Breaking News

မောင်ရစ် - ကိုဗစ်ကြီး ဘယ်လိုဇာတ်သိမ်းမှာလဲ



မောင်ရစ် - ကိုဗစ်ကြီး ဘယ်လိုဇာတ်သိမ်းမှာလဲ

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၀

ကိုဗစ်ဖြစ်တာ တနှစ် ပြည့်တော့မယ်။ အခုမေးခွန်းက ကိုဗစ်ကြီး ဘယ်တော့ ဇာတ်သိမ်းမှာလဲ။ တနေ့နေ့ တချိန်ချိန်မှာ တနည်းနည်းနဲ့တော့ ပြီးဆုံးသွားမှာပါလို့တော့ သေချာပေါက် ပြောနိုင်ပါတယ်။ အမြဲတန်း ကိုဗစ်ရောဂါကပ်ဆိုးကြီးက ရှိနေမှာတော့ မဟုတ်ပါဘူး။ အခြား ကပ်ဆိုးတွေ ဘေးဆိုးတွေလိုပဲ သူလည်းပဲ အစရှိသလို အဆုံးရှိကြတာချည်းပဲ မဟုတ်လား။

ဥပမာ ၁၉၁၈-၁၉ တုတ်ကွေးကပ်ဘေးတုန်းကဆိုရင် ၂၀ ရာစု၏ အဆိုးဝါးဆုံး ကပ်ကြီးလို့ သမိုင်းတွင်ပါတယ်။ လူ သန်း ၅၀၀ ကို ကူးစက်တယ်။ လူ သန်း ၅၀ သေဆုံးတယ်။ အမေရိကားမှာ လူ ၇ သိန်းနီးပါး သေပါတယ်။ ဒီတုတ်ကွေးကို နောက်ပိုင်းကျမှ သုတေသနပြုတာ၊ စစ်တမ်းတွေ ထုတ်တာ၊ နားလည်ဖို့ ကြိုးစားကြတာ၊ ကုသမှုတွေ ကာကွယ်မှုတွေအတွက် လုပ်ကြတာဟာ နှစ်နဲ့ချီပြီး ကြာတယ်၊ စောင့်ကြရပါတယ်။ သည်လိုပဲ ကိုဗစ်၁၉ ကပ်ကြီး ပြီးဆုံးပြီနောက်မှ အဖြေထုတ်နိုင်ကြမှာ ဖြစ်တယ်လို့ ခန့်မှန်းလို့ရပါတယ်။

အဲသည်တုန်းက သင်ခန်းစာတွေအရ ကပ်ရောဂါတွေ ဘယ်တော့ ရပ်သွားသလဲ မေးရင် သူတို့မှာ နောက်ထပ်ကူးစက်စရာ လူတွေ ထပ်ရှာမတွေ့တော့ရင် ရပ်သွားတော့တာပဲလို့ ဖြေရမှာ ဖြစ်ပါတယ်။ ၁၉၁၈ က စတဲ့ တုတ်ကွေးဟာ ၁၉၂၀ ကျော်တော့မှပဲ တရားဝင် ပြီးသွားတယ်လို့ ဆိုကြပါတယ်။

ဆေးသုတေသနနဲ့ ဆေးဘက်ဆိုင်ရာသမိုင်းပညာရှင် J Alexander Navarro  အဆိုအရကတော့ - ဗိုင်းရ့ပ်စ်ဟာ  ကမ္ဘာအနှံ့ကို လှည့်ပြီး  ကူးလို့ရနိုင်မယ့် လူတွေ အကုန်ကို ကူးစက်ပစ်လိုက်တာပဲ။ နောက်ဆုံး ကူးစက်ခံရမယ့်တဲ့ လူတွေ ကုန်ပြီဆိုမှ ကပ်အဖြစ်ကနေ ရပ်ဆိုင်းသွားတော့တယ် လို့ ဖြေပါတယ်။

ကူးလို့ရနိုင်မယ့် လူတွေ အကုန်ကို ကူးစက်ပစ်လိုက်တာပဲ။ နောက်ဆုံး ကူးစက်ခံနိုင်တဲ့ လူတွေ ကုန်ပြီဆိုမှ ကပ်အဖြစ်ကနေ ရပ်ဆိုင်းသွားတော့တယ် လို့ ဖြေပါတယ်။

ဗိုင်းရပ်စ်ဟာ သူ့ကူးစက်စရာ လူမကျန်တော့တဲ့အချိန်၊ ကျန်တဲ့လူတွေကလည်း ခံနိုင်ရည်ရှိသွားတဲ့အချိန် (Herd immunity) မှာ ဇာတ်သိမ်းတယ်လို့ ဆိုတယ်။ တုတ်ကွေးဟာ အဲသည်တုန်းက ကမ္ဘာလူဦးရေ၏ ၃ပုံ၁ပုံကို ကူးစက်ပြီးနောက် ရပ်သွားတယ်။ အခု ကိုဗစ်ကတော့ ကမ္ဘာလူဦးရေ ထက်ဝက်ကို ကူးပြီးသွားပါပြီ။ ရပ်မယ့်ပုံ မပေါ်သေးဘူး။

သည်တော့ ၁၉၁၈ တုတ်ကွေးတုန်းက ဘယ်လိုမျိုး ကူးစက်မှုကို ရပ်တန့်နိုင်ခဲ့သလဲဆိုတာကို ပြန်ကြည့်ရင် - လူတွေကို အလွန်အကျွံ ကူးစက်ကုန်တာထက် မကူးစက်အောင် လူတွေက ကာကွယ်နိုင်ခဲ့ကြလို့ ဆိုတာကို ထောက်ပြရမှာ ဖြစ်ပါတယ်။ အခု ယနေ့ ကျန်းမာရေးလမ်းညွှန်တွေဟာ ၁၉၁၈ တုန်းက ကျန်းမာရေးလမ်းညွန်တွေနဲ့ ဆင်တူနီးပါးရှိခဲ့ပါတယ်။ မျက်နှာဖုံးတပ်ကြပါ၊ လက်ဆေးပါ၊ ကျူဝင်ပါ၊ သီးသန့်ခွဲနေပါ၊ ကျောင်းတွေ အလုပ်တွေ ပိတ်ထားပါ …. သည်နည်းလမ်းတွေနဲ့ ကူးစက်မှုကို တားမြစ်ခဲ့ကြတယ်လို့ ဆိုရပါမယ်။

၁၉၁၈ တုတ်ကွေး ပြန့်နှံ့ပုံကို ၂၀၀၇ သုတေသနပြုချက်တွကျမှ ကောက်ချက်ဆွဲထားတာ တခုကတော့ စောစောစီးစီး ကာကွယ်ရေးတွေ လုပ်ခဲ့ကြတဲ့ မြို့နယ်တွေဟာ လူသေနှုန်း ချင်း ယှဉ်ရင် နောက်ကျမှ အရေးယူတဲ့ မြို့နယ်တွေထက် နည်းပါးတယ်၊ အခြေအနေ ကောင်းတယ် တဲ့။ ၁၉၁၈ တုတ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်၊ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘူးဆိုတာကို ရှာတွေ့ကြတာ ၁၉၃၀ ကျမှ သိရတာပါ။ သို့သော် ၁၉၁၈ ကတည်းက ကျန်းမာရေးဌာနတွေ သိပ္ပံပညာရှင်တွေက ကာကွယ်ရေးအတွက် နည်းမှန်လမ်းမှန်ကို ကိုင်စွဲခဲ့ကြလို့ တုတ်ကွေးဟာ ဆက်ကူးစရာ လူမရှိတော့လို့ ကျဆင်းသွားရတာ ဖြစ်တယ်။ အဓိကကတော့ မျက်နှာဖုံး၊ လက်ဆေး၊ ဝေးဝေးနေကြဖို့ဟာ အဲသည်တုန်းကတည်း ဖြေဆေးမရှိသေးချိန်မှာ အကောင်းဆုံးဆေး ဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာလည်း ကိုဗစ်၁၉ ကို နားလည်နိုင်ဖို့ အားလုံးက လုံးပန်းနေကြဆဲ ဖြစ်ပါတယ်။ ဖြေဆေး ရှာမတွေ့မချင်း သိုံမဟုတ်ရင်လည်း ကမ္ဘာလူဦးရေထဲက အတော်များများအထိ ကူးစက်ပြီးသည့်အချိန်အထိ ကိုဗစ်က ရပ်သွားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဆေးရင်လည်း အရင်တွေ့မှ ၊ ကူးစရာလူလည်း လူအကုန်ကူးပြီးမှ ဆိုတာ တခုမဟုတ် တခု သေချာနေပါတယ်။

ဒီကြားထဲမှာတော့ လူတွေက သည်ကပ်ဆိုးကြီး ရိုက်ခတ်မှု ဒဏ်က သက်သာနိုင်သလောက် သက်သာရာရစေဖို့ ကြိုးစားနေကြဖို့သာ ရှိပါတယ်။ ကြိုတင် ကာကွယ်ခြင်းဟာ ကျန်းမာရေးအတွက် လူ့အသက်တွေအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ ၂၀ ရာစု တုတ်ကွေးတုန်းက သင်ခန်းစာရခဲ့ပြိမို့ အခု ၂၁ ရာစုမှလည်း သည်အတိုင်း ရင်ဆိုင်ရုံသာ ရှိပါကြောင်း။

(Time Magazine Oct 19th 2020, Olivia Waxman’s How does a Pandemic End? 1919 flu offers a hint)