မောင်ရစ် - ဒေါ်နယ်ထရန့်ကြီး ရှုံးတဲ့နေ့ကပေါ့

မောင်ရစ် - ဒေါ်နယ်ထရန့်ကြီး ရှုံးတဲ့နေ့ကပေါ့
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၀နိုဝင်ဘာ ၃ ၊ ၂၀၂၀ မှာ အမေရိကန်သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတယ်။ အမေရိကန်တပြည်လုံး မဲပေးသူ အများဆုံး (၁၆၁ သန်း) ထွက်ပေးကြတာပဲ။ မဲပေးနိုင်သူလူဦးရေ၏ ၆၅% ကျော်တယ်တဲ့။ သမိုင်းမှာ အများဆုံး မဲထွက်ပေးကြတာ။ မဲဆွယ်ပွဲအတွက် ကုန်ကျငွေ ၁၄ ဘီလျံ သုံးကြတယ်။ ၂၀၁၆တုန်းက ၇ ဘီလျံပဲ သုံးတယ်တဲ့။ လူ ၁၀၁ သန်း ကြိုတင်မဲပေးခဲ့ကြတယ်။ ၂၀၁၆တုန်းက မဲရုံမှာ တိုက်ရိုက်လာပေးသူရဲ့ ၇၃% နဲ့ ညီတူသတဲ့။ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ထောက်ခံမဲ ၇၄ သန်း၊ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က မဲ သန်း ၇၀ အသီးသီး ရကြတယ်။ ပြည်နယ်အလိုက် မဲကိုယ်စားလှယ်အရေအတွက်မှာ ဘိုင်ဒင်က ၂၇၀ ကျော် ရပြီး ထရန့်က ၂၁၄ မဲနဲ့ ရှုံးပါတယ်။ နိုဝင်ဘာ ၃ က ရွေးကောက်ပွဲဟာ ကြိုတင်မဲတွေ ရေတွက်နေရတာနဲ့ နိုဝင်ဘာ ၇ (စနေနေ့) မှ အဖြူအမည်း သဲကွဲပါတယ်။ ထရန့် ရှုံးပြီလို့ သတင်းမီဒီယာတွေက မှတ်ချက်ပေးလိုက်ကြတယ်။
ထရန့်ကြီး ရှုံးတဲ့နေ့က စနေနေ့၊ မနက် ၈ နာရီ ၃၀၊ ပစ္စဖိတ်စံတော်ချိန်။ လမ်းပေါ်မှာ ကားတွေက ဟွန်းတွေ အကျယ်ကြီး တီးပြီး ဖြတ်မောင်းသွားကြတယ်။ သိလိုက်ပြီ ၊ ထူးပြီပေါ့။ ဂူးဂဲကို ကြည့်လိုက်တော့ အေပီသတင်းဌာန၏ တွက်ကိန်းက ဘိုင်ဒင် သမ္မတမဲ ၂၉၀ ရသွားပြီလို့ ထုတ်ပြန်ထားလိုက်ပြီ။ ထရန့် ရှုံးပြီ။ သတင်းဌာနတွေက အဦးဆုံး ထုတ်ပြန်ကြတာပဲ။ မှန်လည်း မှန်တာပဲ။ ထရန့်ကတော့ အရှုံးပေးမှာ မဟုတ်သေးပါဘူး။ ဆက်ပြီး ငြင်းဆန်နေဦးမှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ထရန့်ရှုံးပြီ ဆိုတော့ သည်နေ့ကို နေ့သစ်အဖြစ် အမှတ်တရ မိတ်ဆွေများနဲ့ ကျင်းပရမယ်လို့ တွေးမိတယ်။ ၄ နှစ်လုံးလုံး ထရန့်၏ အာဏာရှင်ဘွတ်ဖိနပ်အောက်မှာ ပိပြားပြီး နေခဲ့ရသူတွေ လွတ်မြောက်ကြပြီပေါ့။ ရွေးကောက်ပွဲ နေ့ နီးကပ်လာကတည်းက မောင်ရစ်တို့များ ဘယ်လောက်တောင် ကြောက်ရွံ့ပိပြားနေသလဲဆိုရင် သတင်းလည်း နားမထောင်၊ တီဗီလည်း မကြည့်တော့ဘူး။ မခံစားနိုင်လွန်းလို့ပါ။ ကိုဗစ်၁၉ ကိုတောင် မမှုတဲ့ သမတကြီး ထရန့်ကို ဘယ်သူက ယှဉ်ရဲပါတော့မလဲ။ ပြည်သူ့ပေးတဲ့ မဲတွေကလည်း ထရန့်ခြေရင်းမှာ ဝပ်ဆင်းနေကြတာကို မကြည့်ရဲတော့ဘူးလေ။
အင်္ဂါညမှာ တီဗီလေး မရဲတရဲဖွင့်ကြည့်တော့လည်း ထရန့်က ရှေ့ကပြေးနေတာပဲ။ သတင်းသမားတွေက ကြို တင်မဲ သန်း ၆၀ ကျော် ရှိနေတယ်၊ နောက်မှ ရေတွက်မှာ။ အဲသည်ကျရင် ထရန့် ရှုံးနိုင်တယ် သုံးသပ်နေကြသော်လည်း ကိုယ်က မမျော်လင့်ရဲဘူး။ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက မမျော်လင့်ဘဲ ဟီလာရီကို ထရန့်က နောက်ကောက်ချလိုက်တဲ့ ခါးသီးတဲ့ အတွေ့အကြုံ ရင်ထဲမှာစူးနေတာကိုး (အလဲ့)။ သည်လိုနဲ့ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ … ဘိုင်ဒင်က တဖြေးဖြေးချင်း မဲတွေ အသာရပြီးရင်းရလာ၊ ၂၇၀ အောင်မှတ်နားမှာ ၂၆၄ နဲ့ တန် းလန်းကြီးက ၃ ရက်ကျော် ၄ ရက်တောင်။
နောက်ဆုံးတော့ စနေနေ့မှာ ထရန့်ရှုံးတယ်။ ဘိုင်ဒင်က ၂၉၀နဲ့ အောင်မှတ်ကိုတောင် ကျော်သွားပြီ။ သည်တော့ ကျနော်တို့ အကြိုအောင်ပွဲတော့ ခံကြရမှာပေါ့။ သည်စာကိုလည်း မှတ်တမ်းဝင်အောင် ရေးသားထားခဲ့မှ ဖြစ်မှာပေါ့။ မိတ်ဆွေတွေထဲက မောင်လူပေနဲ့ ကိုရင်ချက်ဆီကို မတ်စိပို့တယ်။ ကျနော်တို့ အောင်ပွဲခံရမယ်၊ ဘိုင်ဒင်ကို ကြိုဆိုရမယ်။ ဘာလုပ်ကြမလဲပေါ့။
တပြည်လုံးက ပြည်သူတွေ အထူးသဖြင့် လူငယ်လူရွယ် မျိုးဆက်သစ်တွေ မသစ်တသစ်တွေဟာ ကိုဗစ်မကြောက် ဘာမကြောက် လမ်းပေါ်မှာ ထရန့်ကို ဆန့်ကျင်ခဲ့ကြတာ လနဲ့ချီကြာခဲ့တယ်။ ရွေးကောက်ပွဲကာလမှာလည်း လမ်းပေါ်မှာ ကြိုတင်မဲတွေပေးကြဖို့ တိုက်ရိုက်မဲတွေ ထွက်ပေးကြဖို့ ဆော်ဩနေခဲ့ကြတယ်။ အခု ရွေ းကောက်ပွဲပြီးတော့လည်း အရှုံးမပေးသေးတဲ့ ထရန့်ကြီးကို ပွဲသိမ်းနိုင်ဖို့ ဖိအားအဖြစ် လမ်းပေါ်မှာ အောင်ပွဲခံနေကြတယ်။ တီဗီသတင်းတောင် နားမထောင်ရဲအောင် ကြောက်ရွံ့ ပိပြားနေသူ မောင်ရစ်အဖို့ သည်အချိန်မှာ ရဲသွေးရဲမာန်ပြဖို့ လိုနေပြီဆိုတာ သေချာတယ် မဟုတ်လား။
ထရန့်ကြီး ရှုံးတဲ့နေ့ကပေါ့လို့ သည်နေ့ကို အသိအမှတ်ဖြစ်အောင် မဒမ်ပေက အုန်းနို့ခေါက်ဆွဲ ချက်တယ်။ ကိုရင်ချက်သမီးငယ်က ဘိုင်ဒင်ဂုဏ်ပြု ကိတ်မုန့်ဝယ်လာတယ်။ မောင်ရစ်က ထမင်းစားခန်းက မီးလုံးကို အသစ်လဲလိုက်တယ်။ ဘိုင်ဒင်ဂုဏ်ပြုရန် အဲသည်မီးဆိုင်းကို ဘိုင်ဒင်မီးဆိုင်းအဖြစ် အမည်သစ်ပေးလိုက်တယ်။ ကိုရင်ချက်ကတော့ သူပြင်ဆင်နေတဲ့ အိမ်ရှေ့မြက်ခင်းကို ဘိုင်ဒင်မြက်ခင်းအဖြစ် ကြေညာလိမ့်မယ် ထင်တယ်။ ပြီးတော့ ကျနော်တို့တတွေက ဘိုင်ဒင်ကြိုက်မယ်ထင်တဲ့ ဘီယာတွေဝယ်ပြီး သောက်ကြ ချီးယားစ် လုပ်ကြတာပေါ့။
ကိုဗစ်ကြောင့် အမေရိကန်တွေ လူ ၂ သိန်းကျော် သေတယ်။ ထရန့်က မျက်နှာဖုံးတပ်စရာမလိုဘူးလို့ ဇွတ်ငြင်းပယ်တယ်။ ဆုံးပါးတဲ့အထဲ မိတ်ဆွေတွေ အသိတွေ ပါသွားတာတွေ အများကြီးပဲ။ အလုပ်မှာ ကျောင်းမှာ မျက်နှာဖုံးတတ်၊ လက်အိတ်ဝတ်၊ ဆိုရှယ်ဒစ္စတန့်ဇင်းလုပ်၊ မိတ်ဆွေတွေနဲ့လည်း သတိထား ဆက်ဆံ။ သည်လို သတိမပြတ်လို့ အသက်ချမ်းသာနေရတာ။ သည်တော့ အဲသည်လို အသိရှိတဲ့ ကိုရင်ချက်တို့ မောင်လူပေတို့နဲ့ ကိုဗစ်ကြားထဲမှာ ဆုံညီအောင်ပွဲခံသင့်တယ်၊ မျက်နှာဖုံးတွေ ခနခွာပြီး ဆိုရှယ်bubble နဲ့ ပွဲဆင်နွှဲသင့်တယ်လို့ ကိုယ့်ဖာသာကိုယ် အဆိုသွင်းပြီး ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ချက် ချလိုက်ကြရတာပေါ့။
၄ နှစ်တာ ကာလအတွင်း အောင့်အီးသီးခံထားရတဲ့အကြောင်းအရာတွေ ရင်ဖွင့်ကြရတာတွေအများကြီးပဲ။ အမေရိကားမှာ လူတွေ အချင်းချင်း အမုန်းပွားလာကြတာ၊ ခွဲခြားဆက်ဆံလာကြတာ၊ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် ထိတ်လန့်ပြီး နေထိုင်ခဲ့ရတာတွေ အများကြီးပဲလေ။ အခုမှ ဒါတွေကို အကြိုအောင်ပွဲကာလ ဟင်းချနိုင်တာ။ မြန်မာပြည်ကလူတွေသာသိရင် ဟားမှာပဲ။
သူတို့တွေ အာဏာရှင်တွေအောက်၊ မျိုးချစ်အစွန်းရောက်တွေအောက်မှာ နေထိုင်လာရတာ နှစ်ပေါင်းများစွာ၊ ခုထိတောင် မပြီးနိုင်သေးဘူး။ မင်းတို့တွေက လေးနှစ်လောက်လေး အာဏာရှင်အောက် ခနရောက်ရတာ၊ ဒီမိုကရေစီဆိုတာက အာမခံချက်ရှိသေးလို့ မင်းတို့ ထရန့်ကို ဖြုတ်ချနိုင်တာ၊ ငါတို့ဆီမှာများ ၂၀၀၈ ခြေဥတွေ ၊ ၂၅% စစ်သားအမတ်တွေ၊ စစ်အုပ်စုကျောထောက်နောက်ခံ ပါတီတွေ အုပ်စုတွေ တသီတတန်းကြီးနဲ့ အခုထိ ရုန်းကန်နေရတုန်းလို့ သူတို့ (မြန်မာပြည်သူတွေ) က နှုတ်လှန်ထိုးကြမှာလည်း သိပါတယ်လေ။ အေးလေ မင်းတို့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမေစုပါတီ ဒို့ပါတီ နိုင်ပြီ နိုင်ပြီ ဒို့နိုင်ပြီဆိုပြီး ပျော်ကြသလို ငါတို့လည်း ပျော်တတ်ပါတယ်လို့ ခံစားမိတာလေး ပြောရုံလေး သက်သက်ပါ။ ဘ၀ချင်း မတူသော်လည်း ပျော်တတ်တာလေးတော့ တူတယ်လို့ ပြောပါရစေပေါ့။
ထရန့်ကြီး ရှုံးပြီး ဘိုင်ဒင်က အကြိုအောင်နိုင်ရေး မိန့်ခွန်းကို စနေနေ့ ညနေ ၅ နာရီမှာ သူ့ပြည်နယ် ဒဲလဝဲမှာ ထွက်ပြောတယ်။ အမျိုးသမီး ဒုသမ္မတ ဟဲရစ်လည်း ပါတယ်။ ဘိုင်ဒင်က အမေရိကန်၏ ပထမဆုံးသော အသက်အကြီးဆုံး သမ္မတ။ ဟဲရစ်ကတော့ အမေရိကန်၏ ပထမဦးဆုံး အမျိုးသမီး ဒုသမ္မတ။ ကဲ မင်္ဂလာ ရှိလိုက်တာပေါ့။ ဦးဆုံးတွေချည်းနဲ့ ၄၆ ကြိမ်မြောက် အမေရိကန်သမ္မတသက်တမ်း ၂၀၂၁ ဇန်နဝါရီမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒုသမ္မတ အမျိုးသမီး ကင်မလာဟဲရစ်က အမျိုးသမီးတွေ အားနည်းသူတွေအတွက် သမိုင်းအလှည့်အပြောင်းဖြစ်လာပြီလို့ ကြွေးကြော်ပါတယ်။ သူ့နောက်မှာ နောက်က အမျိုးသမီးလှိုင်းကြီး ချီတက်လာမယ်၊ အနှိမ်ခံရသူတွေ ရှေ့တိုးပြီး ချီတက်လာကြလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တယ်။ အဘ ဘိုင်ဒင်ကတော့ အမေရိကန်တွေ ပြန်လည် ချစ်ကြည်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေး စည်းလုံးညီညွတ်ကြရေးကို ဟောပါတယ်။ အမေရိကန်တွေဆီမှာ မြန်မာပြည်လို ဒုတိယပင်လုံတောင် လုပ်ပေးရတော့မလားတောင် ထင်မိတယ်။ (ဟဲဟဲ)။ ကမ္ဘာအသိုင်းအဝိုင်းက ဖယ်ခွာနေရာကနေ ပြန်ပြီး ကမ္ဘာကြီးထဲ အမေရိကန်လူရာပြန်ဝင်ဖို့ ကြိုးစားမယ်လို့ ဘိုင်ဒင်က ကတိပေးပါတယ်။ ကိုဗစ်ကပ်ဆိုးထဲကနေ ရုန်းထွက်နိုင်ဖို့ အမြန်ဆုံးလုပ်ကြမယ်လို့လည်း အားပေးပါတယ်။
၂၀၀၈ အိုဘားမား ပထမဦးဆုံး လူမည်းသမ္မတအဖြစ် အောင်ပွဲခံတုန်းက ပြည်သူလူထု၏ တက်ကြွ လန်းဆန်း ပျော်ရွှင်မှုတွေကို ပြန်မြင်ယောင်ပါတယ်။ အဲသည်တုန်းက ပြည်သူတွေဟာ သာတူညီမျှ ငြိမ်းချမ်းသာယာတဲ့ လူဘောင်သစ် တည်ဆောက်နိုင်တော့မည်လို့ မျော်လင့်ခဲ့ကြတာပါ။ သို့သော်လည်း လူပြိန်းကြိုက် အစွန်း ရောက် အဖျက်အမှောင့်များက တန်ပြန်လှိုင်းတွေ အဖြစ် တိုးတိုက်လာခဲ့တာကြောင့် ၂၀၁၆မှာ ထရန့်လို အာဏာရှင် အစွန်းရောက် အမုန်းဖြန့်ဝေသူတဦး ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၀ မှာ ဒီမိုကရေစီစနစ်က သာတူညီမျှ ငြိမ်းချမ်းချစ်ခင်မှုကို ပြန်လည်ဖော်ဆောင် တည်ဆောက်နိုင်ဖို့ အခွင့်သာခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ လွန်ခဲ့တဲ့ ၄ နှစ်တာကာလ ခါးသီးသောအမှောင်နေ့ရက်များကို အတိတ်မှာ မြေမြုပ်သင်းဂြိုဟ်ထားရစ်ခဲ့ချင်ပါပြီ။ ပြန်တောင်မှ မစဉ်းစားချင်တော့ပါဘူး။
သည်တော့ ကျနော်တို့အတွက် နေ့သစ်ကို မျော်လင့်ပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ ကိုယ်တတ်နိုင်တာလေးတွေ မိတ်ဆွေတွေ မိသားစုတွေနဲ့ ဝိုင်းဖွဲ့ပြီး ပျော်ရွှင်ကြပါတယ်။ နောင်တချိန်ကျရင် အဲသည်နေ့ကလေးကို မိတ်ဆွေတွေနဲ့ အမှတ်တရ ဆင်နွဲဖြစ်တယ်ဆိုပြီး ပြန်ပြောင်း မြင်ယောင်လို့ ကျေနပ်မိကြမယ် ဖြစ်ပါတယ်။