Breaking News

လှကျော်ဇော - ကုလသမဂ္ဂ ငြိမ်းချမ်းရေးစောင့် လုပ်ငန်းများ - ၁



လှကျော်ဇော - ကုလသမဂ္ဂ ငြိမ်းချမ်းရေးစောင့် လုပ်ငန်းများ - ၁

တရုတ်တပ်များ ပါဝင်လာမှု
(မိုးမခ)အောက်တိုဘာ ၁၉၊ ၂၀၂၀


စစ်သားတယောက်ရဲ့ ကြီးမြတ်တဲ့တန်ဖိုးဟာ စစ်ပွဲတွေကို နိုင်အောင် တိုက်နိုင်မှု မဟုတ်ဘဲ စစ်ပွဲတွေကို တားဆီးနိုင်မှုသာ ဖြစ်တယ်။

စစ်ပွဲတွေကိုနိုင်ဖို့ အင်အားလိုတယ်။ ငြိမ်းချမ်းရေးကို နိုင်ဖို့ (ရဖို့) ကိုတော့ ပိုမိုကြီးမားတဲ့အင်အားနဲ့ စိတ်စေတနာလိုပါတယ်။

ကျွန်တော်တို့ကို ဘာလို့များ ကမ္ဘာတပတ် ပတ်ပြီး အလွန်အန္တရာယ်ရှိတဲ့ဒေသတွေမှာလာပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းပေးနေရတာလဲလို့ မေးလာသူတွေကို အဖြေပေးရရင်တော့ လူသားများရဲ့ယဉ်ကျေးမှုအဖွဲ့အစည်းဆိုင်ရာ အဓိကအခြေခံအချက်များကို ကာကွယ်ပေးဖို့ လိုအပ်လို့ပါ။

ကုလငြိမ်းချမ်းရေးစောင့် တပ်ဖွဲ့ဝင် တရုတ်စစ်သားလေးတဦးရဲ့ နေ့စဉ်မှတ်တမ်းမှ

၂၀၂၀ခုနှစ်ဟာ ကုလသမဂ္ဂတည်ထောင်တာ (၇၅) နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်သလို ကုလသမဂ္ဂရဲ့လုပ်ငန်းစဉ်တရပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းအတွင်း တရုတ်တပ် ပါဝင်လာတာကလည်း အနှစ် (၃၀) ပြည့်တဲ့ ကာလ ဖြစ်နေပါတယ်။

ဒီတော့ တရုတ်အစိုးရက
၁။ ဒီကုလလုပ်ငန်းစဉ်အတွင်းက အနှစ်(၃၀)ကြာ တရုတ်တပ်များရဲ့ ပါဝင်ထမ်းဆောင်ခဲ့တဲ့ လုပ်ငန်းများကိုပြန်လည် ဆန်းစစ်ဖို့။

၂။ ခေတ်သစ်ကာလအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ မိမိတို့ရဲ့အတွေးအမြင်များကို အသေးစိတ် ရှင်းလင်းတင်ပြဖို့ နဲ့

၃။ မိမိတို့ရဲ့လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောပြဖို့ ... ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ စက္ကူဖြူစာတမ်း တစောင်ထုတ်ပြန်လိုက်ပါတယ်။

ဒီစာတမ်းပေါ် အဓိကမူတည်ပြီး လေ့လာစရာကောင်းတဲ့အချက်များကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။ (တရုတ်အစိုးရရဲ့ အာဘော်လို့ ဆိုနိုင်ပါတယ်။ မှီငြမ်းလေ့လာနိုင်ရန် ဖြစ်ပါတယ်။ )

ကမ္ဘာ့စံချိန်တင် အနှစ်(၇၀)ကျော် ပြည်တွင်းစစ်ကြီး ဆင်နွှဲပြီး ငြိမ်းချမ်းရေးနဲ့ ဝေးချင်တိုင်း ဝေးနေရတဲ့ ဗမာပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်များ ပါနေနိုင်လို့ပါ။

ဒီစာတမ်းအကြောင်း မပြောခင်၊ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂအပေါ် ထားရှိတဲ့ သဘောထား အဆင့်ဆင့်ပြောင်းလဲလာပုံကို ပြောပြချင်ပါတယ်။ (တရုတ်ကွန်မြူနစ်တွေရဲ့ နိုင်ငံတကာအခင်းအကျင်း အပြောင်းအလဲများနဲ့အညီလိုက်လျောညီထွေရှိအောင်ရော ၊မိမိနိုင်ငံရဲ့အကျိုးစီးပွားအတွက်ရော၊ သဘောတရားအသစ်တွေကို တီထွင်ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ )

ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅မှာ ဖွဲ့စည်းခဲ့ပါတယ်။ နောင်စစ်ပွဲကြီး မပေါ်ပေါက်အောင် ကမ္ဘာငြိမ်းချမ်းရေးကို တည်ဆောက်ထိန်းသိမ်းရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖက်ဆစ်ဝါဒကိုတိုက်ပြီး အောင်ပွဲရတဲ့နိုင်ငံများက ဦးစီးခဲ့တာပါ။ ဒီမှာတင် ဗီတိုအာဏာကိုင်ထားနိုင်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ကြီး(၅) ကြီး ဆိုတာပါ ပေါ်လာပါတယ်။ အဲဒီတုန်းကပါခဲ့တဲ့ တရုတ်နိုင်ငံဟာ ချန်ကေရှိတ်ကူမင်တန်အစိုးရ အုပ်ချုပ်နေတာပါ။၁၉၄၉မှာ တရုတ်ကွန်မြူနစ်များ တပြည်လုံးအာဏာရလာချိန်မှာ အမေရိကန်အပါအဝင် ကုလကို အုပ်စီးထားတဲ့အရင်းရှင်နိုင်ငံများက တရုတ် (၂) ပြည် ဖြစ်ရေးအဆိုကို တင်ခဲ့ပါတယ်။ ဒါကို တရုတ်ကွန်မြူနစ်များက လက်မခံနိုင်သလို တရုတ်ကူမင်တန် (ချန်ကေရှိတ်)ကလည်း လက်မခံပါဘူး။ စစ်အေးတိုက်ပွဲ ပြင်းနေချိန်ပါ။ 

၁၉၆၀ခုနှစ်များမှာတော့ ကိုလိုနီနီုင်ငံအများအပြား လွတ်မြောက်လာပါတယ်။ တရုတ်ကွန်မြူနစ်များက အဲဒီနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများနဲ့ အလွန်ကောင်းတဲ့ ဆက်ဆံရေးတွေကို ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ တန်ဇာနီးယား - ဇမ်ဘီယာ ရထားလမ်းကို တရုတ်က တည်ဆောက်ပေးခဲ့တာပါ။ (မော်ရဲ့ သုံးကမ္ဘာသဘောတရား ပေါ်လာချိန်ပါ။) အဲဒီနိုင်ငံတွေအကူအညီနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကွန်မြူနစ်တွေ) ၁၉၇၁ခုနှစ်မှာ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်အပြီး (၂၂) နှစ်ကြာပြီးမှ) ကုလသမဂ္ဂမှာရော၊ လုံခြုံရေးကောင်စီမှာပါ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။

အဲသလိုဝင်ရောက်ခွင့်ရချိန် မှာတောင် - တရုတ်ပါတီတွင်းတိုက်ပွဲတွေ ရှိခဲ့ပါတယ်။ (ယဉ်ကျေးမှုတော်လှန်ရေးအရှိန်မြင့်နေချိန်ပါ။) ဒါဟာ နိုင်ငံတကာဂွင်ထဲရောက်နိုင်တဲ့အခွင့်အရေးလို့ သတ်မှတ်လက်ခံသူများက အပေါ်စီးရသွားပါတယ်။ ဒီနောက်မှာတော့ တရုတ်ဟာ ကုလသမဂ္ဂရဲ့ပဋိညာဉ်စာတမ်းကို လိုက်နာလုပ်ဆောင်ပြီး မိမိတို့ရဲ့စီးပွားရေးအခြေအနေခွင့်ပြုမှု အတိုင်းအတာအရ ကုလသမဂ္ဂရဲ့လုပ်ငန်းအမျိုးမျိုးမှာ တိုးချဲ့ပါဝင်လာပါတယ်။

အထူးသဖြင့် ၁၉၇၈ခုနှစ် တရုတ်ပြည်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးပေါ်လစီ ပေါ်လာပြီးနောက် ကုလလုပ်ငန်းတွေမှာ တရုတ်တွေ ပို ထဲထဲဝင်ဝင် ပါဝင်လာပါတယ်။ ဒီလိုနဲ့ ကုလငြိမ်းချမ်းရေးစောင့်လုပ်ငန်းများမှာတရုတ်တွေ ပါဝင်လာပါတော့တယ်။

စက္ကူဖြူစာတမ်းထဲမှာ သူတို့ ဘာလို့ဒီလုပ်ငန်းတွေထဲ ပါဝင်လာရတယ်ဆိုတာကို အကျယ်အပြန့် ရှင်းပြထားပါတယ်။

တရုတ်တပ်အနေနဲ့ ၁၉၉၀ခုနှစ်ကျမှ ကုလငြိမ်းချမ်းရေးစောင့်လုပ်ငန်းတွေထဲ စတင်ဝင်ရောက်လာတာပါ။ ပထမဆုံး စစ်ရေးလေ့လာသူ(၅)ဦးကို စေလွှတ်ခဲ့ပါတယ်။ အဲဒီကစလို့ အနှစ်(၃၀)ခရီးလမ်းကို ကုလငြိမ်းချမ်းရေးစောင့်တပ်ဖွဲ့အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တတပ်တအားအဖြစ် တက်ကြွစွာပါဝင်ခဲ့ပါတယ်။ ပါဝင်ခဲ့ရတဲ့အကြောင်းများကတော့ - 

၁။ တရုတ်လူမျိုးများအနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်လို့။ တရုတ်လူမျိုးများရဲ့ အဓိကမျှော်မှန်းချက်ဟာ ငြိမ်းချမ်းရေး၊ သဟဇာတညီညွတ်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတို့ ဖြစ်ပါတယ်။ ဒါဟာ တရုတ်လူမျိုးများအနေနဲ့ တမျိုးဆက်ပြီးတမျိုးဆက် အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ စိတ်ဓာတ်တွေဖြစ်လို့ပါ။

၂။ တရုတ်လူမျိုးများအနေနဲ့ လူသားများရဲ့ဘဝ သာယာကောင်းမွန်ရေးအတွက်။ တရုတ်လူမျိုးတွေက လူသားအားလုံး မိသားစုကြီးတခုတည်းအဖြစ် သာယာခမ်းမြေ့စွာနေထိုင်နိုင်တဲ့ ဘဝတွေအတွက် မျှော်လင့်ချက်အိပ်မက်တွေ ရှိနေပါတယ်။ မိမိတို့အတွက် သာယာတဲ့ဘဝ ရရေး သာမက ကမ္ဘာပေါ်က လူသားအားလုံးကိုလည်း ရစေချင်တာပါ။

၃။ တရုတ်တပ်ရဲ့ အခြေခံရည်ရွယ်ချက်ကိုက ပြည်သူလူထု အကျိုးပြုရေးပါ။ တရုတ်တပ်များဟာ ပြည်သူတွေကြားက လာသူများဖြစ်ပါတယ်။ ပြည်သူတွေကြား အမြစ်တွယ်နေသူများပါ။ ပြည်သူလူထုအကျိုးကို သည်ပိုးဆောင်ရွက်ရင်း ဖွံ့ဖြိုးတိုးတက်ရှင်သန်လာတာဖြစ်ပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ကြသူများပါ။ အဲဒီစိတ်ဓာတ်အခြေခံနဲ့ တရုတ်ငြိမ်းချမ်းရေးစောင့်တပ်သားများဟာ ကုလသမဂ္ဂကပေးတဲ့ တာဝန်များကို နေရာမရွေး ရောက်ရာအရပ်မှာ ထမ်းဆောင်ရဖို့ပါ။

၄။ တရုတ်ပြည်အနေနဲ့ အရေးပါတဲ့နိုင်ငံကြီးတရပ်အဖြစ် မိမိတာဝန်ယူရမဲ့ဝတ္တရားတွေကို ထမ်းဆောင်ဖို့ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းအတွင်းက  တာဝန်ရှိတဲ့အဖွဲ့ဝင်တဦးအဖြစ် ကုလရဲ့အခန်းကဏ္ဍကိုရောအာဏာပိုင်မှုကိုရော ခိုင်ခိုင်မာမာထောက်ခံပြီး ကုလငြိမ်းချမ်းရေးစောင့်လုပ်ငန်းများမှာ တက်တက်ကြွကြွပါဝင်တာဖြစ်ပါတယ်။ ကမ္ဘာသူကမ္ဘာသားများအတွက်ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ထိန်းသိမ်းပေးဖို့လိုအပ်တဲ့ လုပ်ငန်းတရပ်ပါ။ ဒါကြောင့် ဒီရည်ရွယ်ချက်ဟာ တရုတ်ရဲ့အနာဂတ်တွေက်ု မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးဆိုတဲ့အမြင်နဲ့လည်း သက်ဆိုင်နေပါတယ်။

ဒီအချက်တွေကတော့ တရုတ်က သူတို့တပ်တွေ ဘာကြောင့် ကုလသမဂွရဲ့ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းတွေထဲပါလာရတယ်ဆိုတာကို ရှင်းပြတဲ့အချက်များပါ။

ဆောင်းပါး အမှတ် (၂) မှာတော့ တရုတ်တပ်တွေ အခိုင်အမာ ဘယ်လုပ်ငန်းတွေမှာ ပါဝင်နေတယ် ဆိုတဲ့အကြောင်းတွေ ပြောပြပါ့မယ်။

လှကျော်ဇော
၁၇ အောက်တိုဘာ၂၀၂၀