Breaking News

ကိုသန်းလွင် - ကိုဗစ်ရောဂါပိုးသည် ဦးနှောက်ကို ထိခိုက်နိုင်ပါသလား



ကိုသန်းလွင် - ကိုဗစ်ရောဂါပိုးသည် ဦးနှောက်ကို ထိခိုက်နိုင်ပါသလား

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၀

(၁)

လူနာသည် ၃ လတိုင်တိုင်ဖျားနာခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ မှုန်ဝါးရီဝေခြင်း၊ ခေါင်းထဲမှာ မကြည်မလင် ဖြစ်နေခြင်းတို့ကိုခံစားနေရပါသည်။ ခံစားရသည်မှာ ဒီမင်းရှား (Dementia)ဖြစ်သလို ကိုယ့်ခန္ဓာကိုယ်ထိန်းသိမ်း နိုင်စွမ်းမရှိတော့သည်ကို တွေ့ရပါသည်။ သူသည်သူ့ဘဝတွင်တခါမှမကြုံဘူးသော ခေါင်းခဲခြင်း၊ ခေါင်းကိုက်ခြင်း ကိုမတ်လ ၉ ရက်နေ့ကစတင်ခံစားခဲ့ရသည်။ အစားအစာကိုလည်းစားလိုစိတ်မရှိတော့။ အစာကိုအရသာမခံနိုင် တော့၊ အနံ့လည်းမရတော့ပြီ။

သူသည် ကိုရိုနာဗိုင်းရပ်ရှိမရှိစမ်းသပ်ရာတွင် (Positive) ဖြစ်နေပါတော့သည်။ သူ့အတွေ့အကြုံမှာ ထူးဆန်းနေပြီး အများတကာတို့ထက် ပို၍ကြာရှည်စွာ ခံစားခဲ့ရခြင်းဖြစ်ပါသည်။ “ကျွန်မက လူတိုင်းကို အတူတူ ဘဲ၊ ဒါတွေကို ထပ်ခါထပ်ခါ ပြောနေရတော့တာဘဲ” “ကျွန်မ သိတဲ့စကားလုံးတွေလည်း မေ့ကုန်ပြီ” ဟုပြောသည်။ သူမ၏လက်ချောင်းခြေချောင်းများသည် ထုံကျင်နေပြီး အထိအတွေ့ကိုမသိနိုင်ဘဲဖြစ်နေသည်။ “ ကြည့်ရတာ မှုန်ဝါးဝါးဖြစ်တယ်၊ လူကလည်းအမြဲအားကုန်ပြီး မောနေတော့တာဘဲ” သူသည်ဖေ့စ်ဘွတ်၏ လူ ၄၀ဝ၀ ကျော် ပါဝင်သော ကိုးဗစ်-၁၉ ကူစက်ခံရပြီး ပြန်ကောင်းလာသူများအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူကိုဗစ်ရောဂါ ကို ဖြစ်ခဲ့သည်မှာ ရက် ၈၀ ကျော်မျှခံခဲ့ရပါသည်။

(၂)

ကိုရိုနာဗိုင်းရပ်ပိုးစွဲကပ်ခံရခြင်းသည် ယခုအခါအသက်ရှုလမ်းကြောင်းတွင် ရောဂါကူးစက်ခံရခြင်းဆိုသည် ထက် ပိုမိုကြောင်းကို သိလာနေကြပါပြီ။ ၄င်းသည်အသက်ရှုလမ်းကြောင်းကိုသာထိခိုက်စေသည့် ရောဂါမဟုတ် တော့ပါ။ အခြားအရေးကြီးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ထိခိုက်နိုင်ပါသည်။ ၄င်းတို့ အထဲ တွင် ဦးနှောက်နှင့် ဗဟိုနာ့ဗ်ကြောစနစ်သည်လည်း အပါအဝင်ဖြစ်ပါသည်။

တရုတ်ပြည်ဝူဟန်တွင် ကိုးဗစ်-၁၉ ရောဂါစွဲကပ်၍ဆေးရုံရောက်သူများ၏ ၃ ပုံ ၁ ပုံကျော်သည် နာ့ဗ်စနစ် ကိုထိခိုက်သူများ ဖြစ်ကြပါသည်။ ထိုသူတို့သည် ဆီးရှား (Seizure) (တက်ခြင်း) ရနိုင်ပြီး အသိဉာဏ်ကိုလည်း ထိခိုက်နိုင်ပါ သည်။ ယခုလစောစောပိုင်းက ပြင်သစ်ဆရာဝန်များ၏သတင်းပေးပို့ချက်တွင် ကိုးဗစ်ဖြစ်ပြီး အိုင်စီယူ (ICU) သို့အပို့ခံရသော လူနာများ၏ ၈၄% သည် နာ့ဗ်ကိုထိခိုက်သောရောဂါဝေဒနာကို ခံစားရကြောင်းပြောပါသည်။ ထိုအထဲမှ ၃၃% မှာ သူတို့ဆေးရုံမှ ဆင်းချိန်တွင် ရှုပ်ထွေးနေခြင်း တောင်မှန်းမြောက်မှန်းမသိ (Disorient) ဖြစ်သောရောဂါဝေဒနာ များ ခံစားရကြောင်းပြောပါသည်။

ကိုလံဘီယာတက္ကသိုလ်မှတာဝန်ရှိသူများ၏အဆိုအရ အာရုံကြေားဆိုင်ရာ ရောဂါများသည်မပျောက်တော့ ဘဲကိုယ်အင်္ဂါများကို မသယ်နိုင်သောရောဂါ (Disability) နှင့် တောက်လျှောက်ဆက်ပြီး ဝေဒနာကိုခံစားရတော့ မည့် သဘောရှိပါသည်။

အင်ဖက်ရှင် ဝင်ခြင်းမှာ (Infection) များမှာ နာ့ဗ်ကြောနှင့်ဆိုင်သော ရောဂါများအဖြစ် ဆစ်ဖလစ်၊ HIV ရောဂါများနှင့် ဆက်စပ်မှုရှိ ကြောင်းကို ကျွန်တော်တို့သိကြပြီးဖြစ်ပါသည်။ ဇီကာဗိုင်းရပ် (Zika) ရောဂါပိုးသည် ဦးနှောက်ကိုပါ ထိုးဖောက်ဝင်ရောက် နိုင်ပြီးဦးနှောက်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါသည်။ အင်းဆက်ပိုးကိုက် ၍ (Lyme) ရောဂါဖြစ်လျင် မကုသဘဲ ထားပါက နာ့ဗ်ကြောများနာကျင်ခြင်း၊ မျက်နှာအသားအရေကိုမထိန်းသိမ်း နိုင်တော့ခြင်း (Facial Palsy) နှင့် ခန္ဓာကိုယ် နောက် ပိုင်းရှိနာ့ဗ်ကြော (Spinal Cord) ကြောရိုးကို ဒုက္ခပေးနိုင်ပါ သည်။ ကိုရိုနာ ဗိုင်းရပ်ပိုးကြောင့်လူတစ်ယောက်သည် မိမိဘာသာ မထိန်းသိမ်းနိုင်ဖြစ်ကာသတိမေ့မြော၍ ကိုမာ (Coma) ဖြစ်သည်။ ထိုလူနာသေသောအခါခွဲစိတ်ကြည့်ရာတွင်ခေါင်းထဲသို့ရောဂါပိုးဝင်ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိ ရပါသည်။

နျူရိုဆရာဝန်များက ကိုးဗစ်ဖြစ်လျင်ရောဂါပိုးသည် ဦးနှောက်ထဲဝင်ရောက် ဒုက္ခပေးနိုင်သည်ဟု ပြောနေခြင်း မဟုတ်ပါ။ ယူဆစရာအကြောင်းလည်းမရှိပါ။ သို့သော်ရောဂါပိုးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ထိခိုက် လျင် ဦးနှောက်ကိုရင့်ရော် (Age) စေနိုင်ပါသည်။ ထိုသို့ဦးနှောက်ကို မည်သို့မည်ပုံထိခိုက်သည်ဆိုခြင်းမှာ ယခု အခါမှ လေ့လာစူးစမ်းနေကြဆဲဖြစ်ပါသည်။

တခုသေချာသည်မှာ ထိုသို့ဦးနှောက်ကို ထိခိုက်မှုသည် အခြားရောဂါများနှင့် ကွဲလွဲခြင်းမှ ကွဲလွဲပါလိမ့်မည်။ လူတစ်ဦး၏ဘဝသက်တမ်းလျှောက်လုံး ဦးနှောက်ကို မထိခိုက်ရအောင် ဂရုစိုက်ရမည်ဖြစ်ပါသည်။ ကိုးဗစ်ဖြစ် သည်ဟု ဆိုသည်နှင့် ထိုရောဂါများ၏ အစုအပေါင်းဒဏ်ကိုခံကြရ ဖို့များပါသည်။ နျူရိုဆရာဝန်များက စိုးရိမ်ကြ သည်မှာ ရောဂါဖြစ်ပြီး ဆေးရုံမှဆင်းလာသူများ၌ နာ့ဗ်ကြောကိုထိခိုက်ခြင်းရှိမရှိကို သေချာစမ်းသပ်ကြည့်ရမည် ဖြစ်ပါသည်။ ဤနေရာ၌ စမ်းသပ်သည်ဆိုခြင်းထက် စောင့်ကြည့်ရမည်ဟု ဆိုခြင်းက ပို၍မှန်ပါလိမ့်မည်။

ဤရောဂါ၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရမည့်ကာလမှာဘဝတစ်လျှောက်လုံးပင်ဖြစ်ပါသည်။ ဦးနှောက်ကိုထိခိုက်ခြင်းဖြစ် သဖြင့်ရောဂါ၏လက္ခဏာများမှာ စောင့်ကြည့်ရန်အချက်များပြားလှပါသည်။ ခန္ဓာ ကိုယ်နေရာအနှံ့ စောင့်ကြည့်ရန်လိုအပ်သည်။

နာဗ်ကြော (Neural Cell)များကို ကိုရိုနာဗိုင်းရပ်ပိုးကထိခိုက်ပျက်ဆီးနိုင်ပါသည်။ ဗိုင်းရပ်သည်ထိုဆဲလ်များ အတွင်းဝင် ရောက်ပြီး အဆပွားများ (Replicate) လာနိုင်သည်။ ဤကဲ့သို့ပြင်ပပိုးများ နှောင့်ယှက်ခံရပြီဆိုပါက လူနာတွင် အသိအမြင်ဆိုင်ရာတို့ ထိခိုက်နိုင်ပြီး ဆိုက်ရှား ရနိုင်ပါသည်။ ဧပြီလအတွင်းက အသက် ၄၀ အရွယ်ရှိ လော့အင်ဂျလီးမြို့ မှမိန်းကလေးတစ်ဦးသည် ခေါင်းခဲခြင်း၊ ဆိုက်ရှားရခြင်း၊ ပုံကြီးချဲ့၍မြင်ခြင်း(Hallucination) စသည်ဖြင့် ရောဂါများဖြစ်နေရာ သူ၏သွေးအတွင်းတွင် ဗိုင်းရပ်၏ (RNA) ကိုတွေ့ရှိကြရသည်။

ကိုရိုနာဗိုင်းရပ်ပိုး၏ နာ့ဗ်စနစ်ကိုထိခိုက်စေရန် နောက်တနည်းမှာ ကိုယ်ခန္ဓာ ခုခံအား (Immune System) ကတုန့် ပြန်မှုများကြောင့်ပင်ဖြစ်သည်။ ရောဂါကူးစက်ခြင်းအင်ဖက်ရှင်ဝင်ခြင်း သည်ဦးနှောက်အတွက်မကောင်း ပါ။ ဦးနှောက် (Brain Inflammation) သည်သွေးကိုခဲစေခြင်း(Blood Clot) ဖြင့်လူကိုဒုက္ခပေးသည်။ လေ့လာမှု များက ကိုးဗစ် လူနာ ၃၀% တွင်ဤရောဂါဖြစ်ပွားကြောင်းတွေ့ရှိရပါသည်။ သွေးထဲတွင်သွေးခဲ (Clot) များရှိပါ က ဦးနှောက်၏ စွမ်းဆောင်နိုင်မှုကိုလျော့ကျစေသည်။ ထိုသွေးခဲများကြောင့် နှလုံးကို ထိခိုက်ပြီး စထရုတ် (Stroke) ရစေနိုင်သည်။

နှလုံးထိခိုက်ပြီဆိုသည်နှင့် ဦးနှောက်ကို အောက်ဆီဂျင် ပေးနေသောစနစ်မှာ ချို့ယွင်းလာတော့သည်။ တရုတ်ပြည်နှင့် အီတလီရှိ ကိုးဗစ်လူနာများကို လေ့လာရာမှ လူနာစုစုပေါင်း၏ ၅% သည် စထရုတ် ရနိုင်သည် ကိုတွေ့ရှိရပါသည်။ နယူးရော့ဆေးရုံများမှ စမ်းသပ်ချက်မှာမှုထိုရာခိုင်နှုန်းသည် ၅% ထက် များစွာလျော့နည်းပြီး လူနာများ၏ ၁% သာစထရုတ် ရနိုင်ကြောင်းပြောကြပါသည်။

ထိုသို့ရောဂါကူးစက်ခြင်းဒဏ်ကိုခံရသောကိုယ်ခန္ဓာက ဆိုက်တိုကိုင်း (Cytokine Storm) ကိုထုတ်ပေးပါ သည်။ ကိုယ်ခန္ဓာ ၏ခံနိုင်ရည်အားကို ဖန်တီးပေးသောစနစ်၏ တုန့်ပြန်မှုပင်ဖြစ်ပါသည်။ ထိုသို့ ကိုယ်ခန္ဓာတွင် ဆိုင်တိုကိုင်း များပြားလာပါကဦးနှောက်နှင့်ကိုယ်ခန္ဓာသွေးလည်ပတ်မှုကိုပျက်ဆီးစေသည်။ ထို့နောက်ဦးနှောက် အတွင်းသို့ ဆိုက်တိုကိုင်းနှင့် ဗိုင်းရပ်ပိုး များကို ပိုမိုဝင်ရောက်စေပါသည်။ ဦးနှောက်တွင်းသို့ ဗိုင်းရပ်ပိုးဝင်ရောက် ပြီဆိုခြင်းမှာ မကောင်းမှုများကို ဖိတ်ခေါ်ခြင်းပင်ဖြစ်သည်။

လူနာအနည်းစုမှာ ဂူလီယမ်ဘား (Gullain-Barre Syndrome) ခေါ်ရောဂါလည်းရှိသေးသည်။ ကိုယ်ခန္ဓာ ၏ ခံနိုင်ရည်ကိုဖြစ်စေသောစနစ်က မိမိ၏နာ့ဗ်ကြောကို ပြန်လည်တိုက်ခိုက်ပြီး ကိုယ်လက်အဂါင်္များကို သုံးမရ (Paralysis) အောင်ဖြစ်စေသည်။ မစ်ရှဲဟတ် (Michele Hart) ခေါ် ၄၁ နှစ်အရွယ်ရှိ ကိုလိုရာဒို မှ စိတ်ပညာ ဆရာဝန်မှာ ထိုလူနာတစ်ဦးဖြစ်ပါသည်။ သူသည်ဧပြီလက ထိုခန္ဓာကိုယ်ထဲတွင် ရုတ်တရက် လျှပ်စစ်ဓာတ်ပေး (Electrical Shock) သလိုခံစားရပြီးမျက်နှာတွင်ထိုးချေ(Stabbing Pain) သလိုခံစားရပါသည်။ သူသည်ကိုရိုနာ ဗိုင်းရပ်ကူးခံရပြီဟု ယူဆ၍ ဆေးရုံသို့ သွားရောက်ပါသည်။ ဆေးရုံကလက်မခံဘဲ နျူရိုဆရာဝန်သို့သာ ညွှန်း လိုက်ပါသည်။ သူတွင် သွေးတိုးနှုန်း များပြားလာမှုကြောင့် ရက်အနည်းငယ်ကြာသောအခါဆေးရုံသို့ပင်ပြန်သွား ရပါသည်။ ထိုအခါမှ ကိုရိုနာဗိုင်းရပ်ကူးစက်ခြင်းခံရကြောင်း ဂူလီယမ်ဘား စင်ဒရုန်းကြောင့်ဖြစ်ရကြောင်း တွေ့ရှိ လိုက်ရပါသည်။

(၃)

ယနေ့ကြားရသော ဘီဘီစီ သတင်းတစ်ပုဒ်တွင်ကိုဗစ်ရောဂါပိုးသည် ပြောင်လက်သောမျက်နှာပြင်တွင် အခမ်းအပူချိန်၌ ၂ဂ ရက်အထိအသက်ရှည်နိုင်ကြောင်း သြစတေလျမှ ဆရာဝန်များကကြေညာပါသည်။ မိုဗိုင်း ဖုံးမျက်နှာပြင်များ၊ စတိမ်းလက်စတီး မျက်နှာပြင်၊ ငွေစက္ကူများ၊ မှန်သားပြင်များ စသည်တို့အပေါ်တွင် ရောဂါပိုး သည် သည်အတိုင်းအတိုင်းလွှတ်ထားပါ က ရက်အကြာကြီးနေပြီးရောဂါကူးနိုင်သည်ဟုဆို လိုပါသည်။

ရောဂါပိုးကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားပြီဆိုပါက အထက်ပါအတိုင်းဆိုးကျိုးများဆက်တိုက်ပေါ် ပေါက်စေပါသည်။ ထိုအကြောင်းကို ယနေ့ ကျွန်တော်တို့ သိမြင်စပြုနေပါပြီ။

ကိုသန်းလွင်

Ref; Can Covid-19 Damafe The Brain? By Maliuda Moyer New York Times June 29