Breaking News

ဇင်လင်း - သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့၌ ပြည်သူလူထု တာဝန်ကျေခဲ့ပြီ



ဇင်လင်း - သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့၌ ပြည်သူလူထု တာဝန်ကျေခဲ့ပြီ

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၀

မြန်မာနိုင်ငံပြည်သူလူထုသည် အရေးကြီးသည့် နိုင်ငံရေး အချိုးအကွေ့ကြီးများတွင် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်။ ယခု ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးသည်လည်း လွန်စွာ အရေးကြီးသည့် နိုင်ငံရေးအလှည့်အပြောင်းကို ဖန်တီး ရမည့် အချိန်ဖြစ်ကြောင်း ကောင်းကောင်း နားလည်သဘောပေါက်ကြသည့် အလျောက် အာဏာရှင်စနစ်ကို ထပ်မံ လက်မခံနိုင်တော့ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်ကြပေပြီ။ ယနေ့နိုင်ငံရေး အချိုးအကွေ့သည် အဘယ်ကြောင့် လွန်စွာအရေးကြီးသနည်းဟု မေးခဲ့လျှင် ကျားသေကို ပြန်လည် အသက်မသွင်းမိစေရန်အတွက် ဖြစ်သည်ဟု ဆိုရမည်။ ပြည်သူအများစုကြီးအနေဖြင့် အာဏာရှင်ဂိုဏ်းသားတို့၏ အပေါ်ယံပျားရည်လူးထားသော မုသားစကားများကို နားယောင် မိမည်ဆိုပါက၊ အာဏာရှင်ဂိုဏ်းသားတို့တစ်ကျော့ပြန်လည် ခေါင်းထောင်လာနိုင်ပေသည်။ သို့သော် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုအများစုက ဒီမိုကရေစီအရေး ဆုံးခန်းတိုင် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား နောက်ထပ် ငါးနှစ်သက်တမ်း တာဝန်ပေး ရွေးချယ်လိုက်ကြပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူတို့ သည် “အရေးကြီးပြီ သွေးစည်းကြ” ဆိုသောဆောင်ပုဒ်နှင့်အညီ ၂၀၂၀ နိုင်ငံရေး အချိုးအကွေ့ကြီး၌လည်း တာဝန်ကျေ ခဲ့ကြပေသည်။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အတိုက်အခံပြုနေကြသော နိုင်ငံရေးပါတီများက ရှေ့နောက်ညီညွတ်မှုမရှိ သော အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲကို ရက်ရွှေ့ပေးရန်တောင်းဆိုမှုများရှိခဲ့သည်။ အဓိက အကြောင်းပြချက်မှာ ကိုဗစ်-၁၉ ရောဂါကိစ္စ ဖြစ်သည်။ သို့ရာတွင် တောင်ကိုးရီးယား၊ ဂျပန်၊ ပိုလန်၊ နယူဇီလန်နှင့် အမေရိကန်ပြည်ထောင်စု တို့ အပါအဝင် နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်နေဆဲမှာပင် ရွေးကောက်ပွဲများကို အသီးသီးအောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း တွေ့နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ နည်းတူ ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာပင် အဆင်မပြေမှု အချို့ကြုံတွေ့ရသည့်တိုင် အတတ်နိုင်ဆုံး ကြိုးပမ်းကာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

မူလက ကိုဗစ်-၁၉ ကြောင့်လည်းကောင်း၊ ဗုံးဖေါက်မှုအချို့အပါအဝင် ခြိမ်းခြောက်မှုများကြောင့်လည်းကောင်း၊ မဲဆန္ဒပေး မည့်သူ အရေအတွက် နည်းနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ တောင်ကြီးမြို့၌ ရွေး ကောက်ပွဲကျင်းပရန် ၆ ရက်အလိုတွင် ဗုံးပေါက်ကွဲသံ နှစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သော်လည်း ရှမ်းတိုင်းရင်းသားများ၏ မဲပေးလိုသော ဆန္ဒများကို မတားဆီးနိုင်ခဲ့ပေ။ ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် ပဲခူးမြို့နယ်အတွင်း အသံဗုံး ပေါက်ကွဲမှုဖြစ်ခဲ့သော်လည်း နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်သူအမြောက်အမြား မဲပေးရန် ထွက်ပေါ်လာသည်။ ရန်ကုန်၊မန္တလေး၊ နေပြည်တော် အပါ အဝင် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံအများစုတွင် နံနက် ၅ နာရီခန့်မှ စတင်ကာ မဲပေးရန် စောင့်ဆိုင်းနေသော ပြည်သူများရှိခဲ့ ကြောင်း သတင်းမီဒီယာများ၌ ဖေါ်ပြခဲ့သည်။ မဲရုံ ဖွင့်လှစ်ပြီးနောက် မဲရုံအချို့တွင် လူဦးရေ ရာဂဏန်းချီ၍ မဲပေးရန် တန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်ကို တွေ့ရကြောင်း သတင်းများက အတည်ပြုပေးကြသည်။

လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း ကျင်းပနိုင်သည့် မြို့နယ်များဖြစ်သော စစ်တွေ၊ ကျောက် ဖြူ၊ အမ်း၊ တောင်ကုတ်၊ မာန် အောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် မဲဆန္ဒရှင်များက စိတ်အားထက်သန်စွာ မဲလာရောက်ပေးခဲ့ကြကြောင်း မီဒယာသတင်းများ၌ ဖေါ်ပြသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံထားရသော်လည်း တောင်ကုတ်မြို့ပေါ်ရှိ မဲရုံများတွင် မဲဆန္ဒ ရှင် ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သတင်းများ၌ တွေ့ရသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ရှိနေမှုကြောင့် ကျေးရွာအုပ်စုအချို့တွင် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်း နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့တွင် တည်ငြိမ်အေးချမ်းစွာ မဲဆန္ဒပေးနိုင်ခဲ့ကြသည်။ ဤအခြေအနေများကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတို့၏ နိုင်ငံရေးသန္နိဋ္ဌာန်နှင့် ဇွဲသတ္တိခိုင်မာမှု မြင့်မားလာသည်ကို သိနိုင်သည်။ ဒီမိုကရေစီ၏ အခြေခံ လုပ်ငန်းစဉ်ဖြစ်သော ရွေးကောက်ပွဲကို လိုလားမှုရှိကြောင်းလည်း သက်သေပြရာရောက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံမူများမှာ ‘အမျိုးသားရင်ကြားစေ့ရေး၊ ‘ပြည်တွင်းငြိမ်းချမ်းရေး’၊ ‘တရားဥပဒေ စိုးမိုးရေး’၊ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး’၊ ‘ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ်အောင်လုပ်ဆောင်ရေး’ များဖြစ်ကြောင်း ရွေးကောက်ပွဲ မတိုင်မီကပင် တင်ပြထားသည်ကို ကြားသိရပြီး ဖြစ်သည်။

နိုဝင်ဘာလ(၈)ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ပြည်တွင်းစစ်နှင့်တကွ တရားဥပဒေစိုးမိုးရေးယိုယွင်းနေမှုကို သည်းမခံလိုတော့ကြောင်း ပြသခဲ့သည်။ ရခိုင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာနိုင်ငံအား ဝေဖန်ပြစ်တင်လျှက်ရှိသည့် အခြေအနေကိုလည်း ပြည်သူတို့ ငြီးငွေ့နေကြပေသည်။ တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ ကိုင်တွယ် ဖြေရှင်းရာ၌ NLD အစိုးရအနေဖြင့် တပ်မတော်နှင့် သင့်သင့်မြတ်မြတ် ပူးပေါင်းဆောင်ရွက်စေလိုသော သဘောထားကို ပြည်သူတို့က ပြသလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှ ပြည်သူတို့၏လိုလားချက်တွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရန် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် လုပ်ငန်းစဉ်များကို တပ်မတော်က လက်တွဲ ဆောင်ရွက်စေလို ကြောင်း ထင်ရှားသည်။ ပြည်တွင်း စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းပါက ပြည်တွင်းစစ်ရှိန် လျော့ကျသွားမည်ဖြစ်၍ ပြည်သူတို့ ထမ်းရွက်ထားရသော စစ်စရိတ် ၀န်ထုပ်ဝန်ပိုးများ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။ အကျိုးဆက်အဖြစ် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှှိုင်က ပြည်သူ့ ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ယင်းကတိစကားသည် လက်ရှိအခြေအနေတွင် အရေးပါသော စကားရပ်ဖြစ်သည်။

"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့သောကတွေ၊ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါတယ်" ဟု နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မဲပေးပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း Myanmar Now သတင်း၌ ဖေါ်ပြသည်။

အမှန်တကယ် ယင်းကတိစကား အတိုင်း ဆောင်ရွက်မည်ဆိုပါက၊ မြန်နိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အားတက်စရာဖြစ်လာမည်။ ထို့ပြင် ယိုယွင်းကျဆင်းနေသော တရားဥပဒေစိုးမိုးရေးအတွက်လည်း အထောက် အကူဖြစ်လာနိုင်သည်ဟု သုံးသပ်နိုင်သည်။

ဆက်လက်၍ "ဒါဟာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်၊ နိုင်ငံသူ နိုင်ငံသားတွေ ခံစားနေရတဲ့ သောက ကို ဖြေသိမ့်နိုင်ဖို့ အရေးကြီးတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲ။" ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြောကြားခဲ့သည်။

မည်သည့်ပါတီကို မဲပေးခဲ့သနည်းဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား သတင်းမီဒီယာတို့က မေးမြန်းခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့။ နောက်ပြီး တော့ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီပေါ့။ ကျနော်အမြဲတမ်းပြောတယ်။ ကျွန်နော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ပါတီကို ကျနော်ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ့် သူတွေလို့ ကျနော် အပြည့်အဝယုံကြည်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အဆိုပါ စကားရပ်ကို လေ့လာသုံးသပ်ကြည့်ပါက အနည်းငယ် သံသယဖြစ်စရာ ရှိနေသည်။ ထိုစကားရပ်အရဆိုလျှင် NLD အစိုးရအပေါ် တပ်မတော်က သင့်သင့်မြတ်မြတ် ပူးပေါင်းဆောင်ရွက်စေလိုသော သဘောထားရှိ/မရှိ ရှင်းလင်းစွာ မသိရပေ။ သို့သော် ပြည်သူလူထုအနေဖြင့်မူ “ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး” ဆိုသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကတိ စကားအတိုင်း ဆောင်ရွက်စေလိုကြကြောင်း ကြားသိနေရသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲများမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်သည် ပြည်သူတို့က တိုက်ရိုက်လွှဲအပ်သည့် (Mandate) အာဏာဖြစ်သဖြင့် တပ်တော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်ရှိပေသည်။ ရွေးကောက်တင်မြှောက်ခံ အစိုးရ၏ အကြီးအကဲဖြစ် သည့် နိုင်ငံတော် သမ္မတကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ခံရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလမ်းစဉ် ချမှတ် ထားရုံမက “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်” ချမှတ်ထားကြောင်း အတိအလင်း ကြေညာထား သည်။ လက်ရှိ NLD အစိုးရအဖွဲ့သည် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးမူဝါဒကို ကိုင်စွဲ၍ ငြိမ်းချမ်းရေး ရယူ ရန် စိတ်အားထက်သန်မှုရှိကြောင်း ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံအဆင့်ဆင့်တွင် တင်ပြထားပြီးဖြစ်သည်။ သို့သော် တပ်မတော်က အစိုုးရ၏ နိုင်ငံရေးသန္နိဋ္ဌာန် အောင်မြင်စေရန် အထောက်အကူပြုမှု အပိုင်း၌ လျော့ရဲသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖေါ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှု လွဲချော်နေရသည်။ အကျိုဆက်အဖြစ် စစ်ဖက်-အရပ်ဖက်ဆက်ဆံရေးကဏ္ဍတွင် ယုံကြည်မှုပျက်ပြားနေရသည်ဟု ဝေဖန်မှုများရှိနေသည်။

လွန်ခဲ့သော ငါးနှစ်က NCA တွင် “အားလုံး ပါဝင် လက်မှတ်ရေးထိုး ရေးမူ”(All-inclusiveness) ကို အစိုးရက လက်ခံခဲ့ သည်။ သို့သော် တပ်မတော်က လက်မခံခဲ့၍ NCA လုပ်ငန်းစဉ်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဆင်မပြေမှု များပြားလာခဲ့သည်။ ငြိမ်းချမ်းရေးကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်သဖြင့် နိုင်ငံရေး ပြဿနာကို အစိုးရက နိုင်ငံရေးနည်းအရ ကြိုးစား ဖြေရှင်းလျှက်ရှိသော်လည်း တပ်မတော်က စစ်ဆင်ရေးများ ဆင်နွှဲရာ တွင် အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်မှု နည်းနေသည်ဟု သုံးသပ်မှုများ ရှိသည်။ အစိုးရက နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနေ ခိုက် တပ်မတော်က အချိန်ကိုက် စစ်ဆင်တိုက်ခိုက်နေသည့် လုပ်ဆောင်ချက်မျိုးမှာ အစိုးရ၏ မူဝါဒလမ်းစဉ်နှင့် သွေဖည် ရာရောက်နေသည်။ ဤသို့ ဖြစ်ရသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဟုလည်း ပြောနိုင်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံ အရ အစိုးရ၏ လမ်းညွှန်မှုအောက်၌ မရှိဘဲ သီးခြားရပ်တည် စီမံခန့်ခွဲနေသောကြောင့်ဖြစ်သည်။

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များအရ NLD ပါတီသည် နောက်ထပ် ၅ နှစ် နိုင်ငံတော်ကို ဦးဆောင်ခွင့်၊ အစိုးရအဖြစ် ဆက်လက်တာဝန်ယူခွင့် ရရှိရန် သေချာနေပြီ ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲရလဒ်အရ ပြည်သူလူထုက တိုက်ရိုက် လွှဲအပ်သော အုပ်ချုပ်ရေးအာဏာ (Mandate) ကို NLD အစိုးရက ဆက်လက်ရရှိမည်ဖြစ်သဖြင့် တပ်မတော်အနေဖြင့် မိမိတို့၏ ကတိသစ္စာပြုချက်အတိုင်း အစိုးရ၏ နိုင်ငံရေး ဦးဆောင်မှုကို လိုက်နာဆောင်ရွက်ရပေမည်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ညီညွတ်ရေးသဘောထား ခိုင်ခိုင်မာမာရှိမှသာလျှင် မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအချက်ကို သက်ဆိုင်သူ ခေါင်းဆောင်အားလုံး နှလုံးသွင်း၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက တင်မြှောက်လိုက်သော အစိုးရသစ်နှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲဆောင်ရွက်ကြမှသာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အိပ်မက်ကို အကောင်အထည် ဖေါ်နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း သုံးသပ်မိပါသည်။။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၃ ၊ ၁၂ - ၁၁-၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။