ကိုတင်ထွန်းနိုင် - ကုလားထိုင်တစ်လုံး
ကုလားထိုင်တစ်လုံး
ကိုတင်ထွန်းနိုင်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၀
ထိုင်နေသူကတစ်ဦး
ထိုင်ချင်သူက တစ်ယောက် နှစ်ယောက်
သုံးယောက်...
ဖုန်သုတ်နေသူက.တစ်သိန်း. တစ်သန်း
ကုလားထိုင်ဟာ ဘုရားတနေ။
ရိုက်ချိုးမယ် မီးတင်ရှို့မယ်
ကြွေးကြော်သံတွေ
အော်.ဘရူးတပ်စ် သင်လည်းပါသကိုး
အံသြသံတွေ
ကုလားထိုင်တစ်လုံး တုန်လှုပ်နေပုံ။
ကုလားထိုင်တစ်လုံးဟာ
ဒုက္ခသစ္စာကို အံသွားကြိတ်ထားတယ်
အဖြစ်အပျက်တွေ အလင်းအမှောင်တွေကပဲ
ကုလားထိုင်ကိုသမ်းဝေစေတယ်။
ကုလားထိုင်တစ်လုံးရဲ့ဂုဏ်သိက္ခာဟာ
ထိုင်နေသူကိုထမ်းပိုးထားနိုင်ဖို့ပဲ။
အဝီစိဗီဇာကိုင်ထားသူအဖို့
ဘုရားဖြစ်နိုင်ပါ့မလား
ကုလားထိုင်တစ်လုံးရဲ့ ရယ်သံကတိကျလှပ။ ။