Breaking News

မောင်သော်တာ - ဗော်လံတီယာနတ်သား

 

ဗော်လံတီယာနတ်သား

မောင်သော်တာ

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၀


ကောင်းကင်ဘုံကခုန်ချလာတာမဟုတ်ဘူး၊ ကောင်းကင်ဘုံကိုပုတ်နှိုးနေကြတာ

ဥုံ ဖွ ဆိုပြီးကိုယ်ရောင်ဝါဝင်း ထင်လင်းမြင်စေသူတွေပေါ့

ကြောက်စိတ်တွေနဲ့ချောက်ထဲကိုသူတို့အသက်လေးတွေဖဲ့ချပေးနေကြတယ်

ဆွဲတက်ခဲ့ဖို့သူတို့ရဲ့ခေါ်သံတွေ

သူတို့ကိုယ်တိုင်သူတို့ရဲ့အရေပြားကသူတို့အတွက်ကျည်ကာဝတ်စုံလို

အိမ်မှာပဲနေကြဖို့လမ်းရဲ့အလျားအတိုင်းဆက်သွားနေကြတယ်

ရှေ့တန်းတိုက်စစ်ထဲမရောက်တရောက်ကြားမှာ

သူတို့လူလည်းကိုယ့်ဘက်သား၊ ကိုယ့်လူလည်းကိုယ့်ဘက်သားဆိုတဲ့စိတ်နဲ့

သူ့ဆွေသူ့မျိုး

သူ့မိသူ့ဖ၊ သူ့သွေး သူ့သားလိုမှတ်စိတ်နဲ့

ဘုရားဟောတဲ့သံသရာကြောထဲကဆွေမျိုးတွေကိုရှာဖွေဆွဲထုတ်နေကြတယ်

အနီးဆုံးပစ်မှတ်တွေရှေ့ကိုထွက်ကာကွယ်ပေးနေကြတယ်

ကြပ်နေတဲ့ဘဝတွေချည်းထဲမှာညှပ်နေတဲ့သူတွေကိုအရင်ဆွဲထုတ်ကြ..ဆိုပဲ

လက်ခမောင်းခတ်မပြဘဲလက်မောင်းသွေးကိုဖောက်တိုက်ကြမယ်..ဆိုပဲ

ရန်သူ့လက်ထဲကကိုယ့်ရဲဘော်ကိုကယ်တင်ဖို့

တပ်ရင်းတစ်ရင်းလုံးသတ်ကွင်းထဲပြေးဝင်ကြမယ်ဆိုပဲ

ဘယ်သူရဲကောင်းအမှတ်တံဆိပ်မှမလိုပါဘူး..ဆိုပဲ

ရေတံခွန်ပေါ်ကအပြိုင်ခုန်ချလိုက်တဲ့ချွေးစက်တွေလိုပဲ

နေလုံးကြီးကျောခိုင်းနေမှရောင်စဉ်ခုနစ်ဖြာ ဖြာလို့လေ

သူတို့ရုပ်ခန္ဓာကိုမြေမှုန့်လိုထုချေပြီးဒုက္ခတွင်းတွေကိုဖို့ပေးနေကြတယ်

ဘယ်သူဘယ်ဝါရယ်လို့အသိအမှတ်မခံကြဘူး

ဘယ်အလံ ဘယ်ဆိုင်းဘုတ်ရယ်လို့လည်းပြေးမထူကြတဲ့နတ်သားတွေပဲ

သူတို့ရဲ့နှလုံးသားကဘုရားလောင်းပါရမီဖြည့်ကျင့်သလို

လောကကြီးအတွက်

ကမ္ဘာမြေအတွက်

ငြိမ်းချမ်းရေးအတွက်သက်သက်ပဲတဲ့

လက်ခုပ်သံတွေနဲ့သူတို့ကိုဂုဏ်ပြုဖို့

ခင်များရဲ့လက်ကိုစက္ကန့် ၂ဝ ကြာအောင်ဆေးကြောသန့်စင်လိုက်ပါလေ


မောင်သော်တာ

30.9.2020