Breaking News

ဇော်ထွဋ် - ဘကြီးမိုးစွဲလန်းတဲ့ ဇော်ဇော်အောင်ရဲ့ကံ့ကော်ဦးယုဇနမခင်ပျို

2015 nov 15, moemaka gathering, Zaw Zaw Aung, Maung Moe Thu, Khin Swe Oo, Maung Swan Yi, U Win Pe (Photo - Yan Naung (Botahatung)


ဇော်ထွဋ် - ဘကြီးမိုးစွဲလန်းတဲ့ ဇော်ဇော်အောင်ရဲ့ကံ့ကော်ဦးယုဇနမခင်ပျို

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၀

(၁)
မြန်မာစာကို အလွန်ချစ်မြတ်နိုးတဲ့ ကျနော်က မြန်မာစာမေဂျာကို အထူးပြုယူခဲ့ရမှာပါ..ဘကြီးမိုး။

ကျနော်သာ မြန်မာစာယူခဲ့ရင် (ဌာနမှူးတွေ၊ ပါမောက္ခ၊ ကထိက ရာထူးတွေနဲ့ အငြိမ်းစားယူခဲ့ကြတဲ့ ) ဆရာမောင်သာချို တို့နဲ့အတူတူ.ဆရာဒေါက်တာ အောင်မြင့်ဦး၊ ဆရာနောင်ကျော်၊ ဆရာကိုကျော်ဝင်း..တို့နဲ့ တစ်တန်းတည်း ဖြစ်မယ်ထင်ပါတယ်။ ကွယ်လွန်သွားတဲ့ ကိုဇောင်းထက် တို့ရောပေါ့။

မြန်မာစာက သူငယ်ချင်းတွေရဲ့ ဆရာတွေဖြစ်ကြတဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာအောင်သင်း၊ ဆရာတက္ကသိ်ုလ်မင်းမော်၊ ဆရာဝင်းမွန်၊ ဆရာဦးလှထွန်း၊ ဆရာဦးတင်ဝင်း..စတဲ့ ဆရာတွေကို ကျနော်တို့က ကိုယ့်ဆရာသမားများကဲ့သို့ လေးလေးစားစား ရှိလှပါတယ်။ အဲဒီအထဲမှာ ဆရာဦးဇော်မြင့်(ဇော်ဇော်အောင်)လည်းပါ ပါတယ်။ 

ကျနော်တို့ တက္ကသိုလ်မြေကို ခြေချကာစ ၁၉၇၅-၇၆။ ဘကြီးမိုးရဲ့ ချစ်သူငယ်ချင်းကြီး ဆရာဇော်က` အီကို´မှာ မြန်မာစာသင်နေပါတယ်..ဘကြီးမိုး။

မြန်မာစာအရေးအသား၊ အဖွဲ့အင်္နွဲ ကျနော်ကြိုက်တဲ့ စာရေးဆရာတွေထဲမှာ ဆရာဇေယျ ၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာငြိမ်းကျော်..။အဲဒီအထဲမှာ ဆရာဇော်ဇော်အောင်ပါ ပါတယ် ဘကြီးမိုး။ စပိုင်ဝတ္တုတွေ မနှစ်သက်တဲ့ ကျနော်က ဆရာရဲ့ စပိုင်ဝတ္တုတွေ မဖတ်ဖူးပါဘူး..ဘကြီးမိုး။

ဆရာဇော်ဇော်အောင်ရဲ့လက်ရာတွေထဲမှာ မော်ဒန်၊ ပို့စ်မော်ဒန်၊ခေတ်ပြိုင်စာပေ သဘောတရားတွေ ပြောတာရေးတာ ကျနော်တို့ကြိုက်ပါတယ်။ ပေါင်းကူးတံတားထိုးပေးတာလည်း ကျနော်တို့ ကျေးဇူးတင်ရမှာပါပဲ ဘကြီးမိုး။ဝတ္တုတိုနဲ့ အက်ဆေးတွေကတော့ အသည်းစွဲပေါ့။

(၂)

ဘကြီးမိုးတို့ ကျနော်တို့ဟာ သာမန်သမရိုးကျ (conventional) ဇာတ်လမ်းပါတဲ့ ဝတ္တုတိုတွေကို
သိပ်မကြိုက်တော့ပါဘူး။မော်ဒန်ဝတ္တုတို ( ဇာတ်လမ်းမဲ့)/plotless short fiction ဝတ္တုတွေကိုပဲ နှစ်သက်ပါတော့တယ် မဟုတ်လား ဘကြီးမိုး။ ကျနော်တို့ စွဲလန်းတဲ့ ဇာတ်လမ်းမဲ့ ဝတ္တုတိုတွေထဲမှာ ဆရာဇော်ဇော်အောင်ရဲ့ ဝတ္တုများက ရှေ့ဆုံးက ပါဝင်ပါတယ်။ ဆရာဇော်ရဲ့ လက်ရာတစ်ပုဒ်ဖြစ်တဲ့`ကံ့ကော်ဦး´ရဲ့ခြေဆင်းလေး.. 

`ကံ့ကော်ဦးမို့ မခူးဘဲ နေခဲ့ပါတယ်။ ဒီအချိန်ဆိုရင် ကံ့ကော်တွေ လှိုင်လှိုင်ပွင့်နေပြီဆိုတာ
သိနေတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ မေ့လို့မရတဲ့ အကြောင်းအရာ အဖြစ်အပျက် ဘယ်လောက်များများ
ရှိနိုင်သလဲ။ အတိတ်ဆိုတာ ဖိစီးတတ်တယ်။တုပ်နှေင်ထားတယ်။ ခြောက်လှန့်တတ်တယ်။ အတိတ်ဆိုတဲ့ ဇုန်ထဲမှာ ကံ့ကော်ပန်းတွေ ပြန့်ကြဲနေတာပါလား။ တကယ်တမ်း အစက မရေရာမသေချာ။ ဘာလဲဆိုတာ ပြောမပြတတ်ခင်မှာပဲ ဖြစ်ပျက်သွားတဲ့ ခံစားမှုက စတာပါပဲ။´
(ကံ့ကော်ဦး-ဇော်ဇော်အောင်)

(၃)

ဘကြီးမိုးလည်း ကြိုက်တယ်၊ ကျနော်တို့လည်း ကြိုက်ကြတဲ့ ဆရာဇော်ရဲ့`ယုဇနမခင်ပျို´။

ဟိုတစ်နေ့ကတောင် ` ယုဇနမခင်ပျို´အကြောင်း ကျနော်တို့ စမြုံ့ပြန်ပြောဖြစ်ကြသေးတယ်နော်.. ဘကြီးမိုး။ အငြိမ့်မင်းသမီးလေး ယုဇနမခင်ပျို ။ အဲဒီ ဝတ္တုဇာတ်ဆောင် ဇော်ဇော်အောင်ရဲ့သူငယ်ချင်းက `စိန်မြင့်´ဆိုပါလား..။ဘကြီးမိုးနာမည်အရင်းတောင် ပါရဲ့နော်..ဘကြီးမိုး။

ဆရာဇော် ကွယ်လွန်ခဲ့ပေမယ့် ဆရာ့စာပေ အဖွဲ့အနွဲ့တွေကမကွယ်လွန်သေးပါဘူး..ဘကြီးမိုး။ နာမယ်ကျော် `ယုဇနမခင်ပျို´ကိုပဲ ကြည့်ပါနော်။ နာမယ်ပေးတာအစ၊ ခံစားမှု သရုပ်ပေါ်အောင်ရေးဖွဲ့တာ၊ နောက်ခံကားချပ်၊ အာရုံရုပ်၊ အားလုံးလှပပါတယ်။ မနွမ်းပန်းမို့လား..။

`ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်းအဆင့် တစ်ဆင့်သို့ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင်ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့အပြင်လည်း ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူဟုလည်း ထင်မိသေး၏။တစ်ခါတုန်းက မခင်ပျို၏ ထမိန်အနား ခတ်လိုက်ပုံသည် ကျနော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာ ဖြစ်သည်။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံး ပြန်လာပါသည်။ အခုတော့ မခင်ပျိူ နေဝင်တော့မည်ထင်ပါသည်။ သွားကြစို့။သွားကြစို့ မခင်ပျို။ တစ်ယောက်တစ်လမ်းစီဆိုပေမယ့် ဆုံကြဦးမှာသေချာသည်´
(ယုဇနမခင်ပျို- ဇော်ဇော်အောင်)

ကျနော်တို့ စွဲလန်းတာလည်း မပြောပါနဲ့။ဆရာဇော်ရဲ့ အဖွဲ့အနွဲ့များက အလွန် လွင့်မျောလှပပါတယ်.. ဘကြီးမိုး။ တစ်ခေတ်တစ်ခါမှာ ဝင်းပခဲ့တဲ့ ပါရမီရှင်၊ ဖန်ဆင်းရှင်လို့ပဲ၊ ကျနော်တို့ ရဲရဲပြောလိုက်ရအောင်ပါ ဘကြီးမိုး။

(၃)

ဆရာဇော့် ကို ကျနော်တို့ ချီးမွမ်းခန်း ဖွင့်ကြတဲ့အခါ ပြောဖို့တစ်ခု မေ့လျော့နေခဲ့ သလားလို့ပါ..ဘကြီးမိုး။ ဆရာဇော်က `ပန်းချီဝါကျများ´(၂၀ဝ၄၊ မုံရွေးစာပေ) ဆိုပြီး၊ ခေတ်ပြိုင်ပန်းချီအယူအဆဝါဒများအကြောင်း နည်းနည်းပြောခဲ့ပါသေးတယ်..ဘကြီးမိုး။

performance art , photo-realism,
pop art , minimalism, narrative art..
စသဖြင့်။

ဘကြီးမိုး ပန်းချီဆွဲသလိုပါပဲ ဆရာဇော်..ပန်းချီအကြောင်းပြောတာ သိပ်မထူးဆန်းပါဘူး..ဘကြီးမိုး။ဆရာဇော်တို့ ဘကြီးမိုးတို့က` အေအိုင်´အဝန်းအဝိုင်းက မော်ဒန်အကျော်အမော်တွေဖြစ်တဲ့ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ၊ ဆရာခင်မောင်ရင်၊ဆရာကိုရွှေအောင်သိမ်းတို့ရဲ့ချစ်သော ရဲဘော်ရဲဘက်၊ တွဲဖော်တွဲဘက် တွေပဲမို့လား..။ဘကြီးမိုးတို့၊ ဆရာဇော်တို့မှာ သူများနဲ့မတူတာ။ မျဉ်းကွေးမျဉ်းဖြောင့်၊ အလင်းအမှောင်၊ အရောင်အနုအရင့်များ အသွေးအသားထဲအထိ စိမ့်ဝင်နေင်္ပြီးသားပါဘဲလေ။ အားလုံးပန်းချီ။ အားလုံးကဗျာ၊ အားလုံးဂီတ..။

(၄)

ဘကြီးမိုး...။ညဉ့်ဦးယံမှာ.. လေတွေမိုးတွေလာပြန်ပါတယ်..ဘကြီးမိုး။ ဟိုညကလို..မိုးသဲတယ်။ လျှပ်စီးလက်တယ်။ ထစ်ချုန်းမိုးတွေ ရွာစွေပြန်ပါတယ်။မအိမ်သူကတော့..လျှပ်စီးလက်တာမြင်ရင်၊ မိုးချိန်းသံကြားရင် ထုံးစံအတိုင်း ကြောက်ရွံလို့ရယ်။

ဘကြီးမိုးအိပ်ပျော်ပါစေ။

ဘကြီးမိုး..ကျနော်တို့ဆရာဇော့်စာပေလက်ရာတွေ အကြောင်း ပြောတဲ့အခါ နိုင်ငံရေး ဆောင်းပါးများကိုလည်း မေ့ထားလို့မရပါဘူး။

`ကျောင်းသားသမဂ္ဂဖွဲ့မှာကို ကြောက်နေလို့လားနဲ့ နိုင်ငံရေးဆောင်းပါးများ´..ဖြစ်ပါတယ်။ ကဗျာဆရာမိုးဝေးရဲ့ နှစ်ကာလများစာပေက ထုတ်ဝေပါတယ်။(၂၀၁၅) ဟစ်တိုင်၊ first weekly, first music ,newday news ...စတဲ့ဂျာနယ်စာစောင်တွေမှာ ရေးခဲ့တာပါ။

စုစည်းထုတ်ဝေပေးတဲ့ ကဗျာဆရာမိုးဝေးကိုရော၊ ဆရာဇော့်ပါ ကျေးဇူးတင်ရပါမယ်။ဆရာ့ရဲ့နိုင်ငံရေးဆောင်းပါးတွေက လတ်ဆတ်တယ်။ ခေတ်ကို ထင်ဟပ်ပြတယ်။ စူးရှတယ်။ တင်ဆက်ပုံ ရှင်းလင်းတယ်။ ပြောရဲဆိုရဲ ရှိပါတယ်..ဘကြီးမိုး။

ခံယူချက် ဘယ်လောက် ခိုင်မာတယ်။ ဝမ်းစာဘယ်လောက်ပြည့်ဝသလဲဆိုတာ၊ ဒီနမူနာ ဆောင်းပါး ခေါင်းစီးများက သက်သေပါ ဘကြီးမိုး။

-ကျောင်းသားသမဂ္ဂ ဖွဲ့မှာကို ကြောက်နေလို့လား။

-လက်ပံတောင်းတောင်က သံမဏိနှင်းဆီများ။

-ပို့စ်မော်ဒန်တို့ရဲ့မိုက်ခရို နိုင်ငံရေးဆိုတာ။

-တရုတ်မုန့်တွေ မစားနဲ့လို့ အဘိုးက မှာသွားတယ်။

-မြစ်ဆုံးအရေး သွေးအေးမနေကြနဲ့။

-အစိုးရဆိုတာ ပြည်သူ့အစေခံသာ ဖြစ်တယ်။ ပြည်သူ့အရှင်သခင် မဟုတ်ပါ။

-အာဏာဆိုတာ အကုသိုလ်

-သစ်တောကိုမြင် ခုတ်ချင်တဲ့လူမျိုး။

(၅)

စကားလက်တံ ရှည်လျားလက်စနဲ့ ပြောပါရစေတော့..ဘကြီးမိုး။ တရံရောအခါက.. ကံ့ကော်တောမှာ အလွန်ထင်ရှားတဲ့ စာပေအုပ်စုတစ်စု ရှိခဲ့တယ် မဟုတ်ပါလား..ဘကြီးမိုး။ ဘကြီးမိုးတို့ အသိဆုံးပါ..။`ဇော်-ဖော်-မော်-သင်း´ဆိုတာကြီး။

ဇော် = မောင်ဇော် (ဇော်ဇော်အောင်)
ဖော်=ဦးစံဖော်
မော်=တက္ကသိုလ်မင်းမော်
သင်း=အောင်သင်း

အချို့လည်းကြိုက်တယ်။ အချို့လည်း မကြိုက်ဘူးမဟုတ်လား..ဘကြီးမိုး။ထားပါလေ။

စာပေသဘောတရားအခြေခံကျမ်း။
စာပေဝေဖန်ရေးအခြေခံကျမ်း။
ကျိုက်ဝိုင်းစစ်တမ်း။
မရမ်းကုန်းစစ်တမ်း။
ခြောက်ဒဿမသုညတစ်။
ပို့စ်မော်ဒန်သီဝရီများ။

စတဲ့ စာပေ၊ အနုပညာ၊ စာပေဝေဖန်ရေး၊စာပေသီဝရီ.. စစ်တမ်းများ အများအပြား ရေးသားခဲ့တဲ့ ဆရာဇော်ရဲ့
စာပေကျေးဇူးများကို ကျနော်တို့က လွမ်းတသသပါ..ဘကြီးမိုး။ကျနော်တို့ ဘကြီးမိုးတို့ ့ပြောပြောနေကြတဲ့ နားပေါက်အောင်ပြောနိုင်တာ `ဆရာဇော်´ပါဘဲ.. ဘကြီးမိုး။ ဆရာဇော်ရေးတာ တိုက်ရိုက်ဘာသာ ဘာသာပြန် မဟုတ်ဘဲ နည်းလမ်းအဖုံဖုံနဲ့ ကြိုးစားရှင်းလင်းပြတာဟာ အဓိကတန်ဖိုးပါဘဲ..ဘကြီးမိုး။

(၆)

ဒီညလည်း..ကျနော် ပြောဆိုတာ နည်းနည်းများသွားပါပြီ..ဘကြီးမိုး။ ဆရာဇော် ကွယ်လွန်ပေမယ့် ဆရာ့စာပေလက်ရာတွေက ဘယ်တော့မှ မကွယ်လွန်ဘူးဆိုတာပါပဲ.ဘကြီးမိုး။

ကျနော်တို့ ပြောပြောနေတဲ့ ငွေကြေးမပါတဲ့။ တန်ဖိုးပါ..ဘကြီးမိုး။

ဘကြီးမိုးလည်း..
နေ့အခါ စိတ်ပျော်ပါစေ။
ညအခါ အိပ်ပျော်ပါစေ။
ဘကြီးမိုး။

ကျန်းမာပါစေ။
ဇော်ထွဋ်