Breaking News

အောင်မြို့ - ရေမွှေးကြီး(နေဦးဝေ - သန်းခေါင်ယံတံခါးခေါက်သူ)

ရေမွှေးကြီး

အောင်မြို့

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၀


"ဖြစ်မှဖြစ်ရလေ ကံကြမ္မာရယ်

မင်းရဲ့သစ္စာမရှိတဲ့ ယိမ်းကနေတဲ့စစ်သားတစ်သိုက်ဟာ

မိန်းမရွှင်ခံတပ်ကို သိမ်းပိုက်ပြီး ပြန်လာနေပြီကွယ့် "

(အာမက်ရှမ်လူ၊ပါရှားကဗျာဆရာ)

(နေဦးဝေဘာသာပြန် သန်းခေါင်ယံတံခါးခေါက်သူမှ)


နေဦးဝေ 

သန်းခေါင်ယံတံခါးခေါက်သူ

Rose_Water by Maziar Bahari and

Aimee Molloy

ပထမအကြိမ်၊ ၂၀၁၆၊ အောက်တိုဘာ

စာ ၄၈၃

ဘဝတက္ကသိုလ်စာပေ၊ မျက်နှာဖုံးပန်းချီ တင်ထွဏ်း

အီရန်သတင်းထောက် မာဇီယာဘာဟာရီရဲ့ အီရန် ထောင်တွင်းအတွေ့အကြုံတွေကို ရေးထားတဲ့စာအုပ်ပါ။ သူဟာ အီရန်နိုင်ငံ တီဟီရန်မှာ မွေးဖွားခဲ့ပေမယ့် ကနေဒါနိုင်ငံမှာ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ ဆုရ သတင်းသမား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူနဲ့ နယူးဝိခ်မဂ္ဂဇင်းရဲ့ သတင်းထောက်အဖြစ်လဲ ဆောင်ရွက်ခဲ့သူပါ။ ဒီစာအုပ်ကို သူနဲ့အတူ အိုက်မီမော်လွိုင်းက ပူးတွဲရေးသားခဲ့တာဖြစ်ပြီး နေဦးဝေက မြန်မာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၉ အီရန်သမ္မတရွေးပွဲမှာ သတင်းယူနေရင်း မီဒီယာသူလျိုအဖြစ် စွပ်စွဲခံရပြီး အီရန်ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံရ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ သူ့ကို အဓိက စစ်မေးသူရဲ့ ရေမွှေးနံကို အစွဲပြုပြီး မူရင်းစာအုပ်အမည်ကို Rose Water လို့ ပေးခဲ့တာပါ။ သူက အဲ့ဒီလူကို ရေမွှေးကြီး လို့ နာမည် ပေးထားပါတယ်။  သူ့အဖေနဲ့ သူ့အစ်မတို့ကလဲ အရင်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ။ 

သူ့ကိုဖမ်းသွားသူတွေက တော်လှန်ရေးအစောင့်တပ် ကပါ။ ၁၉ရဝ ကျော်မှာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဖြစ်ခဲ့ တဲ့ အဲ့ဒီအစောင့်တပ်ဟာ ခုတော့ အီရန်ရဲ့အကြီးဆုံး တပ်ကြီးဖြစ်နေပါပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာမှာ ထူထောင်ထားပြီး အီရန်ရဲ့အနုမြူဗုံး စီမံကိန်းကလဲ သူတို့လက်ထဲမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ သူတို့က အတိုက်အခံတွေကို ဖိနှိပ်ရာမှာ လက်သံပြောင်သူတွေ ဖြစ်ပါတယ်။

အီရန်နိုင်ငံကို အဓိကချုပ်ကိုင်ထားတာက ဘာသာရေးခေါင်းဆောင်လဲဖြစ်၊နိုင်ငံဥသျှောင်လဲဖြစ်တဲ့ ခါမေနီ နဲ့ သူ့ရဲ့တော်လှန်ရေးအစောင့်တပ် ဖြစ်ပါတယ်။ သူတို့နဲ့ အဆင်ပြေပြီး သူတို့သြဇာခံတဲ့သူတွေကိုသာ သမ္မတအဖြစ် အရွေးခံရဖို့ အမြဲလှုပ်ရှားနေတာပါ။ 

၂၀၀၉ သမ္မတရွေးပွဲမှာလဲ လူထုထောက်ခံမှုများတဲ့ ပြုပြင်ရေးဝါဒီမူဆာဗီအစား သူတို့နဲ့အဆင်ပြေတဲ့ သမ္မတအာမာဒီနာဂျက်ကိုပဲ ရွေးကောက်ပွဲမှာ အနိုင်ရအောင် နည်းမျိုးစုံနဲ့ဖိအားပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။

အဲ့ဒီမှာတင် မကျေနပ်တဲ့အီရန်လူထုက အစိမ်းရောင် လှုပ်ရှားမှုနဲ့ အစိုးရကို ဆန့်ကျင်ကြပါတယ်။ အစိုးရနဲ့ တော်လှန်ရေးအစောင့်တပ်ကလဲ ရက်ရက်စက်စက် ဖြိုခွဲပစ်တာပါ။ ဘာဟာရီခမျာ သတင်းယူနေရင်းက တော်လှန်ရေးအစောင့်တပ် ထောက်လှမ်းရေးတွေရဲ့ ပစ်မှတ်ဖြစ်လာပြီး ညသန်းခေါင်အချိန် အိမ်ကနေ အဖမ်းခံလိုက်ရပါတယ်။ သူဟာ ထောင်ထဲမှာ အမျိုးစုံ စစ်ဆေးမေးမြန်းခံရသလို မီဒီယာသူလျိုအဖြစ် ဝန်ခံ ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အာဏာပိုင်တွေ အလိုကျထွက်ဆိုပေးခဲ့ရပြီး အစိုးရအတွက် သူလျိုလုပ်ပေးမယ်ဆိုတဲ့ကတိနဲ့ ထောင်ကနေ လွတ်အောင် ကြံဖန်ခဲ့ရရှာပါတယ်။

ဘာဟာရီက အီရန်နိုင်ငံ အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေ အာဏာရှင်ဆန်မှုတွေကိုလဲ ပြောပြထားပါတယ်။ လက်ရှိအီရန်အစ္စလာမ်သမ္မတနိုင်ငံရဲ့ စည်းကမ်းတွေကလဲ တင်းကျပ်လှပါတယ်။ အရက်တွေ့ရင် ဖမ်းတယ်။ အပြာကားတွေ နိုင်ငံခြားရုပ်ရှင်တွေ စာနယ်ဇင်းတွေကိုလဲ မထင်ရင်မထင်သလို ဖမ်းတယ်။

အမေ ဒါမှမဟုတ် ညီအစ်မတစ်ဦးဦးမပါဘဲ အပြင် ထွက်တဲ့ မိန်းကလေးနဲ့ တွဲမိရင် အဲ့ဒီတွဲမိတဲ့ ယောကျ်ားလေးကို အရေးယူတယ်။ ရိုးရာခေါင်းဆောင်း မပါရင် အပြစ်ပေးတယ် စသဖြင့် ဘာသာရေးရဲတွေ ခန့်ထားပြီး စောင့်ကြည့်အရေးယူပါတယ်။ 

နိုင်ငံရေးအရ အတိုက်အခံတွေကို ဖမ်းတာ။ လူတွေကို အမှုဆင်အရေးယူတာ။ ကြမ်းတမ်းရက်စက်တဲ့ ညှင်းပန်းနှိပ်စက်နည်းတွေကို သုံးပြီး စစ်ဆေးမေးမြန်းတာ၊ ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေ အကျင့်ပျက်ခြစားတာ၊ ပြည်သူလူထုကို ဖိနှိပ်ထားတာ စတဲ့ အာဏာရှင်အုပ်စိုးတဲ့နိုင်ငံတွေရဲ့ တူညီတဲ့အနေအထားကို ဒီစာအုပ်မှာ ဖတ်ရင်း လေ့လာနိုင်မှာပါ။

နိုင်ငံတကာအရေး လေ့လာလိုသူတွေနဲ့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ဘဝအကြောင်း သိချင်သူတွေ ဖတ်ရမယ့် စာအုပ်ကောင်းတအုပ်ပါ။ဘဝတက္ကသိုလ်စာပေက ထုတ်ဝေတဲ့ဒီစာအုပ်ကို စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရရှိနိုင်ပြီဖြစ်ပါကြောင်း။

အောင်မြို့

BookReview