နိုင် ဝင်း သီ - အလွမ်းဘူတာ
နိုင် ဝင်း သီ
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၀
(တစ်)
ဥဩသံတွေထဲမှာရထားဥဩသံဟာလွမ်းစရာ အကောင်းဆုံးဆိုလား။ သောမတ်စ် ဝုဖ်ရဲ့အရေးအသားတစ်ခုထဲမှာ ဖတ်ခဲ့ဖူးတာ။
(နှစ်)
ဘဝမှာ အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ လူတွေဟာ ခုရက်ပိုင်းထဲမှာပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ။ အသက်ရှင်ကျန်ခဲ့သူဆိုတာကလည်း ဟိုမသွားရ ဒီမလာရနှင့် သေဆုံးသွားသူတွေနှင့် ဘာမှမခြား။ လူတွေကို ကြည့်လိုက်ရင် မျက်လုံးအသေ...လှုပ်ရှားမှုအသေ မတုန်မလှုပ် ကျောက်ဆစ်ရုပ်တစ္ဆေတွေ။
လိုင်းဟာ မတို့ရဲမထိရဲလောက်အောင်သေခြင်းတရားတွေ ပူးကပ်စီးဝင်နေပြီလား။ လူမှုကွန်ရက်ကိုဖွင့်လိုက်တာနဲ့ ပြတ်တောက်နေတဲ့အသက်ဇီဝဓါတ်တစ်ခုခုဟာ လူးလွန့်တိုးထွက်လာခဲ့ပြီ။
အနုပညာလောက ထဲကလား...။
ချစ်သူခင်သူတွေထဲကလား...။
ကိုယ့်ရဲ့ ဇာတိမြို့လေးထဲကပဲလား.....။
လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတာဟာ ဘယ်လိုမှယုံကြည်နိုင်စရာမရှိ။ အသက်ဓာတ်ဟာ မီးခိုးငွေ့မျှင်မျှင်လေးတွေလို ပါးလျားမှုန်ဝေလို့။ လေနှင်ရာအရပ်ဆီ လွင့်ပါးပျောက်ကွယ်လို့။ အဲဒီမီးခိုးငွေ့ အမျှင်အတန်းလေးတွေထဲက တစ်ယောက်သောသူကတော့ ကျွန်တော်တို့ရဲ့ချစ်ခင်လေးနက်မှု အဝန်းအဝိုင်းထဲက အယ်ဒီတာ ကဗျာဆရာကိုဝင်းသူရ.....။
ကိုဝင်းသူရရဲ့ အမည်ကြားလိုက်ရုံနှင့်ပါးဖောင်းဖောင်း ...နှုတ်ခမ်းမွေး သန်သန်စွမ်းစွမ်းနှင့် ရှည်လျားသောဆံနွယ်တွေနှင့် ခပ်ဖိုင့်ဖိုင့် လူတစ်ယောက်ဟာ အာရုံမှာထင်ထင်လင်းလင်း။ မဟေသီကိုမရောက်ခင် သုဝဏ္ဏကျွန်းရွှေမြိုင်လမ်း ကလျာမဂ္ဂဇင်းမှာထဲက သူဟာ ကျွန်တော်တို့နဲ့ ကျွမ်း ဝင်ရင်းနှီးနေခဲ့တဲ့ အစ်ကိုတော်တစ်ယောက်။
မြားနတ်မောင်မှာ သူအမှုဆောင်အယ်ဒီတာဖြစ်လာတော့ သူ့ရဲ့အရိပ်ဟာ ကျွန်တော်တို့နဲ့ ပိုပြီးတော့နီးကပ်လာခဲ့။မြားနတ်မောင်မှာ သူရှိစဉ်ကပဲ " ကြေကွဲမြို့ "ဆိုတဲ့ ကျွန်တော့်ရဲ့ဝတ္ထုတစ်ပုဒ်ဟာ မောင်နိုးရဲ့ အစောပိုင်းလက်ရာနဲ့ မဂ္ဂဇင်းဝတ္ထုရှည် စ/ဆုံး အနေနဲ့ပါလာခဲ့တာ။ဖြစ်ချင်တော့ "ကြေကွဲမြို့" ဟာ စာပေစိစစ်ရေးက တစ်ပုဒ်လုံးဖြုတ်ခိုင်းလိုက်လို့ ရေးပြစရာစကားလုံး တစ်လုံးမှမရှိရလေအောင် ပူလောင်ကြေကွဲသွားရတာ။ ကြေကွဲမြို့ ကျဆုံးသွားခဲ့တဲ့ ၁၉၉၉ ခုနှစ်မတ်လထုတ် မြားနတ်မောင်မဂ္ဂဇင်းဟာ အခုချိန်အထိ ကျွန်တော့်ဘဝထဲမှာ အမှတ်တရလေးတစ်ခုလို ဖြစ်နေခဲ့ရတာ။အလင်းတံခါး စာအုပ်တိုက်က ကျွန်တော့်ရဲ့ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်တဲ့ ခရမ်းပြာကောင်းကင်ကို ပုံနှိပ်တော့လည်း မြားနတ်မောင်ပုံနှိပ်တဲ့ ရေကျော်ထဲက မာကျူရီ ပုံနှိပ်တိုက်မှာသူကိုယ်တိုင် လိုက်အပ်ပေးခဲ့တာ။
(သုံး)
တွေ့ဖူးသမျှလူတွေထဲမှာတော့ စကားလုံးနည်းနည်း၊ အကြောင်းအရာနည်းနည်း၊ ညည်းညူသံနည်းနည်းနဲ့ ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းသွားခဲ့တဲ့လူတစ်ယောက်။နာကျင်မှုမှာလည်း အသံတွေနဲ့ပါပဲ။ ဒါပေမဲ့သူနဲ့ ထိတွေ့ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ပုဂ္ဂလိကနာကျင်မှုတွေပေါက်ကွဲပွင့်ထွက်လာတာမျိုး တစ်ကြိမ်တစ်ခါမှ ကျွန် တော်မတွေ့ဖူးခဲ့။
ပြောမယ်ဆိုရင် သူဟာ လေထန်ကုန်းမပေါ်ခင် ဝါဇီ၊ ပွင့်ဦး၊ ရွှေကြည်အေ၊း ဇော်မင်း ဂစ်တာဥယျာဉ်ခေတ်ကတည်းက ရန်ကုန်လမ်းမတွေပေါ်မှာ တစ်ကိုယ်တည်း ရဲရဲရင့်ရင့်လျှောက်လှမ်းလာခဲ့တဲ့ မြစ်ဝကျွန်းပေါ်သား ကဗျာဆရာ။ အနိဋ္ဌာရုံ စစ်မီးလျှံတွေတောက်လောင်လာခဲ့တဲ့ နှစ်ကာလတွေကို ဖြတ်သန်းလာခဲ့သူမို့ သံလွင်ခက်ကိုက်ချီလာတဲ့ ငြိမ်းချမ်းရေးငှက်ကို ချစ်မက်မြတ်နိုးမှာ အသေအချာ။
မြားနတ်မောင်မှာ သူ ရှိနေစဉ်ကာလကသုံးနာရီနောက်ပိုင်းဆို လေထန်ကုန်းထဲ လွယ်အိတ်ကြီးတဖားဖားနဲ့ ရောက်လာခဲ့ပြီ။ သူ့ရဲ့ဖွားဘက်တော်လွယ်အိတ်ကြီးထဲမှာလည်း စာမူတွေစာအုပ်တွေနဲ့ အမြဲတမ်းလိုလို လေးလံဖောင်းကားလို့။ သူဟာ ၃၃ လမ်းတိုလေးထဲကို အနောက်အရပ်က ဝင်လာပြီး အကြောင်းကိစ္စပြီးစီးသွားတာနဲ့ အရှေ့အရပ်ဆီ ပြန်လည်ထွက်ခွာသွားတတ်သူ တစ်ဦး။တစ်ခါတစ်ခါ ကိုအောင်ဝေးနဲ့အတူတူရောက်လာပြီး ကိုအောင်ဝေးနဲ့ပဲထပြန်သွားတတ်တာ။
(လေး)
"၃၃ လမ်းသည် လမ်းတိုကလေးသာဖြစ်သည်။ အနုပညာသမားတို့၏ ဒုက္ခကား ရှည်လျားထွေပြား၏။"
( ပိုင်သ )
မဟေသီ ၊ ၁၉၉၁ / စက်တင်ဘာ
ရှောင်ဇေလီဇေလမ်း၊ ပဥ္စမရိပ်သာလမ်း၊ ဘရော့ဒ်ဝေးလမ်း၊ ရှာရေမီဒီလမ်း၊ ၃၃ လမ်း။
လေထန်ကုန်းနဲ့...
မြို့ပြခို ဆယ့်လေးငါးကောင်နဲ့...
အချိန်းအချက် အမျှော်အစောင့်လုပ်ရာ လမ်းထိပ်က ခရေပင် ပုပုဝိုင်းဝိုင်းလေးနဲ့...
စာရေးဆရာ၊ကဗျာဆရာတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့...
နာကျင်မှုတွေထဲက ထွက်ကျလာတဲ့ အရေးအသားတွေနဲ့...
ဘယ်လမ်းဟာ ၃၃လမ်း လောက် လှပနိုင်မလဲ။
ပိုင်သရေးဖွဲ့ထားခဲ့သလို ၃၃ လမ်းဟာ လမ်းကလေးတိုသလောက် စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရှည်လျားတောက်ပခဲ့ရတဲ့ ဝဋ်နာကံနာ လမ်းလေးတစ်လမ်း။ ဖြတ်သန်းဖြတ်လာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ အနာတရတွေနဲ့ပြည့်နှက်လို့။
မောင်လေးအောင်၊ သခွပ်နီ၊ မြေချစ်သူ၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး၊ အောင်ဇင်မင်း၊ မောင်ရန်ပိုင်၊ မောင်စိမ်းနီ၊ မောင်ခက်ပန်၊ ခင်ဝမ်း၊ ကိုနေဝင်း၊ ကိုရဲလွင်၊ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ မုတ်သုံ၊ အောင်ဝေး၊ ထွန်းဝေမြင့်၊ လှထွန်းအောင် ၊မူးမူး၊ မောင်ဆွေတင့်၊ ချစ်ဦးညို၊ မြင့်မောင်မောင်၊ ကျော်မင်းနိုင်နှင့် ............။
ကျွန်တော်တို့ ၃၃လမ်းထဲကို ခြေမချခင်ကတည်းက ကိုဝင်းသူရနဲ့ ရှေးက စီနီယာအစ်ကိုတွေ ဆရာသမားတွေရဲ့ ခြေလှမ်းတွေဟာ လမ်းတိုလေးထဲမှာ ရှိနှင့်နေခဲ့ပြီ။ အဲဒီထဲက တချို့ဟာ ရွှေကြည်အေးမှာ၊ တချို့က ဝါဇီ၊တချို့က ပွင့်ဦးမှာ။
မဟေသီကို သူရောက်သွားပြီး နောက်ပိုင်းမှာတော့ လေထန်ကုန်းဘက်မှာ သူ့ကို သိပ်ပြီးမတွေ့ရတော့။ ခါတိုင်း သုံးနာရီနောက်ပိုင်း အနော်ရထာလမ်းဘက်ကနေချိုးကွေ့ဝင်လာတတ်တဲ့ သူ့ရဲ့အရိပ်လေးဟာ ၃၃ လမ်းအစား မဟေသီမဂ္ဂဇင်းတိုက်ရှိရာ ၄၅ လမ်း အထက်ဘလောက်ကို ရွေ့ လျားသွားခဲ့ပြီ။ မြင်တွေ့နေကျညနေ ခင်းတွေထဲမှာ သူ့ကိုရှာဖို့ ခက်ခဲသွားခဲ့ပေမယ့် သူနဲ့ကျွန်တော့်ကြားမှာ သွေးခုန်သံချင်းတော့ချိတ်ဆက်မှုရှိနေသေး။
"နေကောင်းရဲ့လားညီလေး။ ပျောက်နေတာ ကြာပြီကွာ။ မောင်ရင့် နာမည်ကိုတောင် ကိုယ်မေ့ချင်သလိုလို ဖြစ်နေပြီ"
၀၁ ၂၉၄၄၁၇
အဲဒီ ဖုန်းနံပါတ်ကနေ ယောက်ျားတစ်ယောက်အသံနဲ့ လှမ်းပြောလိုက်ပြီဆိုရင် ဘယ်သူဘယ်ဝါ ပြန်မေးနေစရာမလို။ မတွေ့တာကြာနေလို့ မဟေသီတိုက်နေ သူ လှမ်းအချက်ပြလိုက်တာပဲ။ ကျွန်တော်တို့ချင်းသာ အဓိပ္ပါယ်ဖွင့်ဆိုတတ်တဲ့ သင်္ကေတနဲ့ ကျွန်တော့်ဆီ ကြေးနန်းစာတစ်စောင်
သူ ပို့လိုက်တာပဲ။
သူ့ဆီကနေ အဲသည်လိုအချက်လှမ်းပြလိုက်ပြီဆိုရင် ပြန့်ကြဲနေတဲ့စိတ်ကို စုစည်းထိန်းချုပ်။ ရပ်တန့်နေတဲ့ အရေးအသားတစ်ခုခုကို အဆုံး သတ်နိုင်အောင် အာရုံဝင်စား။ ပြီးဆုံးသွားတဲ့အရေးအသားတစ်ခုခုနဲ့ မဟေသီကို ရောက်သွားပြီဆိုရင်ပဲ ဒီဂရီမျက်မှန်အောက်က သူ့မျက်လုံးတွေဟာ တဖျပ်ဖျပ်နဲ့ဝင်းပသွား။ သူဟာ ကျွန်တော်တို့လေးစားချစ်ခင်ရတဲ့ ဝင်းသူရပေါ့။
ဒီလိုနဲ့ပဲ သူနဲ့ကျွန်တော်ဟာ နယ်မြေဒေသအရသာ ဝေးကွာချင်သလိုလိုဖြစ်နေခဲ့ပေမဲ့ နီမြန်းသော သွေးစီးကြောင်းကတော့ ပြန်လည်နီးကပ်လာခဲ့တာ။ တစ်ခါတစ်ခါ အကြောင်းကိစ္စတစ်ခုခုနဲ့ ရေကျော်ဘက်ကိုရောက်ခဲ့ရင် အချိန်းအချက်လုပ်မနေတော့ဘဲ ၄၅ လမ်းထိပ် လစ်ကာဟောက်စ်လေးမှာ High Commissioner တစ်ပြားဝယ်ပြီး သူ့ဆီကို ဗြုန်းစားကြီး ဝင်ချသွားခဲ့တာ။ အဲဒီလို ရုတ်တရက်ကြီးရောက်လာခဲ့ရင် သူ့မှာ ပျော်ရွှင်မှုတွေနဲ့အတူ သံသရာအဆက်ဆက် ဝမ်းသာလို့မဆုံးနိုင်တော့။
အဲဒါ နှုတ်ခမ်းမွေး ဝံ့ဝံ့ကြွားကြွားနဲ့ ရှည်လျားသော ဆံနွယ်တွေ တလွင့်လွင့်နဲ့ ကျွန်တော်တို့ ချစ်ခင်လေးနက်ရတဲ့ ကိုဝင်းသူရပေါ့။
ဒီလိုနဲ့ပဲ ၄၅လမ်းက မဟေသီတိုက်လေးဟာ ကျွန်တော်တို့အတွက် လမ်းဆုံဘူတာလေးတစ်ခုလိုဖြစ်လာပြီး မကြာခဏဆိုသလို ဆုံခဲ့တွေ့ခဲ့ကြတာ။ မဟေသီမှာဆုံပြီး မဟေသီကနေပဲ သွားလိုရာအရပ်ဆီမြစ်လက် တက်လေးတွေလို စီးဖြာခွဲထွက်သွားခဲ့ကြတာ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမကွေး တိုင်း၊ ပွင့်ဖြူအပိုင် ဇောင်ချမ်းကုန်းရွာလေးထဲမှာ စာပေဟောပြောပွဲလေးလုပ်လို့ သွားဟောတုန်းကလည်း သူရယ်၊ ကျွန်တော်ရယ်၊ မောင်တည်အေးရယ်၊ ဆရာထက်ကျော်ရယ် မဟေသီတိုက်မှာပဲ ဆုံရပ်လုပ်ပြီး ပျော်ပျော်ပါးပါး သွားခဲ့ကြတာ။
မြစ်ဝကျွန်းပေါ်သားဖြစ်ပေမယ့် နေရောင်အောက်က မုန်းချောင်းကိုမြင်ရတော့ သူ့မျက်လုံးတွေဟာ ငေးငေးရီရီ။ ပြီး...လှေကားထစ်တွေကို တစ်ထစ်ချင်း ဆင်း။ မုန်းချောင်းရေဝါကို သစ်ခွပြာတစ်ပွင့်လိုအသာအယာ ထိစမ်း။ နောက်တစ်ခေါက်ပြန်လာခဲ့ဦးမယ် မုန်းချောင်းရေတဲ့။ တစ်ခါတစ်ခါမှာ ၄၅ လမ်းထဲကနေ တစ်ခါက မုန်းချောင်းဆီကို သူဟာ အမှတ်တရရှိနေတတ်တာ။ တစ်ခါတစ်ခါ အလွင့်တွေထဲမှာလွင့်နေရင်းနဲ့ ဘယ်ကနေရောက်လာမှန်း မသိတဲ့မောင်စိမ်းနီဟာ ကျွန်တော့်ကိုမြင်တာနဲ့ "ဟေ့ကောင်.. သန်လျင်ပြန်ရမယ့်ကောင်.. ဘယ်အချိန်ရှိပြီလဲ" လို့ဆူပူငေါက်ငမ်းတတ်တာ။ သူငေါက်လို့ နာရီကို အယောင်ယောင်အမှားမှားနဲ့ ကြည့်လိုက်တော့လည်းမိုးမှောင်ဖို့ နေနေသာသာ ညနေသုံးနာရီတောင် မထိုးသေးတာ။
( ငါး )
၄၅ လမ်းဟာ ကျွန်တော့်အတွက် လွမ်းစရာများလှပါတယ်။ နရီပျက် မိုးရေစက်တွေအောက်မှာ အချိန်အခါမဲ့ ဖူးပွင့်တတ်တဲ့ ၄၅ လမ်းထိပ် ပိတောက်ပင်တွေကလည်း လွမ်းစရာ။ မဟေသီကနေ လမ်းငါးဆယ် ကား မှတ်တိုင်လေးကို ပြန်လာတိုင်းဖြတ်လျှောက်နေကျ သိမ်ဖြူလမ်းထဲက စိန်ပန်း ပင်အိုကြီးတွေကလည်း လွမ်းစရာ။ မောင်စိမ်းနီ၊ မောင်တင်ဆင့်နဲ့ ဇော်မိုးလွင်တို့ထိုင်ခဲ့တဲ့ မှုန်မှုန်ရီရီပိတောက်ပွင့်သစ်အခန်းကျဉ်းလေးကလည်း လွမ်း စရာ။ ပိတောက်ပွင့်သစ်ရဲ့အပေါ်ထပ်လေးမှာ ခေတ္တခဏနားခိုသွားခဲ့တဲ့ သစ္စာပိုင်စိုးတို့ရဲ့ Heart ကလည်း လွမ်းမောစရာ။
သူရှိနေတုန်းက သူနဲ့ပတ်သက်တဲ့အမှတ်တရတွေဟာ သူ ထွက်ခွာသွားတော့ ပိုပြီးလွမ်းစရာကောင်းသွားခဲ့။
ဘာပဲပြောပြော ကျွန်တော်ကတော့ စတိုင်သစ်မဂ္ဂဇင်းထဲမှာ သူရေးဖွဲ့ထားခဲ့တဲ့ " တတိယလွန်းထိုး" ကဗျာထဲက အရေးအသားတချို့ကို သတိရနေမိဆဲ.....။
အတက်လမ်း
လိုဏ်တစ်ခုရဲ့ ဝမ်းကြာတိုက်ထဲ တိုးဝင်
ဥမင် မှောင်မည်းမည်းမှာမှ
ခပ်ရဲရဲ ခုတ်မောင်းနေတဲ့ရထားတစ်စင်းပဲ
အလံချိုးမထားပါဘူး
ဘူတာ အချိန်အခါမရွေး ဝင်စေထွက်စေ
အရွယ်သုံးပါးတဲ့
သမရိုးကျအယူအဆဟာ မမှားသေးပါဘူး
လွန်းထိုးတက်ခဲ့ရတဲ့ ရထားကြီးပေါ့
ဘဝရဲ့ သုံးပုံ ခရီးတာမှာ
ပုံပြီး သွန်လိုက်ပါပြီ
လက်ကုန် ဇက်ကုန် စက်ကုန်။
သူ့အရေးအသားတွေဟာ သူ့ ဘဝရဲ့ပုံရိပ်ကောက်ကြောင်း။ သူ့ဖြစ်တည်မှုရဲ့ နိမိတ်ပုံ။ သူဟာ ခေတ်ပြိုင်ဘဝတွေထဲမှာ မမောနိုင်မပန်းနိုင် ခုတ်မောင်းလာခဲ့တဲ့ရထားတစ်စင်း။ သူ့ရထားဆီက နောက်ဆုံးဥဩသံလေးပင် ကျွန်တော်တို့မကြားလိုက်ရ။ အဲဒီရထားဟာ မည်းမှောင်နေတဲ့ဥမင်လိုဏ် ခေါင်းကိုဖြတ်ပြီး သံသရာခရီးရှည်ကြီးထဲကို တိုးဝင်သွားခဲ့ပြီ။
လက်ကုန် ဇက်ကုန် စက်ကုန်........။
နိုင် ဝင်း သီ
( ၂၃ ၊ ၁၀ ၊ ၂၀၂၀) ရက်နေ့က ကွယ်လွန်သွားခဲ့သော မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မြန်မာကဗျာဆရာ ဝင်းသူရသို့ .....)