Breaking News

မောင်ရစ် - အဖေ့မွေးနေ့ ဆိုလို့

art - သားကြီးမောင်ဇေယျ


မောင်ရစ် - အဖေ့မွေးနေ့ ဆိုလို့

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၀

ကိုယ့် ဘိုးဘွား မိဘ ဘကြီး ဦးလေး ဒေါ်ဒေါ် စတဲ့ လူကြီးတွေ မရှိကြတော့တဲ့အခါ ကျန်ရှိနေသေးတဲ့ မိဘတွေရဲ့ မွေးနေ့တွေကို ဂရုစိုက်ဖြစ်တယ်။ သည်တော့ အဖေ့မွေးနေ့ဆိုပြီး ညီမကို လှမ်းပြောတော့ သူက အေး ဟုတ်သားပဲ၊ ငါတောင်မေ့နေတယ်တဲ့။ သူက တအိမ်တည်းနေပြီး နေ့တိုင်း စောင့်ရှောက်နေသူဆိုတော့ မွေးနေ့မေ့နေတာက အရေးမကြီးပါဘူး။ ကိုယ်ကတော့ အဝေးမှာဆိုတော့ မွေးနေ့လေး သတိရဖော်ရှိတယ်ဆိုပြီး အသားယူနိုင်တာပေါ့။

အဖေ့မွေးနေ့ကြည့်ရတာ ၈၀ ပြည့်ပြီ ထင်တယ်။ ကိုယ့်အဖေ ၈၀ တောင်ပြည့်ပြီ ဆိုတော့ ဝမ်းသာစရာပေါ့။ ကျန်းကျန်းမာမာနဲ့ ၈၀ ပြည့်တယ်။ ဝမ်းနည်းစရာကတော့ မွေးနေ့အတွက် ဂရုစိုက်အဖော်ပြုမယ့် ကျနော်တို့အမေက မရှိတော့ဘူး။ သူ့အဖေနဲ့အမေတွေ (ကျနော့် အဘိုးနဲ့ အဘွား) လည်း မရှိတော့ဘူး။ 

ကျနော်တို့ ငယ်ငယ်ကတော့ မွေးနေ့ဆိုတာ လူကြီးတွေက ဝိုင်းသတိရပြီး ကျင်းပချီးမြှောက်ကြတဲ့ ပွဲလမ်း တခုပဲ။ မွေးနေ့ရောက်ပြီဆိုရင် လူကြီးတွေ (အဘိုး အဘွား အဖေ အမေ) တွေက ကလေးတွေအတွက် အမှတ်တရနဲ့ ဝိုင်းပြီး မွေးနေ့ပွဲလုပ်ကြ၊ လက်ဆောင်တွေ ပေးကြ၊ သူငယ်ချင်းတွေကိုပါ ဖိတ်ပြီး ကျွေးမွေးကြ။ သည်လို လူကြီးတွေက ကလေးတွေကို ဝိုင်းလုပ်ပေးကြတာ။ အသက်ကြီးလာတော့ နောက်ပိုင်းမှာ မွေးနေ့လုပ်ပေးမယ့်သူ မရှိတော့ဘူး။ ကိုယ်က လူကြီးဖြစ်လာတော့ ကိုယ့်ကလေးတွေမွေးနေ့ကို ကျင်းပပေးရတဲ့ အလှည့်ရောက်လာတာပေါ့။ ကိုယ့်မွေးနေ့ ကျင်းပပေးမယ့်သူ မရှိတော့ဘူးပေါ့။ သို့သော် လူကြီးကိုလည်း မမေ့လျော့တဲ့ကလေးတွေက တဖန်ပြန်ပြီး မွေးနေ့ လုပ်ပေးကြတာလဲ ရှိပါတယ်။ အခုတော့ အဖေအတွက် မွေးနေ့ပွဲလုပ်ပေးမယ့် သူတွေ သိပ်မရှိတော့ဘူးလေ။ ကျနော်နဲ့ ကျနော့်ညီမပဲ ရှိတယ်။ သည်တော့ သည်စာပဲ ရေးရတာပေါ့။

အင်း တကယ်တန်း ပြန်စဉ်းစားတော့လည်း အဖေကလည်း သိပ်တော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူက ပတ်ဝန်းကျင်ကိုလည်း သိပ်ကြည့်တတ်တာ မဟုတ်ဘူး။ သူ့ဖာသာသူ လုပ်ချင်တာ လုပ်နေတာပဲ။ သူများတွေနဲ့လည်း လိုက်လျောညီထွေ မနေတတ်တော့ မွေးနေ့အတွက်လည်း ပုံကြီးချဲ့နေမယ့်သူလည်း မဟုတ်ပါဘူး။ စာရေးမယ်၊ စာဖတ်မယ်။ ရုပ်ရှင် တီဗီ ကြိုက်တာ ကြည့်မယ်။ မုန့်စားမယ် ကော်ဖိသောက်မယ်။ တရားထိုင်မယ်။ ကျနော့်ညီမ ချက်ကျွေးတာကို စားမယ်၊ အားဆေးသောက်မယ်။ ဒါပဲ။ သူ စိတ်ကူးပေါက်တာ ရှိရင် စကားပြောမယ်၊ ကိုယ့်စိတ်ကူး အာရုံနဲ့ပဲ နေမယ်။ ဒါပဲ။

အဖေ့မှာ သည်အရွယ်ကြီးနဲ့ ဖေ့စ်ဘွတ်မသုံးတော့ အေးချမ်းတာပေါ့။ လူတကာနဲ့ အာရုံမျိုးစုံနဲ့ အလုပ်မရှုပ်တော့ဘူးပေါ့။ ကောင်းတာပဲ။ ကျနော်လည်း သူ့ဖေ့စ်ဘွတ်မှာ ဘာတွေ လျောက်ရေးနေမလဲ သွားသွားကြည့်စရာ မလိုဘူးလေ။ ကျနော့်ဖေ့စ်ဘွတ်မှာ ဘာရေးရေး သူကလည်း စိတ်ဝင်စားမှာ မဟုတ်တော့ ဒါလဲ အေးတာပဲ။ အင်တာနက်ကိုလည်း သူက သိပ်ကြိုက်တာ မဟုတ်ဘူး။ မိုးမခဒေါ့ကွန်ဆိုတာလည်း သူ စိတ်မဝင်စားဘူး။ ပုံနှိပ်ထားတဲ့ စာကိုပဲ ကြိုက်တာ။ သူ့စာတွေ အွန်လိုင်းမှာ ရှိတယ်ဆိုလည်း သူနဲ့ မဆိုင်သလိုပဲ။ အင်တာနက်လိပ်စာတွေ ဝက်ဘ်လင့်ခ်တွေ ပို့ပေးတာထက် စာအုပ်လိုက် ဝယ်ပေးရတာက သူ့အတွက် ပိုကောင်းတယ်။ 

How Democracies Die စာအုပ်ကို ကြိုက်တယ်ဆိုပြီး ဘာသာပြန်တယ်၊ မိုးမခအွန်လိုင်းမှာ တင်တယ်၊ သူက အတွေးအမြင်လစဉ်မဂ္ဂဇင်းမှာ ပုံနှိပ်အခန်းဆက် ပါနေတာကို ပိုကြိုက်တယ်။ အခန်းဆက်ပြီးမှ ပုံနှိပ်စာအုပ်ထုတ်တယ်။ အဲဒီလိုစာအုပ်ထွက်လာတာကို ပိုကြိုက်တယ်။ ဒါကို အလုပ်လို့ သဘောထားတယ်။ အင်တာနက်ပေါ်မှာ လုပ်နေတာတွေက သူ့အတွက် အလုပ် မဟုတ်သလိုပဲ။ သည်တော့ ကျနော်လုပ်နေတာတွေက အလုပ်မဟုတ်တော့ဘူးပေါ့။ 

အဘိုး အဘွား (ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်) တို့က သူတို့ မိတ်ဆွေ ပတ်ဝန်းကျင် ပရိသတ်နဲ့ သူတို့အလုပ်နဲ့ တွဲပြီး ယှဉ်ပြီး သင့်သင့်မြတ်မြတ် သွားကြတယ်။ အဖေ (ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)) ကတော့ သူလုပ်ချင်တာ လုပ်ပြီး နေတာပဲ။ သူ့ပတ်ဝန်းကျင် မိတ်ဆွေ ပရိသတ်ဆိုတာကို ခေါင်းထဲ ထည့်ထားပုံမရဘူး။ လူတွေနဲ့လည်း လိုက်လျောညီထွေ မနေဘူး။ လိုက်လျောညီထွေ ပျော်ရွှင်ချမ်းမြေ့စွာ နေတာဆိုလို့ သူ့မိသားစုနဲ့ပဲ သင့်သင့်မြတ်မြတ်နေတာသာ ရှိတယ်။ သည်တော့ ကျနော်တို့ငယ်စဉ်ဘ၀မှာ မိဘနဲ့ အတူ နေထိုင် ပျော်ပါး ဆော့ကစားခဲ့ရတာ သွားလာခဲ့ရတာတွေဟာ ပျော်ရွှင်စရာတွေ အမှတ်တရကျန်ရစ်တာပေါ့လို့ ကောက်ချက်ဆွဲရမယ် ထင်ပါတယ်။

ကျောင်းဆရာ စာရေးဆရာ မိသားစုနဲ့ ကြီးပြင်းခဲ့တော့ ကျနော်တို့က အလိုလိုနေရင်း အိမ်ကို ကျောင်းလုပ်ပြီး ကြီးပြင်းရသလို (home schooling) ဆိုရမယ်။ အိမ်မှာ အင်္ဂလိပ်စာ သင်ရတယ်၊ သင်္ချာ သင်ရတယ်၊ သိပ္ပံ ဝိဇ္ဇာ စာအုပ်တွေ ဖတ်ဖြစ်တယ်၊ အမြဲတန်း မိသားစုစကားဝိုင်းတွေမှာ စာပေ၊ အနုပညာ၊ အတွေးအမြင် ဒါတွေချည်းနဲ့ ကြိးပြင်းရတာပေါ့။ သည်တော့ ကျောင်းမှာ သူများတွေလို စာလည်း မတော်ဘူး၊ အမှတ်ကောင်းကောင်းလည်း မရဘူး။ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ဆိုတာလဲ မရှိဘူး။ လူမှုရေး၊ စီးပွားရေး၊ ငွေကြေး၊ လူတွေအကြောင်း ခေတ်အကြောင်းလည်း မသိဘူး။ သည်လို ကြီးပြင်းခဲ့တယ် ဆိုရမယ်။ အဖေကလည်း ဒါတွေ ဂရုမစိုက်ဘူးကိုး။

အဖေကတော့ ကျနော့်ကို တက္ကသိုလ် လေးတန်းအထိ သင်္ချာသင်ပေးတယ်။ သူက သီအိုရီ ရှင်းပြပြီးရင် ပုစ္ဆာကုန် တွက်ခိုင်းတာပဲ။ ကျူရှင်လည်း မယူတတ်တော့ သူများတွေ ဘယ်လို သင်တယ်၊ ဘယ်လိုတတ်တယ် ဆိုတာ မသိဘူး။ သူပြောသလို လုပ်ပြီး သင်္ချာတော့ အမှတ်ကောင်းတယ်။ ကျန်တဲ့ဘာသာတွေ အမှတ်နည်းတာကို ထေမိတော့ စာမေးပွဲအောင်တော့ ဘွဲ့ရတာပေါ့။ ကိုယ့်အဓိကဘာသာ လျပ်စစ်အင်ဂျင်နီယာ ဘာမှ မတတ်ခဲ့ဘူး။ ကျောင်းမှာ အပြစ်မရှိပါဘူး။ ၈၈ အရေးတော်ပုံကြီးက ကျောင်းတွေ ပိတ်ပစ်လိုက်လို့ပါ။

နောက်တော့ ကျနော်က ခေတ်ကြီးကို သိချင်၊ လူမှုရေးတွေ စီးပွားရေး ငွေကြေးတွေ လူတွေအကြောင်းတွေ သိချင် နားလည်ချင်တော့ ကျနော့်ဘိုးဘွားအဖေအမေညီမအိမ်ကနေ ထွက်ခွာခဲ့တယ်။ ကိုယ်လုပ်ချင်တာလည်း လုပ်ချင်၊ ကိုယ်မလုပ်ချင်တာတွေလည်း လုပ်တတ်အောင် ကျနော် သင်ယူရတာပေါ့။ နောက် အနှစ် အစိတ်လောက်မှာ ကျနော် အိမ်ပြန်ရောက်တယ်။ အဘိုးအဘွား မရှိတော့ဘူး။ အဖေ အမေ ညီမတို့ကတော့ အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ အေးဆေးပဲ။ ကိုယ်လုပ်ချင်တာတွေပဲ လုပ်ပြီး နေထိုင်နေကြတာ။ 

အဘိုးတွေ အဘွားတွေတုန်းက တိုင်းပြည်အတွက်တို့ လွတ်လပ်ရေးအတွက်တို့ ခေါင်းဆောင်ကြီးအတွက်တို့ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အစောပိုင်းတုန်းက အသက်ရှင်ခဲ့ကြတာ။ နောက်တော့ အဘိုးအဘွားတွေက ကိုယ်လုပ်ချင်တာ ကိုယ်ပျော်တာ ကိုယ်လုပ်ပြီး ကိုယ့်ကိုယ်ကိုပဲ ရှာဖွေနေထိုင်ကြတော့တယ်။ အဖေကလည်း သူ့အဖေ အမေ ဖြစ်စေချင်သလို နေထိုင်ရှင်သန်တာမဟုတ်ပါဘူး၊ သူပျော်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီး အသက်ရှင်သန်တာကိုပဲ ရွေးချယ်ခဲ့တာပါ။ အဖေနဲ့အမေ သည်လိုပဲ နေထိုင်ခဲ့တာပဲ။ ညီမကလည်း သည်လိုပဲ နေထိုင်တာပဲ။ Life according to own , not others လို့ ဆိုရမယ်။

ကျနော်ကတော့ သူများတွေအတွက် ဆိုပြီး လျောက်လုပ်နေလိုက်တာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းတောင် မသိတော့ဘူး။ နှစ် အစိတ်ကျော်မှ အိမ်ခနပြန်ရောက်တော့မှ ကိုယ့်ဖာသာကိုယ် ရှာဖွေနေထိုင်ခြင်းဆိုတာကို အချိန်ပေးရင်ကောင်းမလားလို့ ရေးတေးတေးတွေးမိတယ်။ သည်လိုနဲ့ လွန်ခဲ့တဲ့ ၃ နှစ်မှာ အမေဆုံးတယ်။ ဒီနှစ်မှာ ကိုဗစ်ဖြစ်တော့ အားလုံး အိမ်ပြင်မထွက်ရတော့ဘူး။ ကျနော်က အဝေးမှာ။ အဖေကတော့ အရင်တုန်းက အတိုင်း သူ့အိမ်မှာ။ အဲသည်အချိန်မှာ အဖေက ၈၀ ပြည့်တယ်။ ကျနော်လည်း ၅၀ ကျော်ပြီ။

သည်စာကိုလည်း ကျနော့်အဖေ ဖတ်မိမှာ မဟုတ်ပါဘူး။ သူက အင်တာနက်လည်း မသုံး ဖေ့စ်ဘွတ်လည်း မသုံးဘူးကိုး။ ကျနော်ကလည်း သူဖတ်ဖို့ ရေးတာ မဟုတ်ပါဘူး။ ကိုယ်ရေးချင်တာ ကိုယ်ဖာသာ ရေးချင်လို့ ရေးလိုက်တာကိုး။ ဘာပဲဖြစ်ဖြစ် ဟက်ပီးဘတ်ဒေးပဲပေါ့။