Breaking News

ထရန့်လိုပဲ အမေရိကန်သမ္မတ ဝီလဆင် စပိန်တုတ်ကွေးတုန်းက 'အအေးမိ' ခဲ့ဖူးကြောင်း သမိုင်းရှိ

ထရန့်လိုပဲ အမေရိကန်သမ္မတ ဝီလဆင် စပိန်တုတ်ကွေးတုန်းက 'အအေးမိ' ခဲ့ဖူးကြောင်း သမိုင်းရှိ

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၀

၂၀၂၀ အောက်တိုဘာ ၂ မှာ အမေရိကန်သမ္မတကြီး ထရန့် ကိုဗစ်၁၉ ပိုးကူးစက်ခံရကြောင်း တရားဝင် ကြေညာရတယ်။ အခု စနေ၊ တနင်္ဂနွေမှာ ဝေါလ်တာရိဒ်ဆေးရုံမှာ ကုသမှု ခံယူနေဆဲ။ သမတအနီးကပ်လက်ထောက်တဦး ကူးစက်ခံရတာကို ဖုံးဖိထားတာကနေ သမတအပါအဝင် အခြားသူတွေ အစိုးရအဖွဲ့ဝင်တွေကိုပါ ကူးစက်ကုန်ပြီလားလို့ မေးခွန်းတွေ ဖိအားများလာပြီးနောက် သမတကိုယ်တိုင် ငါတော့ ကိုဗစ်ဖြစ်နေပြီလို့ ဝန်ခံရပါတယ်။ ခုချိန်မှာ သမတကြီး ထရန့်က ဆေးရုံကနေ အလုပ်လုပ်နေတယ် ပြောတယ်။ အမေရိကန်အစိုးရ လုပ်ကိုင်နိုင်စွမ်းရည်ဟာ သမတနဲ့ အိမ်ဖြူတော်ကလူတွေ ကိုဗစ်ထိထားချိန်မှာ အကြီးကျယ်ဆုံး မေးခွန်းပဲ ။ ဘယ်လောက် အလုပ်လုပ်နိုင်မှာလဲ။

သမတတွေ ကပ်ဘေးကာလမှာ ပိုးထိတာ အမေရိကန်သမိုင်းမှာ ဖြစ်ပြီးသားပါ။ သင်ခန်းစာယူပြီး ယှဉ်စဉ်းစားဖို့ပဲ လိုပါတယ်။ ၁၉၁၈ စပိန်တုတ်ကွေး ကပ်တုန်းက အမေရိကန်တွေ သိန်းချီ သေတယ်။ ပထမကမ္ဘာစစ်ကိုလည်း အပြီးသပ် တိုက်နေရတဲ့ အချိန်လည်း ဖြစ်တယ်။ အဲသည်တုန်းက သမတကြီး ဝူဒရိုဝီလဆင်ဟာ ထရန့်လိုပဲ စပိန်တုတ်ကွေးကပ်ကို ဖိဖိဆီးဆီး ကာကွယ်ကုသပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ နောက်တော့ သူလည်း ၁၉၁၉ ဧပြီ ဥရောပမှာ ကြီး၄ကြီး ငြိမ်းချမ်းရေးစာချုပ်ထိုးဖို့ အသွား တုတ်ကွေးမိတော့တာပါပဲ။

သည်တုန်းက သူ့သမတဆရာဝန်က ဖုံးဖိထားခဲ့တယ်။ အရေးကြီးတဲ့ အချိန်ဆိုတော့ သမတကြီး အအေးမိရုံလေး မိတယ် ဆိုပြီး သတင်းထုတ်ပြန်တယ်။ အဲသည် 'အအေး' က မိသားစုဝင်တွေ၊ လုံခြုံရေးတွေ၊ လက်ထောက်တွေကိုပါ ကူးစက်ကုန်တယ်။ စပိန်တုတ်ကွေး မဟုတ်ပါဘူး၊ သာမန်ခရီးပမ်းလို့ အအေးမိနှာစေးလေးပါ ဆိုပေမယ့် ဝီလဆင်ဟာ တကယ်တန်းမှာ သတိတွေ မကပ်ဘဲ အဖျားအနာကြောင့် ကယောင်ကတန်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဥရောပအနာဂတ်အတွက် အမေရိကန်အင်အားနဲ့ အဆုံးအဖြတ်ကို အားကိုးနေရချိန်မှာ ဝီဆင် ဖျားနာတာအတွက် အတော်ကို ကသီကြတယ်လို့ သမိုင်းဆရာတွေက ရေးပါတယ်။ 

ဝီလဆင်ဟာ တုတ်ကွေးကနေ နလန်မထူတော့ပါဘူး။ ၆ လနေတော့ လေဖြတ်ပြီး ကိုယ်တခြမ်းလား ကိုယ်တပိုင်းလား သေသွားတယ် တဲ့။ သမတအလုပ်ကနေလည်း အနားယူလိုက်ရတယ်။ ၁၉၂၄ မှာ သူ ကွယ်လွန်ပါတယ်။ ဝီလဆင်ဟာ ဒီမိုကရက်သမတဖြစ်ပါတယ်။ အဲသည်တုန်းက ဒီမိုကရက်ပါတီက အခု ရီပတ်ဘလစ်ကန်ပါတီလိုမျိုး လူဖြူဦးစားပေး လက်ယာစွန်းဝါဒီများ အားကောင်းခဲ့စဉ်ဖြစ်ပါတယ်။ ဝီလဆင်ဟာ ဒေါ်နယ်ထရန့်ကို အခု ဝေဖန်နေကြသလို အသားအရောင် ခွဲခြားသူ၊ လူဖြူအစွန်းရောက်အားပေးသူအဖြစ် ဝေဖန်ခံရသူ ဖြစ်ခဲ့ပါတယ်။

https://www.usatoday.com/story/news/politics/2020/10/03/trump-covid-1918-flu-struck-woodrow-wilson-pandemic/3607579001/