Breaking News

ကိုအောင်မှိုင်း - ကြေးစားနိုင်ငံရေး ယဉ်ကျေးမှုကိုဆန့်ကျင်ကြ



ကိုအောင်မှိုင်း - ကြေးစားနိုင်ငံရေးယဉ်ကျေးမှုကိုဆန့်ကျင်ကြ

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၀

ငွေပေးပြီး နိုင်ငံရေးသမားတွေကို သတ်ခိုင်းတဲ့ကိစ္စ (ဆရာဦးကိုနီ)
ငွေပေးပြီး လွှတ်တော်အမတ်တွေကို ဝယ်ယူဘို့လုပ်တဲ့ကိစ္စ ( ဦးကျော်မြင့် UDP ပါတီ)
ငွေပေးပြီး မမှန်မကန် ဆန္ဒပြခိုင်းတဲ့ကိစ္စ ( -- ပါတီ)

မမှန်မကန်ကိစ္စတွေကို ငွေထုပ်ပိုက်ပြီးအနိုင်ယူဘို့ ကျိူးစားတဲ့လုပ်ရပ်တိုင်းဟာ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးမှာ အလွန်အန္တရယ်များပြီး အလွန်တရာစိုးရိမ်စရာကိစ္စတွေလို့ပြောပါရစေ။ 
စီးပွါးရေးကိစ္စတွေမှာတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေအဖြစ်သာ လူအများမြင်လေ့ရှိကြပေမဲ့ နိုင်ငံရေးကိစ္စတွေ မှာတော့ နိုင်ငံအတွက် အလွန်အန္တရယ်ကြီးတဲ့ကိစ္စတွေအဖြစ် မြင်လေ့ရှိကြပါတယ်။ လူထုရဲ့ဆန့်ကျင်မှုကို လည်း ပြင်းပြင်းထန်ထန် ခံရလေ့ရှိပါတယ်။ 

အလုပ်သမားတွေဟာ မိမိတို့ရဲ့ရပိုင်ခွင့် ဆုံးရှုံးကြတဲ့အတွက် ဆန္ဒဖေါ်ထုတ်ကြရပါတယ်။ ဒါကိုက ဒီမိုကရေစီ စနစ်ရဲ့ကောင်းမြတ်မှုတခုဖြစ်ပါတယ်။ ဒီလိုဘဲ လယ်သမားတွေလယ်သိမ်းခံရလို့ ဆန္ဒပြကြတယ်။ လူ့အခွင့်အ ရေးသမားတွေ ကျောင်းသားတွေ ဆန္ဒဖေါ်ထုတ်ကြတယ်ဆိုတာ နိုင်ငံရေးအရ အလွန်အရေးပါတဲ့ တန်ဘိုး တွေကို ပြဌာန်းနေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရကို တည်ဆောက်နေကြတာလို့လဲ အ လေးအနက်ယုံကြည်မိပါတယ်။ 

ခက်တာက စွမ်းအားရှင်တို့လို၊ အမည်မသိလူအုပ်ကြိးတို့လို၊ အမည်မသိဝန်းရံသူတို့လို ပုဂ္ဂိုလ်တွေရဲ့ ကနေ့ လုပ်ရပ်တွေကတော့ ဒီမိုကရေစီဖက်ဒရယ်စနစ်အတွက် ကြောက်စရာလဲကောင်း ရွံစရာလဲကောင်းတဲ့ လုပ်ရပ်တွေအဖြစ် လူထုအတွင်း စိုးရိမ်ထိန့်လန့်မှုတွေ တိုးပွါးလာတာလဲဖြစ်ပါတယ်။ 

ကနေ့ဖြစ်ပျက်နေတဲ့ ဆန္ဒပြလူတန်းစား (ဝန်းရံပေးသူလူတန်းစား) တရပ်ပေါ်ပေါက်လာတာကိုက ဒီမိုကရေစီတန်ဘိုးတွေ ကျဆုံးခြင်းပါဘဲ။ ငွေပေးမွေးမြူထားတဲ့ လူတန်းစားတရပ်ကို ဖန်တီးနေတာကိုက ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခြင်းပါဘဲ။ မိမိတို့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ကျောင်းသား၊ အလုပ်သမား၊လယ်သမားစတဲ့ လူထုလူတန်းစားတွေ ဆန္ဒထုတ်ဖေါ်မှုတွေနဲ့ ပိုက်ဆံရလို့ဆန္ဒပြတယ် (ဝန်းရံတယ်) ဆိုတဲ့ လူတန်းစားတရပ်ရဲ့ဆန္ဒပြမှုကတော့ တန်ဘိုးခြင်းလုံးဝမတူတာ သေချာပါတယ်။ 

ပြောမယ်ဆိုရင် ဆန္ဒထုတ်ဖေါ်တယ်ဆိုတာ လူရီစရာပျက်လုံးတခု အဖြစ်ကို တွန်းပို့နေသလိုဖြစ်နေတော့တာပါ။ လူထုလူတန်းစားတွေရဲ့တိုက်ပွဲကို ဖျက်ဆီးလိုက်သလိုလဲဖြစ် နေပါတယ်။ ပြတ်ပြတ်သားသားဆန့်ကျင်ရမှာပါ။

ကျနော်တို့နိုင်ငံမှာ ဆင်းရဲသူဆင်းရဲသားတွေ စာပေရေချိန်နိမ့်သူတွေအပေါ် လူညွန့်ခူးပြီး ငွေပေးဆန္ဒပြခိုင်းတာတို့ ပိုက်ဆံရလို့ဆန္ဒပြတယ်ဆိုတာတို့ တွေဟာ တရားဝင်လိုလို ဖြစ်နေတာတွေ့ရတော့ အတော်လဲစိတ်ပျက်မိသလို အတော်လဲနားလည်ရခက်လှပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလိုကိစ္စတွေ ဖန်တီးလုပ်ဆောင်နေကြတယ်ဆိုတဲ့ အဖွဲ့အစည်းဆိုလို့လဲ သိပ်များများစားစားတော့မရှိလှပါဘူး။ လူထုအားလုံးသိနေကြသလို လူထု အားနဲ့တိုက်မှ ရမဲ့ကိစ္စလို့ ကျနော်ထင်တယ်။

ကနေ့ ကျနော်တို့နိုင်ငံ ရွေးကောက်ပွဲပြီးအခြေအနေကို တင်ပြချင်ပါတယ်။ ရွေးကောက်ပွဲအပြီး ငြိမ်းငြိမ်းချမ်း ချမ်းမဖြစ်ဘဲ မတည်မငြိမ်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်လာမယ်ဆိုရင်တော့ အဓိကတရားခံဟာ ကာချူပ် မင်းအောင်လှိုင်လို့ဘဲ ပြောရတော့မယ်ထင်ပါတယ်။ ကိုယ်ယုံကြည်ရာပါတီကို မဲထည့်တဲ့သူတွေရှိတယ်။ မယုံ ကြည်လို့ မဲမထည့်တဲ့လူတွေရှိတယ်။ ဒါကပြဿနာမဟုတ်ပါဘူး။ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးဘဲဖြစ် ပါတယ်။ အဓိကပြဿနာက ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ရဲ့စွက်ဖက်မှု ဗိုလ်မင်းအောင်လှိုင်ရဲ့စွက်ဖက်မှုက တော့ အတော်အကျည်းတန်အရုပ်ဆိုးတယ်လို့ ပြောရတော့မှာပါ။ အဆိုးဆုံးကတော့“ဘာမဆိုလုပ်ရဲတယ်”ဆိုပြီး တိုင်းပြည်ကို ခြိမ်းခြောက်ခဲ့တာပါ။ 

စစ်တပ်က ၂၀ဝ၈ နာဂစ်ကပေးထားတဲ့ ပေးထားချက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ လွှတ်တော်ထဲက ၂၅% ကိစ္စဆိုပါစို့။ လူထုအနေနဲ့ လွှတ်တော်ထဲမှာ စစ်တပ်က ဇွတ်၂၅% ဝင်ထိုင်နေကြတာကို မကြေနပ်ကြပါဘူး။ သေနတ်အားကိုးနဲ့ စစ်တပ်ကအနိုင်ကျင့်တယ်လို့ အခိုင်အမာယုံကြည်ထားကြတာပါ။ ဗိုလ်မင်းအောင်လှိုင်ရဲ့ အနေအထိုင်မတတ် အပြောအဆိုမတတ်တာတွေကြောင့် လူထုအများစု ရင်ထဲမှာ ပြင်းပြင်းထန်ထန်ပေါက်ကွဲ ကုန်ကြတာကိုလဲ ဒီရွေးကောက်ပွဲကာလမှာ တွေ့ခဲ့ရပါတယ်။ 

ချာပါတီ ၃၄ ပါတီနဲ့ တွေ့တဲ့ကိစ္စဆိုပါစို့။ စစ်တပ်က ၂၅% လွှတ်တော်မှာနေရာယူထားတာ အမျိူးသားနိုင်ငံရေး အတွက်လို့လဲပြောခဲ့တယ်။ တပ်မတော်သဘောထားနဲ့ပတ်သက်ပြီး ပါတီတွေကိုတင်ပြချင်တယ်ဆိုရင် ပါတီအကုန်လုံးကို ဖိတ်ပြီးတင်ပြပေါ့။ အခုက တွေ့ချင်တဲ့သူတွေနဲ့တွေ့ပြီး ပြောချင်တာတွေပြောနေတော့ ဘယ် လိုလုပ် ဒီလိုလူတွေက တိုင်းပြည်ကောင်းအောင်လုပ်နိုင်မှာလဲဆိုတဲ့ သံသယတွေ စိုးရိမ်သောကတွေ လူထု အများစု ရင်ထဲမှာ အမှန်တကယ်နေရာဝင်ယူခဲ့ကြပါတယ်။၂၅%ကိုတောင် အတော်စိတ်ပျက်နေကြတာပါ။ အခုက ၂၅% + ဆိုတာမျိူး စစ်တပ်နဲ့ ကြံ့ဖွတ်နဲ့ပေါင်းမယ်ဆို တော့ တွေးသာကြည့်ပေတော့ ဆိုတဲ့အပေါက်မျိူးပါဘဲ။ 

စစ်တပ်က ၂၅%ဆိုတာ တိုင်းပြည်အတွက်မဟုတ်ဘဲ ကြံ့ဖွတ်ပါတီအတွက်ဆိုတာကို ဗြောင်ဖေါ်ပြလိုက်သလိုဖြစ်နေတော့ လူအများစုကြီးကတော့ ဆတ်ဆတ်ခါ အောင် နာကျည်းဒေါသတွေဖြစ်တော့တာပေါ့ဗျာ။ ဗိုလ်မင်းအောင်လှိုင်က ဒါနဲ့တင်မရပ်ဘဲ ရွေးကောက်ပွဲမတိုင်ခင် ခြိမ်းခြောက်တဲ့စကားတွေ ကြံ့ဖွတ်ဖက်ကို ဗြောင်ယိမ်းတဲ့စကားတွေက အပြုသဘောမဆောင်တော့ တာအမှန်ပါ။ ပြောရမဲ့စကားက “တပ်မတော်အနေနဲ့ ဘယ်ပါတီဘက်ကမှမလိုက်ဘဲ ကြားနေမယ်”ဆိုတာမျိူး ဆိုရင် လူကြားကောင်းတာပေါ့။ စစ်တပ်အတွက်လည်းကောင်းတာပေါ့။အခုဗိုလ်မင်းအောင်လုပ်ရပ်တွေက လူထုတင်မကဘဲ စစ်တပ်ကစစ်သည်တွေပါ စိတ်ပျက်စရာစကားတွေလို့ပြောနိုင်မယ်ထင်ပါတယ်။ 

ခက်တာက ဗမာပြည်မှာ“သူခိုး သူခိုး လို့ အော်လိုက်တာနဲ့ နောက်မလုံတဲ့ ပါတီကြီး”အတွက်ကတော့ နောက် ၂၀၂၅ ရွေးကောက်ပွဲမှာလဲ ရိုးရိုးသားသားဆိုလို့ကတော့ မနိုင်နိုင်ပါဘူး။ ကျနော် နိမ့်ချပြောနေတာမဟုတ်ပါ ဘူး။ လက်တွေ့နိုင်ငံရေးသဘောတရားအရ ပြောနေတာပါ။ တကယ်က အဲဒီပါတီကြီးက နိုင်ငံရေးအရဦးကျိူး သွားခဲ့ပါပြီ။ မဆလလက်ထက်က သူ့လိုဘဲ ဥိးကျိူးသွားခဲ့တဲ့ ပါတီတွေရှိခဲ့ပါတယ်။ 

နိုင်ငံရေးဆိုတာမှာလဲ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတာ ရှိပါတယ်။ အတိတ်ကမကောင်းပေမဲ့ ပစ္စုန်ပ္ပန်မှာကောင်းလာရင် အနာဂတ် ကောင်းလာနိုင်ပါတယ်။ ခက်တာက အတိတ်ကလဲမကောင်း ပစ္စုပ္ပန်လဲမကောင်းတော့ အနာဂတ်ဘယ်လို လုပ်ကောင်းတော့မှာလဲဗျာ။ ညစ်ပတ်မယ်၊ အနိုင်ကျင့်မယ်၊ အခွင့်ထူးခံမယ်၊ လိမ်မယ်၊ ညာမယ်။ခြိမ်းခြောက်မယ်၊ ခိုးထားတဲ့ငွေတွေထုတ်ပြီး မကောင်းမှုတွေလုပ်မယ်ဆိုတာနဲ့ ပါတီတည်ဆောက်လို့မရပါဘူး။ကျနော် တို့ အမြင်ကတော့ ပါတီအသစ်သာ ထောင်လိုက်တာ ကောင်းပါလိမ့်မယ်။ 

ကနေ့လဲ မဲရှုံးတာကို ဆန္ဒတွေပြနေကြပါပြီ။ ဆန္ဒပြနေသူတွေထဲက လူတချိူ့ကို ဘာကြောင့်ဆန္ဒပြကြတာလဲ။ ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတွေကို သိသလား။ မကြေနပ်ချက်တွေက ဘာလဲ။ ခိုင်ခိုင်လုံလုံ အထောက်အ ထားတွေရှိလား စသဖြင့် သာမန်လူထု နားလည်လောက်မဲ့မေးခွန်းမျိူးတွေမေးပြီး သုတေသနလုပ်ကြည့်ရင်၊ ရာခိုင်နုန်းဘယ်လောက်က ဘာဆိုတာပေါ်လာမှာပါ။ 

ကျနော့်အမြင်ကတော့ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေး ဂုဏ်သိက္ခာရှိဘို့လိုတယ်။ ရွေးကောက်ပွဲဆိုတာ အန္တိမရည်မှန်းချက်မဟုတ်ပါဘူး။  လူထုနဲ့အတူ လူထုအကျိူးကို ဘယ်လောက်ဆောင်ရွက်မလဲ။ လူထုရဲ့ဆုံးရှုံးမှုတွေကို ဘယ်လိုကာကွယ်တိုက်ပွဲဝင်မလဲ ဆိုတာသာ အဓိက လို့ ကျနော်ထင်ပါတယ်။ အခုရွေးကောက်ပွဲမှာ မဲရှုံးပေမဲ့ ဂုဏ်သိက္ခာအရရော လူထုယုံကြည်မှုရောရသွားတဲ့ ပါတီတွေပေါ်ထွန်းလာခဲ့တာ ကျနော်တို့တွေ့မြင်ရတော့ အတော် ကျေနပ်ဝမ်းသာမိတယ်။

အဓိကပြောချင်တာက မဲနိုင် မဲရှုံးတဲ့ ကိစ္စ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂါတ်နိုင်ငံရေးမှာ ဆရာဦးကိုနီအဖြစ်လို ကိစ္စတွေ ဥိးကျော်မြင့်လို့ပြဿနာတွေ ငွေပေးဆန္ဒပြခိုင်းတဲ့ကိစ္စတွေဖြစ်တဲ့ ကြေးစားနိုင်ငံရေးယဉ်ကျေးမှု မထွန်ကားလာဘို့ကိုတော့ နိုင်ငံသူနိုင်ငံသားအားလုံးက အတတ်နိုင်ဆုံး မျက်ခြေမပြတ် ဖေါ်ထုတ်ဆန့်ကျင်ဘို့ လိုအပ်လှကြောင်းပါခင်ဗျား။

ကိုအောင်မှိုင်း
၁၂ရက် နိုဝင်ဘာလ၂၀၂၀ခုနှစ်။