Breaking News

ဘုန်းနိုင်လင်း - အောက်တိုဘာစီးဆင်းမှု ၂၀၂၀

အောက်တိုဘာစီးဆင်းမှု ၂၀၂၀

ဘုန်းနိုင်င်း 

(မိုးမခ) အောက်တိုဘာ ၂၇ ၊ ၂၀၂၀


နေရောင်ခြည်ဝါဒနဲ့

ပျံသန်းနေဆဲ အောက်တိုဘာ

လှိုင်းတွေ မြစ်အတိုင်းခုတ်မောင်းလာခဲ့

ရာသီလေ ကိုက်ချီလာတဲ့အလွမ်းက

လေညာအရပ်ကအချစ်

ပန်းအက္ခရာတွေ ဘယ်နာမည်နဲ့ပွင့်မှာလဲ


မြေပြင်ကချစ်ခြင်းအထွေထွေမှာ

ယုံကြည်ခြင်းတွေ ရင့်မှည့်နေပြီ

တိမ်တွေကဖို့ ကောင်းကင် အသင့်ဖြစ်ပြီလား

နက္ခတ်စုံမယ့်ညဆီ ကြယ်တွေအသင့်


အောက်တိုဘာ ဟာ စီးဆင်းနေပြီ

မြို့တွေရွာတွေပေါ်

လယ်ကွင်း မြစ်ပြင်နဲ့ အင်းအိုင်တွေပေါ် 

ချောင်းငယ်မြောင်းငယ်ပါမကျန်

မြေနီလမ်းနဲ့အဝေးပြေးလမ်းမကြီးတွေပေါ်


အောက်တိုဘာ ဟာ စီးဆင်းနေပြီ

တောင်တန်း ပင်လယ်နဲ့မြေပြန့်လွင်ပြင်တွေပေါ်


ချစ်သူရဲ့နှင်းဦးပေါက်လမ်းကလေးပေါ်

ချစ်သူရဲ့ ဆံနွယ်စကလေးပေါ်

အောက်တိုဘာဟာ စီးဆင်းနေပြီ


အောက်တိုဘာဟာ

အနာတရ ဒါဏ်ရာတွေ ပေါ်စီးဆင်းနေပြီ

အောက်တိုဘာဟာ

ဘေးဆိုး အန္ထရာယ် ပိုးလမ်းမတွေပေါ် စီးဆင်းနေပြီ


အောက်တိုဘာဆိုတာ

လူတန်းစားအမြင်ရင့်မှည့်ခဲ့ဘူးတဲ့

သမိုင်းအမြင်နဲ့ ရာစုနှစ်ဟောင်းတွေဖြတ်သန်းခဲ့


အောက်တိုဘာဟာ

နစ်ရှေးကိုခေါ်ခဲ့

ဂျွန်လင်နွန်ကိုခေါ်ခဲ့

ပီကာဆိုကိုခေါ်ခဲ့

စီးဆင်းမှုထဲ ရှင်သန်နေတဲ့အလင်းတွေ


သူ့ကောင်းကင်ကိုဖွင့်ထားတဲ့ အောက်တိုဘာဟာ

ဆီမီးရောင်စုံနဲ့သီတင်းကျွတ်တွေကိုသယ်ဆောင်ခဲ့


အောက်တိုဘာဟာ

လောကဒါဏ်တရားတွေအပေါ် စီးဆင်းနေပြီ

တောင်ကုန်းလေးပေါ်က လွမ်းစေတီ နဘေး

ဆုတောင်းပြည့်စေတီလေးရဲ့ ဆည်းလည်းသံထဲထိ

အောက်တိုဘာဟာ စီးဆင်းနေပြီ


အောက်တိုဘာဟာ

အရောင်မပြောင်းတဲ့ နေရောင်ခြည်ဝါဒနဲ့

နှစ်တွေပြောင်းပြီး စီးဆင်းလာနေပြီ


စီးဆင်းနေတဲ့အောက်တိုဘာဟာ

နှလုံးသားထဲ ကျွံကျသွားတဲ့အထိ

ယုံကြည်မျော်လင့်ခြင်းအလံလွှင့်လာပြီ


အောက်တိုဘာရဲ့ စီးဆင်းမှုဆိုတာ

ကောင်းကင်နဲ့မြေပြင်မှာပွင့်လာမယ့်

ရောင်စုံပန်းခင်းကြီးဆီ ရောက်သည်အထိ

ဆေးပေါင်းခဖို့ စီးဆင်းလာပြီ။


27Oct2020

TUE

1:40AM