Breaking News

ဇင်လင်း - ရွေးကောက်ပွဲနည်းလမ်းဖြင့် ဒီမိုကရေစီ လိုလာကြောင်း ပြသစေချင်





ဇင်လင်း - ရွေးကောက်ပွဲနည်းလမ်းဖြင့် ဒီမိုကရေစီ လိုလာကြောင်း ပြသစေချင်

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၀

မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် နဖူးတွေ့ဒူးတွေ့ ထိပ်တိုက်တွေ့ကြုံနေရ ပြီ ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံမည့် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများကိုလည်း မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရန် ခွင့်ပြုထားပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ကိုဗစ်လူနာများ ကုသရေး၊ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာ ၌ မနိုင်မနင်းဖြစ်လာသဖြင့် သီးခြားခွဲနေရမည့် ရက်များ လျှော့ချခြင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများကို သက်သာသည်နှင့် ဆေးရုံမှ ဆင်းခိုင်းခြင်း စသည့် လုပ်နည်းလုပ်ဟန်များ ပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်သည်ဟု သတင်း များထွက်ပေါ်နေ သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲကို ရက်ရွှေ့မည်မဟုတ်ဘဲ၊ မူလသတ်မှတ်ရက် နိုဝင်ဘာ ၈ ရက်နေ့၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းသွားမည်ဟု ကြေညာထားသည်။

ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာလဆန်းတွင်ကပ်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားသည် ဟုဆိုသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းကျော်ရှိ သည်ဟု သိရသည်။ ဒုတိယ အကြိမ် မဲစာရင်းတွင် ပထမအကြိမ်မဲစာရင်းထက် မဲပေးခွင့်ရှိသူ တစ်သန်းကျော် တိုးလာသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ ရွေးကောက်ပွဲကို စိုးရိမ်ကြောက်လန့်မှုကင်းစွာ မဲပေးနိုင်ရန် နောက်ထပ်လိုအပ်မှု တစ်ခုမှာ ရခိုင်၊ ချင်း နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။

ကပ်ဘေးကြောင့်အပစ်ရပ်လိုသော်လည်း ရခိုင်ဒေသတွင်မူ လက်တွေ့ အခြေအနေအရ မဖြစ်နိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် လက်ရှိ အချိန်ကာလမျိုးတွင် တပ်မတော် က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာသင့်သည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း ရခိုင်ပြည်နယ်၌ AA အဖွဲ့က တိုက်ခိုက်နေသည့်အတွက် လက်တွေ့ အကောင်အထည်ဖော်၍ မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ကပ်ဘေးကာလအတွင်း ရခိုင်ပြည်နယ်တွင် တပ်မတော်အနေဖြင့် ထိုးစစ်ဆင်မှုနှင့် တိုက်ပွဲများ လျှော့ချရန် နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုနေခြင်းနှင့် ပတ်သက်၍ RFA သတင်းဌာနက မေးမြန်းခဲ့သည့်အပေါ် ဖြေကြားရာ၌ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိဘဲ၊ AA အဖွဲ့က စစ်ရေယာဉ်များကို ချောင်းမြောင်းပစ်ခတ်သောကြောင့် ခုခံကာကွယ်သည့် အနေဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် အတွင်း သြဂုတ်လ အလယ်လောက်က စ၍ ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ၌ ရန်ကုန်နှင့် ပြည်နယ်တိုင်း လေးခုတွင် ကူးစက်မှု နှုန်းမြင့်တက်လျှက် ရှိသည်။

စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံအများအပြား စစ်ဘေး ရှောင်ရန် စစ်တွေမြို့အပါအဝင် အခြားဒေသများဆီသို့ ထွက်ပြေးကြရသည်ဟု ဆိုသည်။ ဒေသခံများ၏ ပြောဆိုချက်အရ မေယုမြစ်အတွင်းရှိ တပ်မတော်ဇက်ရေယာဉ်က လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်မှုများ ကြောင့် ရွာထဲသို့ လက်နက်ကြီးကျည်ကျ၍ ရွာသားများ သေဆုံး ဒဏ်ရာရခြင်း ရှိသဖြင့် ကြောက်လန့် ထွက်ပြေးကြသည်ဟု RFA သတင်း က ဆိုသည်။

ရခိုင်တပ်တော် (AA) နှင့် မြန်မာအစိုးရတပ်တို့ အကြား စစ်ရေးတင်းမာနေသဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း အောင်စည်ကုန်းကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က ကျေးရွာထဲသို့ လက်နက်ကြီး ကျည်ကျ ခဲ့သောကြောင့် နေအိမ်ထဲ၌ တီဗွီကြည့်နေသည့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရ သည်။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရ၍ စေတီပြင် တိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ပို့ဆောင်ကာ အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ရသေ့တောင်မြို့နယ် ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပြကြောင်း သိရသည်။

“ရေတပ်ကနေ လက်နက်ကြီး ပစ်လိုက်တဲ့အတွက် အသက် ရ နှစ်အရွယ် ကလေးငယ်လေးဆီကို ကျလာပါတယ်။ သူ့မိဘတွေကလည်း ကျမဆီကို ဖုန်းဆက်အကြောင်းကြားလာပါတယ်။ ပထမ စေတီပြင်ဆေးရုံမှာ ဆေးကုသပါတယ်။ အခုတော့ ကျောကုန်းကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာက ပြင်းတဲ့အတွက် စစ်တွေဆေးရုံကို ပို့ထားတယ်ဆိုတာကိုတော့ သိရပါတယ်။ အခုလို နှစ်ဦးနှစ်ဖက် တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေက ပိုပိုများလာတာ ကိုလည်း ကျမတို့ တွေ့နေရပါတယ်။ အခုက COVID-19 ရောဂါလည်း ဖြစ်နေကြတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် တိုက်ပွဲတွေ တော့ ရပ်ဖို့လိုပါတယ်။ နောက် အဲ့လိုမျိုး လက်နက်ကြီးတွေကိုလည်း ရမ်းသန်းမပစ်ဖို့ လိုပါတယ်။” ဟု ဒေါ်ခင်စောဝေ က ပြောကြောင်း ဗွီအိုအေသတင်း၌ ဖေါ်ပြသည်။

လက်ရှိ ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးမှ ရှောင်ပြေးနေကြရသော ဒေသခံပြည်သူ ဒုက္ခသည်ပေါင်း ၂ သိန်းခန့် အထိ ရှိနေပြီဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်များအား ကူညီနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။ စစ်ရှောင်ပြည်သူတို့အတွက် စားဝတ်နေရေးနှင့် လုံခြုံရေးသည် စိုးရိမ်စရာ ဖြစ်လာနေကြောင်း ကိုဇော်ဇော်ထွန်းက ဗွီအိုအေသတင်းသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်မဖြစ်ခင် ကတည်းက လမ်းပန်းဆက်သွယ်ရေး ဆိုးရွားမှုကြောင့် စစ်ဘေးရှောင် ပြည်သူများ အတွက် အထောက်အပံ့ အပြည့်အဝမရခဲ့ကြောင်း၊ ယခု ကိုဗစရောဂွ်ကြောင့် ကန့်သတ်မှုများ ရှိလာချိန်တွင် စစ်ရှောင် ဒုက္ခသည်များ စားရေးသောက်ရေး ပိုမို ခက်ခဲလာကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြောင်း သိရသည်။ နိုင်ငံတော်က အစိုးရက စားနပ်ရိက္ခာနှင့် ပတ်သက်၍ အလုံးစုံ ပံ့ပိုးနေသည်ဟု ပြောနေသော်လည်း မြေပြင်လက်တွေ့၌ အခြေခံစာနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ဒေါ်ထုမေက ပြောသည်ဟု ဗွီအိုအေ သတင်းက ဖေါ်ပြသည်။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ကပ်ရောဂါဘေး သင့်နေ ချိန်တွင် တိုက်ပွဲများ ရပ်စဲကြရန် ထပ်မံတိုက်တွန်းထားသည်ဟု ဆိုသည်။ ကမ္ဘာတဝန်း ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရ ချိန်၌ တိုက်ခိုက်မှုများ ရပ်စဲကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်ကို နားထောင်ကြရန် နှိုးဆော်လျှက်ရှိ သည်။ ကပ်ရောဂါရောဘေးနှင့် စစ်ဘေးဒဏ်ပါခံနေရသော ရခိုင်ပြည်နယ် ဒေသခံများအတွက် အရေးကြီးသည့် သတင်း အချက်အလက်များ ရရှိနိုင်ရန် လိုအပ်နေသည်။ ထို့ကြောင့် အင်တာနက် ဝန်ဆောင်မှု အပြည့်အဝ ပြန်ဖွင့်ပေးရန်လည်း ကုလသမဂ္ဂက တိုက်တွန်းထားသည်။

တိုက်ပွဲနယ်မြေဖြစ်နေသော ပလက်ဝမြို့နယ်တွင် ဒေသခံများ ကူးသန်းသွားလာရေး ခက်ခဲမှုကြောင့် ကျေးရွာလေးရာ နီးပါးတွင် ရိက္ခာပြတ်တောက်နေသည်ဟု ဆိုသည်။ ဆန် အရေးတကြီး လိုအပ်နေသည့် ကျေးရွာပေါင်း နှစ်ရာကျော် ရှိသည်ဟု ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ ပြောပြချက်အရ သိရသည်။ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာများအတွင်း ပိတ်မိနေသည့် ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခ သည် နှစ်သောင်း မှ ခြောက်သောင်း အကြားရှိ၍ မြို့ပေါ် စစ်ဘေးရှောင်စခန်းများတွင် တစ်သောင်း ရှစ်ထောင်ကျော် ရောက်ရှိနေကြောင်း RRCCI က ထုတ်ပြန်ထားသည်ဟု သိရသည်။ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ရိက္ခာ အပြင် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးလည်း လိုအပ်နေသည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် ဒေသခံများအနေဖြင့် ဆန်ရရှိရန် အဓိက လိုအပ်နေသည်။ ငွေကြေးပိုက်ဆံသည် အသုံးမတည့် သည့် အခြေအနေရောက်နေသည်ဟု ဆိုသည်။ သို့ဖြစ်၍ ပြတ်လပ်လျှက်ရှိသော ဆန်ရိက္ခာ အမြန်ဆုံးပို့ပေးရေးကိုသာ အကူအညီတောင်းကြကြောင်း RFA သတင်းအရ သိရသည်။ ပလက်ဝဒေသတွင် သမားရိုးကျ ရွှေ့ပြောင်းတောင်ယာကို သာ လုပ်ကိုင်ကြသဖြင့် မြေဆီလွှာ ခမ်းခြောက်ညံ့ဖျင်းလာသောကြောင့် စပါးသီးနှံအထွက်နှုန်း အလွန်နိမ့်ကျနေသည်ဟု ပလက်ဝ မဲဆန္ဒနယ် အမတ် ဦးစိန်အောင်က ၂၀၁၇ ဇွန်လ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့ သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်သည့် မှတ်တမ်းအရ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှတိုနှင့် နယ်ခြင်း ထိစပ်နေသော ပလက်ဝဒေသတွင် လူဦးရေ တစ်သိန်းတစ်သောင်း နီးပါး ရှိသည်ဟု သိရသည်။ ကျေးရွာပေါင်း ၃၈၈ ရွာ ရှိ၍ လူဦးရေ ကိုးသောင်းကျော် ကျေးလက်ဒေသ၌ နေထိုင်သည်။ ပလက်ဝမြို့ပေါ်တွင် တစ်သောင်းကျော် နေထိုင်သည် ဟု ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့များက စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်မှု မြင့်မားလာသဖြင့် တိုက်ပွဲများရပ်ရန် တောင်းဆိုလျှက်ရှိကြောင်း ကြားသိနေရသည်။ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝက ဒေသခံ အရပ်သား ပြည်သူလူထု သေဆုံးဒဏ်ရာရ ထိခိုက်မှုများလာနေသည့်အပြင်၊ ကမ္ဘာ့ကပ်ရောဂါအခြေအနေကလည်း စိုးရိမ်စရာ ဖြစ် လာနေသည်။ ထိုသို့သော စစ်ရှောင်ပြည်သူများ၏ ဆင်းရဲဒုက္ခကို စာနာထောက်ထားသောအားဖြင့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်ဆိုင်းကြရန် အမေရိကန်ပြည်ထောင်စု အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၈ နိုင်ငံကလည်း စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စသည် အဓိကနေရာ၌ ရှိနေဆဲ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြဿနာကို အဖြေမရှာနိုင်ပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည်မှာ စိတ်ကူးအိပ်မက်မျှသာ ဖြစ်နေမည်။ ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနှင့် ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ ရပ်စဲနိုင်ရေး ကိစ္စကို လေ့လာ ကြည့်ရုံဖြင့် တစ်ပြည်လုံး၏ ပြဿနာကို မြင်နိုင်သည်။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်လခွဲမျှသာ လိုတော့သည်ဖြစ်၍ တိုင်းပြည်အတွက် နစ်နာလှပြီဖြစ်သော လက်နက်ကိုင် ပဋိပက္ခကို ယခုအချိန်၌ ရပ်သင့်ပြီ ဖြစ်သည်။

နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲနေ့ မတိုင်မီ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ် ရပ်စဲရေး ရရှိရန် အလွန်လိုအပ်နေ သည်။ အစိုးရနှင့် တပ်မတော်တို့က အင်အားကြီးသူများ ဖြစ်သည်ကို မမေ့သင့်။ အင်အားကြီးသူက စိတ်သဘောထား ကြီး ဖို့လိုသည်။ အစိုးရ၏ နိုင်ငံရေး သန္နိဋ္ဌာန် အကောင်အထည်ဖေါ်ရေးအတွက် တပ်မတော်ကလည်း အစိုးရ၏ ဆုံးဖြတ်ချက် ကို လိုက်နာရန် လိုသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရည်ရွယ်ချက်ကို ဖေါ်ဆောင်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA အပါအဝင် FPNCC အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးရန် တွန့်ဆုတ်မနေသင့်။ ဒီမိုကရေစီလိုလားသော အစိုးရဖြစ်ကြောင်း အကောင်းဆုံး လုပ်ဆောင်ပြသရန်မှာ တစ်ပြည်လုံးတွင် ယာယီအပစ်အခတ်ရပ်စဲ၍ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲများ တစ်ပြိုင်နက် ကျင်းပပေးခြင်း ဖြစ်သည်ဟု သုံးသပ်မိပေသည်။။။