ဒေါင်းလန်း - ရခိုင်ရိုးမဆီက သေနတ်သံ

ရခိုင်ရိုးမဆီက သေနတ်သံ

ဒေါင်းလန်း

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၀


ညဉ့်နက်နေပေမယ့်

ရေးရေးမှ အိပ်မပျော်

အော် ရွာဆီကို မျှော်တ

ခွေးဟောင်သံတွေကို လွမ်းနေရ။


ဟိုဘက်အခြမ်းက  လူတွေလည်း

အိပ်ပျော်ကြပုံမရ

နိုးနေကြပုံပေါ်ပေမယ့်

မလှုပ်မယှက် ခြောက်အိပ်မက်ကြောင့်

သက်ပြင်းချသံတွေ အဆက်မပြတ်

အထပ်ထပ် ကြားနေရပေရဲ့

စစ်ရှောင် ဒုက္ခသည်စခန်းထဲမှာလေ။ 


ရခိုင်ရိုးဆီက သေနတ်သံ ဗုံးသံတွေ

ရဟတ်ယာဉ် အသံတွေ ဆူဆူညံညံ

ကျယ်လာလိုက် တိုးသွားလိုက် 

နေ့မနား ညမနား ကြားနေရ

ရက်ပေါင်း ရာချီကြာလှပေါ့။


ချောက်ချားစရာ

မိုင်းထိလူနာ ညည်းညူသံတွေလည်း ကြားနေရ

ဆရာဝန် မရှိ  ဆေးဝါး  မရှိ

သူနာပြုလည်းမရှိ 

အတော် ဒုက္ခကြီးပေရဲ့။


သမီးငယ်က "အမေရယ် အိမ်ကို ဘယ်တော့ပြန်ရမှာလဲ" ...တဲ့

အမေက "သမီးရယ် ပြန်ရကာ နီးပါပြီ" ...တဲ့

သမီး စိတ်ချမ်းသာအောင် ဖြေသာ ဖြေရ

အမေကိုယ်တိုင်လည်း မသေချာလှ။


အိမ်မှာ ကျန်ရစ်တဲ့ နွားကလေးတွေ ဆိတ်ကလေးတွေ

ဟင်းစားဘဝ ပြောင်းခဲ့ကြပြီထင်ပါရဲ့

ရွာမီးလောင် ပြာကျသွားပြီလည်း ပြောနေကြ

ပြန်စရာအိမ်ရော ရှိမှ ရှိပါသေးရဲ့လား

သမီးရဲ အဖေကလည်း ပျောက်ခြင်းမလှ

ရင်ထဲမှာ ဒဏ်ရာတွေ ဗရပွ။


မနက်လင်းလာမှာလည်း ကြောက်နေမိ

စားစရာ ဟုတ်ဟုတ်ငြားငြား မရှိတာကြောင့်

ကလေးတွေ ဆာလောင်ကြရင် 

ဘယ်လိုကြံရ ဖန်ရပါ့မလဲ

ရင်ထဲမှာပူလောင်

အတွေးတွေ ခေါင်နေမိ။


အဝေးဆီမှာတော့ သေနတ်သံတွေ ဆူညံ

ဗျောက်အိုးသံတွေဆိုလည်း ကောင်းပေရဲ့

တရစပ် သေနတ်ပစ်နေကြတဲ့ စစ်သားတွေ

အပျော်လွန်နေကြပြီထင်သပ

မမောနိုင် မပမ်းနိုင် 

အပြိုင်အဆိုင်ပစ်နေကြ

အော် သူတို့မို့ပစ်နိုင်ကြပလေ

ရွာတွေကတော့ ကြေမွ

ရွာသူရွာသားတွေက အသေမလှ အနေမလှ။


စစ်ဗိုလ် စစ်မင်းများကတော့ 

သေနတ်သံ ဗုံးသံတွေ ကြားနေရမှ

ပျော်ကြ ရွှင်ကြ  မျက်နှာပန်းလှ

ထမင်းစားလို့ မြိန်ကြတယ်ထင်ပါရဲ့။


ကိုယ်ချင်းစာတရားခေါင်းပါးတဲ့သူတွေ

ကျန်းမာချမ်းသာကြပါစေ။။။ 


ဒေါင်းလန်း

18 Oct. 2020