Breaking News

နေသွင်ညိဏ်း - အမေရိကန်သမ္မတ ကျန်းမာရေးမကောင်းရင် ဘာဆက်ဖြစ်လဲ

အမေရိကန်သမ္မတ ကျန်းမာရေးမကောင်းရင် 

ဘာဆက်ဖြစ်လဲ

နေသွင်ညိဏ်း

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၀

လေဝင်လေထွက်မကောင်းတဲ့ အဆောက်အဦးတွေထဲမှာ ကိုဗစ် ၁၉ ကူးစက်တာပိုလွယ်တယ်ဆိုတာ ပညာ ရှင်တွေ အထပ်ထပ်သတိပေးနေတဲ့ ကိစ္စပါပဲ။ အမေရိကန် သမ္မလောင်းနှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံ ရောဂါကူးစက်ခံရသူတွေဖြစ်လာတာကြောင့် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ စကား စစ်ထိုးပွဲကို တက်ရောက်ခဲ့ကြတဲ့ တခြားလူတွေရော လူနာစာရင်းထဲထပ်ပါလာမလားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။

ဒီဘိတ်

တကယ်တော့ ဒီဘိတ်ကို ကျင်းပခဲ့တဲ့ အိုဟိုင်းဟိုးမှာ ရှိတဲ့ ကေ့စ် ဝက်စတန်း ရီဆာဖ် ယူနီဗာစတီ (တက္ကသိုလ်) ခန်းမမှာ ဒီဘိတ်ကျင်းပဖို့အတွက် အိုဟိုင်းဟိုးက နာမည်ကြီးဆေးပညာဌာန ကလီဗီးလန့် ကလင်းနစ်ရဲ့ အကြံ ဉာဏ်အတိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

၁။ စကား စစ်ထိုးမယ့် နှစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ သမ္မတဟောင်းဂျိုးဘိုင်ဒင်တို့ကို ၆ ပေ အကွာမှာ နေရာချထားပါတယ်။ လက်ဆွဲနှုတ်ဆက်တာလည်းမလုပ်ခိုင်းပါဘူး။

၂။ ပရိသတ်တွေရဲ့ ထိုင်ခုံတွေတွေကိုလည်း ခွာထားပါတယ်။ လူ ၁၀၀ အထိပဲ ကန့်သတ်ထားပါတယ်။

၃။ ခန်းမထဲကိုမဝင်ခင်မှာ ကိုဗစ် ၁၉ စစ်ဆေးခံရပါတယ်။

၄။ ဒေါ်နယ်ထရမ့်ရဲ့ ဇနီးကအစ တက်ရောက်လာသူတွေ အားလုံးဟာ နှာခေါင်း ပါးစပ်စည်းကို ဝတ်ခိုင်းပါတယ်။ (ဒါပေမယ့် တချို့က ခမ်းမထဲရောက်ပြီး ချွတ်လိုက်တာရှိပါတယ်။)

ဒီလို အစီအမံတွေကြားထဲကနေ သမ္မတ ဇနီးမောင်နှံ ရောဂါ ကူးတာလား။ ဒါမှမဟုတ် ဒီမတိုင်ခင်ကတည်းက ကူးစက်ခံထားရသလား ဆိုတာ မသိနိုင်ပါဘူး။

နောက်ဆုံးသုတေသနအရ ရောဂါခံစားနေရသူတစ်ယောက်နဲ့ ထိတွေ့တာ၊ သို့မဟုတ် ရောဂါရှိသူတစ်ယောက်က ချောင်းဆိုး နှာချေတာကတဆင့် အနီးနားက နောက်တယောက်ဆီကို ကူးစက်ရုံတင် မဟုတ်တော့ပါဘူး။ ချောင်းဆိုး နှာချေတာကြောင့် ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုံအမွှားတွေဟာ လေထဲမှာ နာရီနဲ့ ချီပြီး ရှိနေနိုင်ပါတယ်တဲ့။

စီးကရက်မီးခိုးလို

ဒါကြောင့် လေဝင်လေထွက်မကောင်းတဲ့ ခန်းမတစ်ခုထဲမှာ လူတွေ စုနေပြီးဆိုရင် လူတစ်ယောက်ဆီကနေ နောက်ထပ် လူအမြောက်အမြားကို ကူးစက်ဖို့ အခွင့်အရေးများတယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ ပါးစပ်နှာခေါင်းစည်းကို မဝတ်ထားရင် ဆိုဖွယ်ရာမရှိတော့ပါဘူး။ စကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ် ပြောဆိုတာ ဒါတွေ အားလုံးဟာ ​ကူးစက်နိုင်တဲ့အကြောင်းတွေပါပဲ။ ဒီဘိတ်  ခန်းမထဲမှာ လူတွေ အော်ဟစ်ပြောဆိုကြ၊ ပါးစပ် နှာခေါင်းစည်းလည်း မဝတ်ကြဘဲ အနည်းဆုံး မိနစ် ၉၀ လောက် စုရုံးခဲ့ကြပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဇနီးအပြင် သမ္မတနဲ့ အတူ ဒီဘိတ်မှာ အတူရှိနေခဲ့တဲ့ အကြံပေး ဟုပ်ဟက်ခ်လည်း ကူးစက်ခံရပါတယ်။ သမ္မတဆီကပဲကူးသလဲဆိုတာကတော့ မသိနိုင်ပါဘူး။ သုတေသနတွေအရ ရောဂါရှိသူ တစ်ယောက်ဆီက ရောဂါ အများဆုံး ပြန့်သွားနိုင်တဲ့အချိန်ဟာ ရောဂါလက္ခဏာ မပေါ်ခင် ရက်ပိုင်းဖြစ်ပါတယ်။ အကယ်၍သာ ထရမ့်နဲ့ သူတို့ အဖွဲ့တွေဟာ ဒီဘိတ်မတိုင်ခင်ကတည်းက ရောဂါ ကူးစက်ခံထားရပြီးသားဆိုရင် အခြေအနေက ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒီဘိတ်ခန်းမထဲက လူတွေရော၊ ဒီဘိတ်ကိုပြင်ဆင်ပေးရတဲ့ ဝန်ထမ်းတွေရော၊ နောက်ဆုံး အခမ်းအနားမှူး ခရစ် ဝေါလေ့စ်ရော အန္တရာယ် ရှိသွားပါပြီ၊

ဂျိုးဘိုင်ဒင်ကတော့ သောကြာနေ့ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရပါဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဆေးတဲ့အချိန်မှာ ရောဂါ လက္ခဏာ မပေါ်ဘဲ နောက်ထပ် ရက်အတန်ကြာမှ ရောဂါ လက္ခဏာပေါ်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဘိုင်ဒန်ရဲ့ အကြံပေးက ထရမ့်အဖွဲ့နဲ့ သူတို့အဖွဲ့ကြားမှာ တလျောက်လုံး ဝေးဝေးမှာပဲ နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗာဂျီးနီးယား တက်စ်ရဲ့ ပါမောက္ခဖြစ်ပြီး လေကြောင့် ကူးစက်တတ်သော ရောဂါရေးရာ ကျွမ်းကျင်သူ လင်းဆေးမားက လူဦးရေကန့်သတ်တာနဲ့ ခပ်ခွာခွာနေတာဟာ ရောဂါကူးစက်မှုကို လျော့ကျစေတာမှန်ပေမယ့် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဟာ စီးကရက် မီးခိုးငွေလိုပဲ လေထဲမှာ တရစ်ဝဲဝဲ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရောက်

နောက်ဆုံးသတင်းအရ သမ္မတနဲ့ လောလောလတ်လတ်တွေ့ခဲ့ကြတဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ အောင်နိုင်ရေးအဖွဲ့တွေမှာလည်း ရောဂါပိုးတွေ့ရှိရတဲ့ အဖြေတွေထွက်လာပါတယ်။ တချို့လည်း အဖြေ ကို စောင့်နေဆဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သမ္မတကို Walter Reed စစ်ဆေးရုံကို ပို့ထားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ပထမဆုံးနိုင်ငံ့ခေါင်းဆောင်မဟုတ်ပါဘူး။ ဘရာဇီးသမ္မတဘိုလ်ဆိုနာရိုနဲ့ ဗြိတိန် ဝန်ကြီးချုပ်ဂျွန်ဆင်တို့လည်း ကူးစက်ခံခဲ့ရပြီးပြန်ကောင်းခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ်ကတော့ ဝန်ကြီးချုပ် ကျန်းမာရေးမကောင်းတဲ့အချိန်မှာ တကယ်စနစ်ကျပါတယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရေးစနစ်မှာတောင် ပြဿနာတွေ တက်ဖူးတယ်လို့ သတိပေးထားပါတယ်။ 

ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ မတ်လမှာ ကူးစက်ခံရပြီး အစိုးရအဖွဲ့ဟာ ရက်အတန်ကြာအောင် အကြပ်အတည်းကာလကြီးထဲမှာ ခေါင်းဆောင်မရှိသလို ဖြစ်ခဲ့ရတယ်လို့ ရေးပါတယ်။ ဂျွန်ဆင်က ဒေါင်းနင်းလမ်းနေအိမ်ကနေ Zoom ကို သုံးပြီး အလုပ်မပျက်အောင်တော့ ကြိုးစားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ သူ့ကိုယ်သူ ကျန်းမာရေးကောင်းသူ အဖြစ် အမြဲတမ်း ကြွေးကြော်ပေမယ့် သူ့အသက် အရွယ်၊ သူ့ ခန္ဓာကိုယ်အချိုးအစားနဲ့တော့ ငယ်ရွယ်သေးတဲ့ ဘိုလ်ဆိုနာရိုနဲ့ ဂျွန်ဆင်တို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒီရောဂါရဲ့ သဘောက ပထမ တပတ်မှာ ရောဂါက မပြင်းထန်ပေမယ့် ဒုတိယအပတ်လောက်ကစလို့ အခြေ အနေဆိုးလာတာမျိုး ဝန်ကြီးချုပ် ဂျွန်ဆင်တုန်းကလည်း ဖြစ်ခဲ့ပါတယ်။

အကယ်၍ ဒေါ်နယ်ထရမ့်သာ ဆေးရုံတက်ရပြီး တာဝန်ထမ်းဆောင်နိုင်တဲ့အခြေအနေမရှိတော့ရင် အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ( 25th amendment ) ဒုတိယ သမ္မတကို ယာယီ တာဝန်လွှဲအပ်နိုင်ပြီး ပြန်လည် ကျန်းမာလာတဲ့အခါမှာ တာဝန်တွေကို ပြန်လည် ထမ်းဆောင်နိုင်ပါတယ်။ ဒါဟာ သမ္မတ ရေဂင်လက်ထက် (၁၉၈၅) ၊ သမတ ဘုရှ် (အငယ်) လက်ထက် (၂၀၀၂ နဲ့ ၂၀၀၇) တို့မှာ ဆေးကုသမှုခံယူတဲ့အတွက် ဒုတိယ သမ္မတတွေကို တာဝန်လွှဲပေးခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ 

သုံးကြိမ်စလုံးမှာ ဒုတိယ သမ္မတတွေကို ယာယီတာဝန်လွှဲကြောင်း သမ္မတ ကိုယ်တိုင်က စာနဲ့ ရေးပြီး တရား ဝင် လွှဲပေးရပါတယ်။ သုံးကြိမ်စလုံးကလည်း  နာရီပိုင်းပဲ ကြာခဲ့ပါတယ်။ ရော်နယ်ရေဂင် လက်ထက်မှာ ဒုတိယ သမ္မတဖြစ်ခဲ့တဲ့ဘုရှ် (အကြီး) က ၈ နာရီကြာ၊ ဘုရှ် ( အငယ်)လက်ထက်မှာ ဒုတိယသမ္မဖြစ်ခဲ့တဲ့ ဒစ်ခ်ချေနီက နှစ်ကြိမ်စလုံး ၂ နာရီခွဲဝန်ကျင် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

Ref: Times, Foreign Policy, Reuters

https://www.facebook.com/nethwin.nyein/posts/1138613446555742 မှ...ယူပါတယ်။