ကိုသန်းလွင် - မညီမျှမှုများ (Inequality)
![]() Illustration by Janet Hansen; Photographs by Getty Images |
ကိုသန်းလွင် - မညီမျှမှုများ (Inequality)
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၀
(၁)
ယနေ့ဖြစ်ပေါ်နေသည့် ဝင်ငွေမညီမျှမှုများကို လစ်လျူရှု၍မရနိုင်ပါ။ ချမ်းသာသူတို့တွင် ထောင်သောင်း ချီ ၍ဝင်နေပြီး၊ ဝင်ငွေမရှိသည့်သူတို့တွင်စားလောက်ရုံ၊ သောက်လောက်ရုံသာဝင်နေသည်ကိုမြင်နိုင်ကြပါသည်။ ကျွန်တော် တို့သည် ဤသို့ဝင်ငွေမညီမျှမှုကိုကြည့်၍ စိတ်မချမ်းမသာဖြစ်ကြရပါသည်။
သို့သော် ဤသို့ဝင်ငွေမညီမျှမှုသည် ကျွန်တော်တို့ကို စိတ်အနှောက်အယှက်ဖြစ်ရန်လိုအပ်ပါသလား?။ ၁၉၈၇ ခုနှစ်တွင် ပရော်ဖက်ဆာ ဟယ်ရီဖရန်းဖတ် (Harry Frankfurt)ကအက်ဆေးတစ်ပုဒ်ရေးခဲ့ရာ ကျွန်တော် တို့သည် ပြဿနာကိုတလွဲမြင်နေကြသည်။ အချို့မှာရှိပြီး (Have) အချို့မှာမရှိ (Have-Not) ဖြစ်နေသည်မှာ မှန်ကန်ကြောင်း။ သို့သော် ထိုမညီမျှမှုကို ညှိနှိုင်းနေစရာ မလို။ အရေးကြီးသည်မှာ ဆင်းရဲသူတို့တွင် ဝင်ငွေ အလုံအလောက်မရှိခြင်း ပင်ဖြစ်သည်။ ချမ်းသာခြင်း (Wealth) ဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။ အိမ်နေရာထိုင်ခင်းမှာလည်း သေချာပြစရာဟူ၍မရှိဘဲ ဖြစ်သလိုသာနေကြရသည်။ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာတို့မှာ တို့မှာလည်းချို့တဲ့နေကြ သည်။ အကယ်၍ ထိုလူတို့သာ ကောင်းသောနေထိုင်ခြင်းနှင့် ပြည့်စုံသောဘဝကိုနေထိုင်မည်ဆိုပါက ချမ်းသာသည်ဆိုသောသူများ သူ့ဖါသာဘဝကို သူတို့နည်း သူတို့ဟန်ဖြင့်နေနေကြခြင်း ကို အနှောင့်အယှက်ပေးစရာမလို ပါဟုဆိုသည်။
(၂)
တစ်စုံတစ်ယောက်သောသူတွင် စားစရာမလုံလောက်ဘဲ ရှိနေချိန်တွင် တချို့လူများ၌ စားသောက်စရာ အလျှံပယ်ဖြစ်နေခြင်းမှာ လူနေမှုစနစ်မညီမျှခြင်း၏ အပြစ်ဖြစ်သည်ဟု လွယ်ကူစွာ ကောက်ချက်ချနိုင်ကြပါသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပရော်ဖက်ဆာဖရန်းဖတ်က လူချမ်းသာတို့ဘက်ကို ကြည့်ရှုနေခြင်းမှာ လူတို့ အယူမှားနေခြင်းဖြစ်သည်။ ပြဿနာမှာ အနေအထိုင်မညီမျှခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘဲ လူအချို့တို့တွင် အလွန်တရာဆင်းရဲ၍ ပစ္စည်းပစ္စယချို့တဲ့နေခြင်းသက်သက် သာဖြစ်သည်။
ဖရန်းဖတ်၏အက်ဆေးက ပညာရှင်ပေါင်းများစွာ၏အတွေးကို ပိုရှုပ်ထွေးသွားစေပါသည်။ အချို့ကလည်း ဤလူနေမှု စနစ်တွင် ဝင်ငွေမညီမမျှဖြစ်နေရခြင်းကြောင့်သာ ဤကဲ့သို့ မညီမျှမှုများ ဖြစ်ပေါ်ရသည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ကြ သူများရှိနေကြသလို သူ့ကိုမထောက်ခံသူများမှာလည်း အများအပြားရှိနေကြပါသည်။ ထို့ကြောင့် ၂၀၁၅ခုနှစ်တွင် ထပ်မံ၍ စာအုပ်တစ်အုပ် (On Equality) အမည်ဖြင့်ထပ်မံထုတ်ဝေခဲ့ပါသည်။ ထိုအချိန်၌ လူနေ မှုစနစ်တွင် မညီမျှမှုများမှာ ပိုမို၍ဆိုးရွားလာခဲ့ပါသည်။
ပရော်ဖက်ဆာဖရန်းဖတ်တွင် ပြောစရာစကားအခိုင်မာရှိပါသည်။ ဥပမာ အမေရိကန်လူနေမှုစနစ်ကို ကြည့် ပါ။ အပေါ်ဆုံးက ၁၀%မှာ သက်တောင့်သက်သာနေနိုင်သော လူတန်းစားဖြစ်ပါသည်။ ထိုလူများထဲမှ ၁% မှာ ကျန်သော ၉% နှင့်စာသော် ပို၍သက်တောင့်သက်သာ နေနိုင်ကြပါသည်။ လူအနည်းငယ်ကသာ ဤမညီမျှမှုကို မဖြစ်သင့်ဟု ယူဆကြပါသည်။ မညီမျှမှုဆိုသည်မှာ အချို့မှာ လွန်စွာချမ်းသာ၍၊ အချို့မှာ လွန်စွာဆင်းရဲသော အခြေအနေကိုခေါ်ပါသည်။ အမေရိကန်ပြည်တွင်ပြုလုပ်သော စစ်တမ်းတစ်ခုအဆိုအရ လူဦးရေအလိုက်အောက် ဆုံး ၂၀% နှင့် အထက်ဆုံး ၂၀% တို့၏ဝင်ငွေကွာခြားမှုကို လေ့လာခဲ့သည်။ ချမ်းသာမှု (Wealth) တစ်ခုလုံး၏ ဝ ဒဿမ ၃% သာ အောက်ဆုံးလူတို့ကရရှိပြီး အပေါ်ဆုံးလူတန်းစားက ၈၄% ကိုရရှိသည်။
ဆင်းရဲသူများသည် ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲကြပါသည်။ ထိုအခြေအနေမျိုးတွင် ညီမျှမှုအတွက် အထက်ရောက်ရသူများကို ဆင်းရဲသူများလိုဖြစ်အောင် ပြန်အောက်ဆွဲချရင်လည်း မဖြစ်နိုင်ပါ။ ညီမျှမှုအတွက် အားလုံးညီတူညီမျှ ဆင်းရဲခံကြရန် လည်းမဟုတ်သေးပါ။
ထို့ကြောင့် စီးပွားရေးညီမျှမှုအတွက် နောက်ဆုံးရောက်ရသူများ၏ဘဝကို မြင့်တင်ပေးရန်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဆင်းရဲခြင်း၊ ဆာလောင်ခြင်း၊ ပပျာက်အောင်ဆောင်ရွက်ကြမည်။ မကောင်းသောကျောင်း၊ မကောင်းသောအိမ် နေရသည့်အခြေအနေတို့ကို ပြုပြင်ပေးမည်။ ကျန်းမာရေးအခြေအနေကို မြင့်တင်ပေးမည်။ ခရီးလမ်းပမ်းဆက်သွယ်ရေးအတွက် လမ်းဖေါက်ပေးမည်။ လျပ်စစ်မီးနှင့်ရေကို အလွယ်တကူရရှိစေရန်စီစဉ် ပေးမည်။ ကျွန်တော်၏လုပ်ရမည့်ဦးတည်ချက်မှာ မညီမျှမှုများကိုပပျာက်ရန် ဟူ၍ မဖြစ်သင့်ပါ။
ပထမဦးစွာ ဆင်းရဲမှုပပျောက်စေရန်၊ အခြေခံလူတန်းစားများ လူတန်းစေ့နေထိုင်ကြစေရန် ပဌမဦးဆုံး လုပ်ရမည့်အလုပ်မှာ ချမ်းသာသူများကို အခွန်ပိုကောက်ရန်ဖြစ်ပါသည်။ နောက်ဆုံးမျှော်လင့်ချက်မှာ လူတန်းစား ညီမျှသွားစေရန်ဖြစ်ပြီး ထိုသို့ ညီမျှသွားခြင်းဖြင့် ဆင်းရဲမှုပပျောက်သွားပါသည်။ သို့ပါသော်လည်း ဤရည်းမှန်း ချက် မှာ အိပ်မက်ထဲမှ မျှော်မှန်းချက်သာဖြစ်ပါမည်။
ဒုတိယအချက်အနေဖြင့် သတိထားရမည်မှာ ချမ်းသာသောလူတန်းစားက သူတို့၏လွှမ်းမိုးမှုကို ကျယ်ပြန့် အောင် ဆောင်ရွက် လာနိုင်သည်။ ဤသို့ဖြင့် ဥပဒေပြဌာန်းရာတွင်၄င်း၊ လူအုပ်စုအတွင်းမှ ပြဿနာဖြေရှင်း ရာ တွင်၄င်း၊ သူတို့ ဘက်မှအမြဲတမ်းအသာရစေသောဥပဒေများကို ပြဌာန်းလာနိုင်သည်။ ထိုအခါ ဒီမိုကရေစီမှ (Plutocracy) ခေတ်ဖြစ်အောင် ဖန်တီးလာနိုင်ကြပါသည်။ လူနည်းစုက ခြယ်လှယ်သော လူမှုစနစ်ဖြစ်ပါသည်။
အမွေခံခြင်းဖြင့် စည်းစိမ်ဥစ္စာများကို တစ်လက်မှတစ်လက်သို့ပြောင်းရာတွင် လူတန်းစားတစ်ရပ်ဖြစ် ပေါ်လာနိုင်ပါသည်။ စည်းစိမ်ဥစ္စာသည် လူတစ်ဦးမှ သူလွှဲပေးလိုသည့် လူသို့သာ ကူးပြောင်းခြင်းဖြင့် စီးပွားရေး တွင် လူတန်းစားတစ်ရပ်ဖြစ်ပေါ်လာနိုင်သဖြင့် စည်းစိမ်ဥစ္စာမှာ လူများစွာသို့ ပေးဝေရသည့်အစား ရှိသူများသာ ဆက်လက်ရှိသွားနိုင်ကြပါသည်။ ဤသည်မှာလည်းလူ့ထုံးစံ ကလက်ခံထားသောနည်းဖြစ်နေသဖြင့် ကျွန်တော်တို့ ဝေဖန်စရာမရှိပါ။
လူတန်းစားမညီမျှမှုများက ဖန်တီးနိုင်သောပြဿနာမှာ မသေးလှပါ။ မရှိသူတို့ကလည်း ပါတ်ဝန်းကျင်မှာ ပြည့်စုံနေပါလျက် သူတို့တွင်မရှိနေခြင်းအတွက် ဘေးပါတ်ဝန်းကျင်ကို ရန်ပြုနိုင်သည်။ ချမ်းသာသူတို့က လည်း သူတို့တွင် ပစ္စည်းဥစ္စာကြွယ်ဝရခြင်းမှာ သူတို့အရည်အချင်းကြောင့်ဖြစ်သည်ဟု မာနတတ်နိုင်သည်။ ရှိသူတို့က မရှိသူတို့ကို မည်သည့်အရည်အချင်းကင်းမဲ့နေသောကြောင့် မရှိဖြစ်ရသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ပစ္စည်းဥစ္စာမရှိခြင်းသည် လူအုပ်စုထဲ အမြင်တွင်မကြည်လင်စရာ အခုအခံများရှိလာကြပါသည်။
ဖီလိုဆိုဖါ ဂျွန်ရိုး (John Rawls) ကပြောသကဲ့သို့ ကျွန်တော်တို့၏ လစ်ဘရယ်ကျသောလူနေမှုအဖွဲ့ အစည်း တွင်သဘောတူညီမျှတသော လွတ်လပ်သောလူတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်တော်တို့သည် မိမိကိုယ်မိမိ ဤ သို့ သာ ယုံကြည်ထားပါသည်။ သို့ပါသော်လည်း တခါတရံတွင် တဖက်စောင်းနင်းနိုင်သော မတရားမှုများဖြစ်ပေါ် တတ်သည်။ ကျွန်တော်တို့သည် မတရားမှုများဖြင့် ပြည့်နေသော ကျေးကျွန်စနစ်နှင့် မညီမျှမှုများဖြင့် စခဲ့ရသော သမိုင်းအစဉ်အလာရှိခဲ့ပါသည်။ ထိုအခြေအနေမှ ကျွန်တော် တို့အဖွဲ့အစည်းကို တူညီမျှတသောလူအဖွဲ့ အစည်း ဖြစ်အောင် ချီတက်နေသည်ကိုအထင်အရှားတွေ့နိုင်ပါသည်။
သို့ပါသော်လည်း ဆင်းရဲချမ်းသာအလှမ်းကွာနေသောကြောင့် ကျွန်တော်တို့၏ရည်မှန်းချက်မှာ တစ်ခါတရံ လှောင်ပြောင်ခံရလောက်အောင် လူရီစရာဖြစ်နေတတ်ပါသည်။ လွန်ခဲ့သည့် လေးငါးဆယ်နှစ်အတွင်း အမေရိကန် လူနေမှုစနစ်ကဲ့သို့ ဆင်းရဲသူနှင့် ချမ်းသာသူ ဟူ၍ ကွဲပြားမှုကြောင့် တစ်ဦးနှင့်တစ်ဦး ညီမျှစွာ ဘဝကိုရပ်တည်နိုင်ခြင်း ဆိုသည်မှာ ဘာမှအဓိပ္ပါယ်မရှိသလို ဖြစ်ခဲ့ရပါသည်။ ဆင်းရဲမွဲတေမှုကို တကယ်တမ်းတိုက်ဖျက်၍ ဆင်းရဲ မွဲတေ သူမရှိဘူးဆိုသည့်တိုင် အမေရိကန်လူနေမှုစနစ်မှာ တစ်ယောက်နှင့် တစ်ယောက်ညီမျှသည်ဟုပြောဆိုရန် အဆင့်မှာ အဝေးကြီးဖြစ်နေပါသည်။
စီးပွားရေးဆိုင်ရာ မညီမျှမှုများမှာ လူနေမှုစနစ်ကို အရုပ်ဆိုးစေသည်နှင့်အတူ ၄င်း၏အကျိုးသက်ရောက် မှုမှာ များစွာရှိပါသည်။ အရေးကြီးဆုံးတစ်ခုမှာ နိုင်ငံရေးတွင် သြဇာလွှမ်းမိုးမှုဖြစ်ပါသည်။
သို့သော် လူနေမှုစနစ်နှင့်ပါတ်သက်၍ လိုအပ်သည်မှာ လူတိုင်းလူတိုင်းသည် အဆင့်မြင့်မြင့် နေနိုင်ရေး ဖြစ်ပါသည်။ လူတိုင်းသာ မိမိလိုသမျှကိုရနိုင်လျှင် ပရော်ဖက်ဆာဖရန့်ဖတ်၏ လိုအင်ဆန္ဒလည်း ပြည့်ဝမည်ဟု ဆိုနိုင်ပါသည်။ သို့ပါသော်လည်း အမေရိကန်ပြည်ကဲ့သို့ လူတိုင်းချမ်းသာသည့်နိုင်ငံဖြစ်ပါလျက် အချို့လူများမှာ အိုးပိုင်အိမ်ပိုင်မရှိခြင်း ကျန်းမာရေးကိုအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ခြင်းကြောင့် ပညာရေးတွင် ကျောင်းမှန်မှန်မတတ်နိုင်ခြင်း စသောပြဿနာများ ရှိနေဆဲပင်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးမှုမှာလည်းကျွန်တော်တို့အကြိုက် မဖြစ်သေးသည်ကို တွေ့နေရပါသည်။
သို့သော်ဖရန့်ဖတ်၏ 'လိုအပ်ချက်ကိုဖြည့်ဆည်းပေးရုံဖြင့်' ဤလူနေမှုစနစ်သည် ကောင်းသည်ဟု ဆိုနိုင်ပါ သလား။ ဆိုခဲ့သည့်အတိုင်း မညီမျှသောလောကကြီးတွင် ဒီမိုကရေစီနိုင်ငံမှ ပလူတိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲ သည့် လက္ခဏာများကိုလည်း တွေ့နေရပါသည်။
(၃)
အချို့လူများပြောသလို အကြပ်အတည်းကြုံတွေ့ရခြင်းသည် အခွင့်အရေးသစ်ကို ဖန်တီးပေးနေသည် ဟူသော အယူအဆအရပြောလျင် ယခုခေတ်လူနေမှုစနစ်ကြီးသည် အခွင့်ရေးပေါင်းစုံဖြင့် ပြည့်နေသောအချိန် ဖြစ်ပါသည်။ လူ့အခြေအနေအုပ်စုနှင့် နေထိုင်မှုကို အခြေခံမှစ၍ မြေလှန်ပြောင်းလဲပစ်ရန် အခွင့်အရေးကြီးနှင့် ကြုံ တွေ့ရပါသည်
ရှေ့ဆက်ရမည့်ခရီးတွင် ပြည်သူတို့ ရွေးချယ်ရမည်မှာ အမှန်တကယ်အခြေအနေတူညီမျှသော လူမှုအဖွဲ့ အစည်းတရပ်ကို လိုအပ်သလား သို့မဟုတ် တစ်ဦးနှင့်တစ်ဦး စီးပွားရေးစနစ်ကချပေးသတ်မှတ်သည့်အတိုင်း နေကြရမည်လား ဆိုသည်ကို ရွေးချယ်ကြရန်ပင်ဖြစ်ပါသည်။
သို့မဟုတ် ခေတ်သစ်ရော်ဘင်ဟုဒ် ပေါ်လာပြီးလောကကြီးကိုကယ်တင်မှာလား ဆိုသည်မှာ တွေးတော စရာပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည်ခေါင်းဆောင်ကောင်း၏နောက်သို့ ညီညာဖျဖျ လိုက်လိုကြပါသည်။ ခေါင်း ဆောင်ကြီးကိုပြောရမည်မှာ ချမ်းသာသူတို့ကို သွားမနှောင့်ယှက်ပါနှင့်။ ဆင်းရဲသူကိုသာ ကယ်တင်ပါဟူ၍ ဖြစ်ပါ သည်။
ကိုသန်းလွင်
Ref: Is economic inequality really a problem By Samual Scheffler