နိုင်စွမ်း - အနုပညာသမားနဲ့ နိုင်ငံရေး
နိုင်စွမ်း
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၀
“ဟဲလို.. စွမ်းကြီး။ မေးစရာရှိလို့..” ဆိုပြီး ငယ်သူငယ်ချင်း တစ်ဦးက ဖုန်းဆက်လာပါတယ်။ “ဟုတ်ပါပြီ.. မေးပါ သူငယ်ချင်း။ မင်းက နယ်မှာ ရွေးကောက်ပွဲ အတွက် လှုပ်ရှားနေသူ ဆိုတော့ မဲပေးဖို့ နီးနေချိန်မှာ ကိုယ်စားလှယ်တွေနဲ့၊ ဒါမှမဟုတ် လော်ဘီတွေနဲ့ ပတ်သက်နေမလားပဲ ”
“ဟုတ်တော့ ဟုတ်တယ်။ အတိအကျတော့ မဟုတ်သေးဘူးဗျ။ မင်းက ပန်းချီအနုပညာ အကြောင်း အတော်များများ ရေးသားသူ၊ နိုင်ငံတကာ ပန်းချီရာတွေနဲ့ အင်တာဗျူးတွေ လုပ်ခဲ့တာဆိုတော့.. ‘အနုပညာနဲ့ နိုင်ငံရေး’ အကြောင်း မေးချင်တာကွ”
“ဟာ.. မင့်ဟာက တော်တော် ကျယ်ပြန့်တဲ့ မေးခွန်းပဲ။ အဲဒီ ‘အနုပညာနဲ့ နိုင်ငံရေး’ ခေါင်းစဉ်အောက်မှာ ‘အနုပညာရှင်နဲ့ နိုင်ငံရေး’၊ ‘အနုပညာလက်ရာနဲ့ နိုင်ငံရေး’၊ ‘ဝါဒဖြန့်စည်းရုံးလှုံ့ဆော်ခြင်း’ ဆိုတာတွေပါ ပါလာပြီပဲ။ ဘယ်က စ,ပြီး ပြောရမှန်း တောင် မသိတော့ဘူး”
“ဟေ့ကောင်.. ပြောချင်သလို ပြောကွာ။ ပြည့်ပြည့်စုံစုံပြော။ မင်း အယူအဆလည်း ပါပါစေနော်” လို့ ငယ်နိုင်သူငယ်ချင်း ပီပီ ဇွတ်အတင်း ဖိအားပေးတယ်။
တကယ်တော့ Man is by nature a social animal (လူဟူသည် သဘာဝအရ လူမှုရေး သတ္တဝါ) လို့ အရစ္စတိုတယ်လ် (Aristotle) က ပြောခဲ့သလို Man is by nature a political animal. (လူဆိုတာ သဘာဝအရကိုပဲ နိုင်ငံရေး သတ္တဝါ) လို့လည်း ဆိုပါတယ်။ ဒီတော့ လူတိုင်းဟာ လူမှုရေးနဲ့ရော နိုင်ငံရေးနဲ့ပါ မကင်းကြပါဘူး။ အနုပညာရှင်တွေဟာလည်း ပြည်သူထဲက ပြည်သူ ဖြစ်နေတယ် မဟုတ်ပါလား။
အနုပညာ ဆိုတာ ဘာလဲ၊ မော်ဒန်အတ်နဲ့ ကွန်တမ်ပရာရီ အတ်ဘာကွာလဲ၊ ခေတ်ပြိင် ‘က’ကြီး ‘ခ’ကွေး စတဲ့ အကြောင်းအရာ အတော်စုံစုံ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ သို့ပေမဲ့ ‘အနုပညာနဲ့ နိုင်ငံရေး’ အကြောင်း မရေးဖူးသေးပါ။
ဖြတ်သန်းခဲ့တဲ့ ခေတ်တွေ၊ စနစ်တွေ အောက်မှာ အနုပညာကိုသာ နိုင်ငံရေး လက်နက်သဖွယ် အသုံးပြုခဲ့ကြတာ၊ လှေခါးထစ်သဖွယ် အသုံးချခဲ့ကြတာကို ပြန်လည် စဉ်းစားမိပါတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးကသာ အနုပညာကို အသုံးချများတာ တွေ့ရပြီး အနုပညာက နိုင်ငံရေးကို အသုံးချနည်းတာ တွေ့ရမှာပါ။ အနုပညာက နိုင်ငံရေးကို အသုံးချတယ် ဆိုရင်လည်း.. ဒါဟာ.. ကောက်ရိုးမီး၊ ဒိုက်အမှိုက်တွေနဲ့ ပါသွားမယ့် ဖန်တီးမှုတွေပါ။
ဝန်ကြီးချုပ်ဦးနုလက်ထက်က ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ်ဆို ပြိုင်ပွဲကျင်းပတော့ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့တယ်၊ အဲဒီသီချင်းကို မြန်မာ့အသံက အကြိမ်ပေါင်းများစွာ လွှင့်ခဲ့ပေမဲ့ နားထောင်သူ ပရိသတ်က အလေးထားမှတ်မိတာမျိုး မရှိတော့ပါ။ နိုင်ငံရေးခေတ်စနစ် တစ်ခုကို ကိုယ်စားပြုတဲ့ သီချင်း ဖြစ်လို့ အဲဒီခေတ်မှာပဲ ကျန်ရစ်ခဲ့တာ ဖြစ်တယ်။ ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင်လည်း သူရေးခဲ့တဲ့ သီချင်းကို မမှတ်တော့ကြောင်း၊ ဆုရဖို့ မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ ရေးစပ်ခဲ့တဲ့ သီချင်းဖြစ်လို့ လူအများ စိတ်မှာ သတိမရတော့တာ ဖြစ်တယ်လို့ ဝန်ခံပြောဆိုဖူးကြောင်း မှတ်သားရပါတယ်။
ဆရာ ဗိုလ်ကလေးတင့်အောင် ပြည်တော်သာစီမံကိန်းသီချင်းနဲ့ တစ်ချိန်တည်းမှာ မြို့မငြိမ်းက “လူချွန်လူ ကောင်း” သီချင်းကို ရေးစပ်ပါတယ်။ နှစ်တွေ၊ ခေတ်တွေ ပြောင်းလဲလာခဲ့ပေမဲ့ လူချွန်လူကောင်း သီချင်းဟာ ယခု အချိန်အထိ လူအများရဲ့ ပါးစပ်ဖျားမှာ၊ နှလုံးသားမှာ တည်နေတယ် ဆိုတာ အနုပညာရှင်အနေနဲ့ သတိပြုရမှာပါ။ ကမ္ဘာတည်သရွေ့..၊ လူထုကို မျက်နှာမူ အသိပညာ အတွေးစိတ်ကူး ဖွင့်ပေးတဲ့ ဖန်တီးမှု မဖြစ်သေးရွေ့ အနုပညာ မြောက်တယ် လို့ မဆိုနိုင်ပါ။ ဥပမာ.. ဂွာရာနီကာ ပန်းချီကား ဆိုရင်...
“ဟေ့ကောင်.. စွမ်းကြီး၊ မင်းကို ငါ ဖုန်းခေါ်တာ ရှင်းပြဖို့ကွ။ မင်းသုံးသပ်ချက်တွေ မလိုဘူး။ မင်းက ဘာမိုလို့လဲ။ အနုပညာရှင် တချို့ဆို သူတို့ သီချင်းတွေနဲ့ ဝန်းရံနေကြတယ်၊ စာရေးဆရာ တချို့လည်း နိုင်ငံရေးစာတွေရေး၊ ဟောပြောပွဲမှာ ဟောပြောတာတွေ ရှိနေကြလို့ပဲ။ မင်းရော ဘယ်လောက် လုပ်ခဲ့လဲ” လို့ ဒေါသတကြီးနဲ့ ဖုန်းထဲကနေ ပြောတော့ တော်တော် စိတ်ပျက် သွားတယ်။
သူငယ်ချင်း နားလည်ခံယူထားတဲ့ နိုင်ငံရေးဆိုတာက ပါတီနိုင်ငံရေး၊ အုပ်စုဖွဲ့ နိုင်ငံရေး၊ ဘက် နှစ်ဖက် ရှိရင် တစ်ဖက်ကို ဖိနှိပ်ချိုးနှိမ် ပြောဆိုပြီး ကိုယ့်ဘက်က အသာစီးရအောင် ပြောဆိုတဲ့ (Blame Game) အဆင့်သာသာပဲ ဖြစ်နေလို့ပါ။ တကယ်တမ်း ပြောရရင် နိုင်ငံရေးဆိုတာ “သူ့ဘက်၊ ကိုယ့်ဘက်၊ ဟိုဘက်၊ ဒီဘက်” ဆိုပြီး ဖြစ်နေတာကို “ငါတို့အားလုံး” ဆိုတဲ့အမြင်နဲ့ ကြည့်မြင်နိုင်မှ၊ ပေါင်းစည်း ဖော်ဆောင်နိုင်မှ နိုင်ငံနဲ့ ပြည်သူအတွက်အကျိုးရှိမှာ ဖြစ်တယ်။ ဝန်းရံတယ် ဘာညာ ဆိုတာက ပါတီနိုင်ငံရေးက လာတဲ့ အာဏာနိုင်ငံရေးဆီ ဦးတည်နေတာပါပဲ။
နိုင်ငံတကာက အနုပညာရှင်တစ်ချို့ရဲ့ အနုပညာနဲ့ နိုင်ငံရေးပေါ် ခံယူယူဆချက်တချို့ တင်ပြချင်ပါတယ်။ သူတို့ ခံယူယူဆကြတာကို ရိပ်စားမိနိုင်ဖို့ပါ။
ဂျာမန်နိုင်ငံသား၊ ပါဖောမင့်အနုပညာရှင်၊ ပန်းချီဆရာ Joseph Beuys (ဂျိုးဇက်ဘွိုင်း) က “To make people free is the aim of art, therefore art for me is the science of freedom.” (လူတွေကိုလွတ်မြောက်ဖို့ဆောင် ရွက်တာဟာ အနုပညာရဲ့ ရည်ရွယ်ရာပါ။ ဒါကြောင့် ကျုပ်အတွက်တော့ အနုပညာဆိုတာ လွတ်မြောက်ခြင်းရဲ့ ဥပဒေသ ဖြစ်တယ်) လို့ ပြောတယ်။
“Life is politics, basically, but you don’t just go to a gallery and put the words ‘art’ and ‘politics’ on the wall.” (ဘဝဆိုတာ အခြေခံအားဖြင့် နိုင်ငံရေးဖြစ်တယ်၊ သို့ပေမဲ့ ပြခန်းထဲမှာတော့ ‘အနုပညာ’ တို့ ‘နိုင်ငံရေး’ တို့ဆိုတဲ့ စကားလုံးတွေ ချိတ်ဆွဲပြထားမှာတော့မဟုတ်ဘူး) လို့ ပြောတာက ဘယ်လ်ဂျီယန် အနုပညာရှင် Luc Tuymans (လုခ်တွိုင်းမင်းစ်) ပါ။
အမေရိကန် ပေါ့ပ်အတ် အနုပညာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ တစ်ဖြစ်တဲ့ Robert Rauschenberg (ရောဘတ်ရော်ချန်ဘာ့ဂ်) က “The artist’s job is to be a witness to his time in history.” (အနုပညာရှင်ရဲ့ အလုပ်က သူဖြတ်သန်းရာ သမိုင်းကို ဖော်လှစ်တင်ပြဖို့ ဖြစ်တယ်) လို့ ဆိုပါတယ်။
“ဟေ့ကောင် စွမ်းကြီး..၊ မင်းက တခြားနိုင်ငံက လူတွေ ပြောတဲ့ အကြောင်းပဲ ပြောနေတယ်။ ငါတို့ နိုင်ငံက လူတွေကရော ဘာပြောလဲ”
“သူငယ်ချင်းရေ.. မင်းမေးတဲ့ ‘အနုပညာနဲ့ နိုင်ငံရေး’ ဆိုတာက တစ်ဦးချင်းစီနဲ့ရော၊ အစုအဖွဲ့တွေရော အားလုံး ဆိုင်တယ်။ တကယ်တမ်းဆို အားလုံးကို မေး မြန်းတင်ပြသင့်တာ နားလည်ပါတယ်။ ဒါပေမဲ့.. အချိန်မရှိတာရယ်၊ သွားလာရေး အဆင်မပြေသေးတာရယ်ကြောင့် လက်လှမ်းမီသလောက်ပဲ မေးလိုက်နိုင်တဲ့ အနုပညာရှင်တချို့ရဲ့ စကားကိုပဲ ပြောပြပါရစေ”
ပန်းချီ ဇော်ဝင်းဖေ။ ။ အနုပညာ ဆိုတာ ကျယ်ပြန့်ဆန့်တန်း အစဉ်တိုးတက်နေတဲ့ သဘော ဖြစ်စဉ်တွေပါလေ.. လွတ်လပ်မှုနဲ့ ရင့်ကျက်မှုကို ဖော်ဆောင်နိုင်လေပါပဲ။ နိုင်ငံတနိုင်ငံရဲ့ စံနှုန်းမှာလည်း ဒီ သဘောသဘာဝ ရှိလေ.. အဆင့်ရှိရှိ တိုးတက်လေ လို့ ထင်ပါတယ်။ အနုပညာက နိုင်ငံရေးဆန်ပြီး နိုင်ငံရေးက အနုပညာဆန်ရင် အကောင်းဆုံးလို့ မြင်ပါတယ်။
ပန်းချီ မြတ်ကျော့။ ။ အနုပညာက အနုပညာ၊ နိုင်ငံရေးကနိုင်ငံရေး၊ သီးခြားစီနေပါတယ်။ အနုပညာက နိုင်ငံရေး အစ်ရှူးတွေ နဲ့ဖန်တီးလာပြီ ဆိုရင် အနုပညာနဲ့ နိုင်ငံရေးဟာ တစ်သားတည်း ဖြစ်သွားတယ် လို့ မြင်ပါတယ်။
Artist အောင်မြတ်ဌေး။ ။ အနုပညာတွေ ဆိုတာ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တယ်၊ ယဉ်ကျေးမှုဆိုတာ နိုင်ငံ့အရေးပါပဲ။ ဒါကြောင့် အနုပညာ ဆိုတာကိုက နိုင်ငံရေးပဲ။ တွဲမြင်တာ မဟုတ်။ ဒါကြောင့် Politics ဆိုတာ social affairs ပါ။
Artist ကျော်ကျော် (B.K)။ ။ Arts နှင့် Politics ဟာ လူ့အဖွဲ့အစည်းသမိုင်းကြောင်း တလျှောက် ထိုလူ့အဖွဲ့အစည်းပေါ် သက်ရောက်မှု အားကောင်းခဲ့ကြပါတယ်။ ခုထိလည်း ထိုနှစ်ခုကြားထင်မြင်ယူဆချက်တွေ ငြင်းခုံမှုတွေရှိနေဆဲ။ မပြီးနိုင်တဲ့ ပွဲတွေပါပဲ။ Arts က Politics ပေါ် Politics က Arts ပေါ် အပြန် အလှန်သက်ရောက်မှု အညမညပစ္စည်း ဆန်ခြင်းမဆန်ခြင်းကိစ္စဟာ Arts ကို ဖန်တီးသူတွေနဲ့ Politics ကို ကစားသူတွေနဲ့သာ ဆိုင်ပါတယ်။ ကျနော့် အမြင်၊ ကျနော့် ခံစားမှုက Arts အပေါ်ကို ကျနော် နိုင်သလောက်ခံစား၊ စားသုံး၊ ဖန်တီးမယ်၊ Politics အပေါ်ကို ခေတ်ရဲ့ စီးဆင်းရာ အတိုင်း စုန်မှု၊ ဆန်မှုအတွက် ထမ်းပိုးရမည့် တာဝန်ဟာ လူသားတယောက်ဖြစ်နေလို့ပါ။ ကျနော်ကတော့ Arts နဲ့ Politics ကို လှမ်းမကစားသလို Politics က Arts အပေါ် လာကစားတာကိုလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။
စာရေးဆရာမ အဖြူရောင်-ရွှေ။ ။ အနုပညာကို အနုပညာသီးသန့် ခံစားရတာကို နှစ်သက်ပါတယ်။ ရသထည့်ပြီး အနုပညာကို လိုသလိုပုံဖော်ရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ကျမတို့သွား လာ နေ ထိုင် ပြုမူမှု မှန်သမျှဟာ နိုင်ငံရေးနဲ့ မကင်းတဲ့ အခါ (အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်တဲ့ ကျမတို့နိုင်ငံမှာ) ကျမပြောချင်တာကို/ ပြောသင့်တာကို/ ပြောမှ ဖြစ်မယ့် အရာကို အနုပညာကပ်ပြီး ပြောဖြစ်တယ်။ အဲသလို ပြောရတာဟာ ပိုထိရောက်တဲ့အတွက် "နိုင်ငံရေးပါတဲ့အနုပညာ" ဟာ ပိုအသက်ဝင် ပြောင်မြောက်တယ် လို့ ယူဆပါတယ်။ (ခြွင်းချက်ကတော့ အချိန်ကာလပေါ့ နော်)
Artist ဇော်မင်းထူး။ ။ နှစ်ခုစလုံးက လူတိုင်း သိထားသင့် နားလည်ထားသင့်တဲ့ အရာတွေပါ။ နိုင်ငံရေးမှာ လူ ၁၀၀ လောက်စည်းရုံးတာထက် အနုပညာရှင် တယောက်ရဲ့ အနုပညာလက်ရာက စည်းရုံးရေးမှာ ပိုမိုထိရောက်တယ်။ နိုင်ငံရေး တည်ငြိမ်အေးချမ်းရင် အနုပညာရှင်တွေ အတွက် တိုးတက်ဖို့ အခွင့်ရေး ပိုတာပေါ့။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေရဲ့ အနုပညာသမားတွေက ကမ္ဘာအဆင့် မီတယ်။ အနုပညာသမား အများစုက လွတ်လပ်မှုကိုကြိုက်တယ်။ ဖိနှိပ်မှု၊ ချုပ်ချယ် တရားမမျှတမှုကို ရွံ့မုန်းတယ်။ အာဏာရှင် ခေတ်အဆက်ဆက်မှာ လည်း အနုပညာရှင်တွေဟာ အနုပညာလက်နက်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။ နိုင်ငံရေးရဲ့ ထင်ဟပ်မှုတွေဟာ အနုပညာရှင်တွေအတွက် အနုပညာ ဖန်တီးမှုတွေမှာ စေ့ဆော်မှုတွေ ဖြစ်စေတယ်။
Artist ဖြူအိသိမ်း။ ။ အနုပညာသမားနဲ့ နိုင်ငံရေးက ခွဲခြားထားလို့ မရပါဘူး။ နိုင်ငံရေးဆိုတာ မိမိတို့ နေထိုင်ရာနိုင်ငံ၊ ပတ်ဝန်းကျင်မှာ မရှိမဖြစ် ဖြစ်တည်နေတာပါ။ တကယ်တော့ အနုပညာသမားတင် မဟုတ်၊ နိုင်ငံရေးက နိုင်ငံသား အားလုံးနဲ့ ဆိုင်ပါတယ်။ မပတ်သက်လို့လည်း မရသလို မဆိုင်သလိုနေလို့လည်း မရပါဘူး။ အနုပညာ သမားတွေက အဲဒီ နိုင်ငံသားတွေထဲက ပေါက်ပွားလာတဲ့ နိုင်ငံသားတွေမို့ပါပဲ။ အနုပညာသမားတွေ ဖန်တီးနေတဲ့ အနုပညာတွေဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ အပေါ် ခံစားပြီး၊ မိမိတို့ဆီမှာ ရှိနေတဲ့ အနုပညာနဲ့ ပုံဖော် ဖန်တီးနေကြတာပါပဲ။ အဲဒီ အနုပညာကို ခံစားသူတွေ ကလည်း သူတို့ ခံစားချက်တွေနဲ့ယှဉ်ပြီးမှ အဲဒီအနုပညာကို ခံစားကြတာ များပါတယ်။ အဲဒါကြောင့် နိုင်ငံရေး ဆိုတာ သီးခြားထုတ်ဖော်ပြောနေစရာ မလိုအောင်ကို လူ့ဘဝတွေနဲ့တသားတည်း ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာက ခေတ်အဆက်ဆက် နိုင်ငံရေး ဆိုတာကို အဓိပ္ပာယ်တမျိုး ဖွင့်ပြီး ကြောက်အောင်ခြောက်ထားလို့ မထိဘူး လို့ ပြောရင်း အသွေးထဲအသားထဲမှာ ရှိနေကြတာပါ။
Artist အောင်ကြည်စိုး။ ။ အနုပညာနဲ့ နိုင်ငံရေး ဆိုတာက လူတွေနဲ့ပတ်သက်နေတော့ တခါတလေ သူတို့ အချင်းချင်းလည်း ပတ်သက် သွားနိုင်ပါတယ်။ အနုပညာထဲကို နိုင်ငံရေးကိစ္စတွေ တကူးတက ဇွတ်ကြီး သွတ် သွင်းတာ သိပ်မနှစ်သက်လှပေမယ့် ကင်းရှင်းအောင် တမင်ရှောင်နေရတာမျိုးကိုလည်း မနှစ်သက်ပါဘူး။ ဖန်တီးရင်းနဲ့ အလိုအလျောက် ပါသွားတာမျိုး ကိုတော့ သဘောကျတယ်။ တခါတလေ ဖန်တီးသူရဲ့စေတနာ နဲ့ ရည်ရွယ်ချက်ကိုလည်း ကြည့်ရဦးမယ် ထင်တယ်။ တခါတလေ ဝါဒဖြန့်တာမှန်းသိပေမယ့် အနုပညာအရ မိုက်နေတာတွေလည်း ရှိလိမ့်မယ်ထင်တယ်။ အနုပညာဆိုဒ်ကကြည့်ရင် လက်မခံလို့ မရနိုင်တဲ့သဘောပေါ့။ ပတ်သက်ဆက်နွယ်မှုတွေကတော့ ရှိနေမှာပါပဲ။ အရင်ကလည်း ရှိခဲ့တာပဲလေ။ ဥပမာ - ပီကာဆိုရဲ့ ဂွာရာနီကာ ပန်းချီကားလိုမျိုး၊ အခုနောက်ပိုင်း ခေတ်ပြိုင်ထဲမှာ အိုက်ဝေဝေလို ပုဂ္ဂိုလ်မျိုးတွေပေါ့။
စာရေးဆရာမ ယုဒါ။ ။ အနုပညာဆိုတာ ကိုယ်မှတပါး တခြားသူကို တစ်စုံတစ်ရာ သက်ရောက် ခံစားစေဖို့ ဖန်တီးနိုင်တာကို အနုပညာလို့ ပြောလို့ ရမယ် ထင်ပါတယ်။ အနုပညာဆိုတာ သီးသန့်ဖန်တီးချပြမှုတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်ကျင့်ကြံတဲ့ နိုင်ငံအရေးကတော့ နိုင်ငံကသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ နေထိုင်တဲ့ နိုင်ငံသားတစ်ယောက် အဖြစ် နေထိုင်မယ်။ ကိုယ့်ဘာသာ ရပ်တည် နေထိုင်နိုင်အောင် ကြိုးစားမယ်။ ပြီးတော့ ပတ်ဝန်းကျင်က လူတစ်ယောက်ကနေ စလို့ လူဆယ်ယောက်၊ အယောက်တစ်ရာအထိ တိုးတိုးပြီး အဆင်မပြေသူတွေရဲ့ ဘဝတွေ အဆင်ပြေအောင်၊ အရိပ်ရအောင် ကိုယ့်ရှိတဲ့ ဉာဏ်နဲ့ စေတနာပေါင်းပြီး ဆောင်ရွက်ပေးမယ်။ ကျန်တဲ့ နိုင်ငံရေး အကြောင်း မသိလို့ မဖြေတတ်ပါ။
ကဗျာဆရာ အောင်မှူးဝေ။ ။ နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံး အရေးပဲ။ ပါတီဝင် မလုပ်ချင်ဘူး။ လူအများနဲ့ အလုပ်လုပ်ရတာကို စိတ်မရှည်ဘူး။ ကျုပ်စာပြင်တာ ကျုပ်နိုင်ငံထဲက စာအုပ်တွေသတ်ပုံမှန်ဖို့ပဲ။ ဒါလည်း နိုင်ငံရေးပဲလို့ ယုံကြည်တယ်။ အနုပညာကတော့ နိုင်ငံ့အရေးအားလုံးကောင်းမွန်အောင် လုပ် ဆောင်တဲ့ နေရာမှာ အသုံးပြုတဲ့ လက်နက်လို့ ခံယူပါတယ်။ ကျုပ် ဦးနှောက်နဲ့ နှလုံးသားက ကမ္ဘာကြီးထက် သေးငယ်ပါတယ်။ အရာရာကို လိုက်ပြီး မစဉ်းစား၊ မခံစားနိုင်ဘူး။ စဉ်းစားမိ၊ ခံစားမိသလောက် နိုင်ငံအပေါ် ကောင်းတယ်ထင်တဲ့ ပါတီနဲ့ လူပုဂ္ဂိုလ်တွေကို ထောက်ခံသွားမှာပဲ။ ဘယ်အချိန်အထိလဲ ဆိုရင် သေတဲ့ အချိန်ထိ ဆိုပါတော့။
“ဟေ့ကောင် စွမ်းကြီး.. အခုငါ ထပ်မေးချင်တာက နိုင်ငံရေး လော်ဘီတွေ အကြောင်းပဲ။ ပြောစမ်းကွာ”
“ဟာ... ငါတို့ဆီမှာ နိုင်ငံရေးလော်ဘီမရှိဘူးသူငယ်ချင်း။ ခါတော်မီ ဝန်းရံသူတွေ များတယ်။ တကယ့် လော်ဘီဆိုတာ တိကျခိုင်မာတဲ့ အချက်အလက် ဒေတာတွေကို အခြေခံပြီး အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး စီစဉ်ဆောင်ရွက်တာပဲ”
“မဟုတ်ဘူးလေ.. နိုင်ငံရေး သီချင်းတွေနဲ့ လှုံ့ဆော်နေတာကို သိချင်တာ”
“ဟေ..”
လတ်တလော လူပြောများနေတဲ့ သီချင်းကိစ္စက ခေါင်းထဲဝင်လာတယ်။ သို့ပေမဲ့.. သူတို့အချင်းချင်းကြားမှာတောင် ပြဿနာက ကြီးနေတော့ အဲဒီအကြောင်း မပြောဘဲ ဘေးလွတ်ရာ သီချင်းတစ်ပုဒ် အကြောင်းပဲ ပြောမှ အဆင်ပြေမယ် လို့ သုံးသပ်မိတယ်။
“သူငယ်ချင်း.. မင်းကို ပြန်မေးချင်တယ်ကွာ။ မဆလခေတ်က အလွန်ခေတ်စားပြီး လူတိုင်းဆိုခဲ့ ကြိုက်ခဲ့ကြတဲ့၊ အဆိုတော်ကြီး ဒေါ်မာမာအေး သီဆိုထားတဲ့ “မောင်အလုပ်သမား” (အလုပ်သမားနေ့ ဂုဏ်ပြု) သီချင်းကို မှတ်မိသေးလား”
“အေး.. မှတ်မိတယ်”
“အခု မင်း ဆိုသေးလား၊ ဘယ်သူတွေရော ဆိုနေကြသေးလဲ။ အလွန်ကောင်းမွန် ပြည့်စုံတဲ့ သံစဉ်စာသားနဲ့ အနုပညာ လက်ရာပါ သူငယ်ချင်း။ အခု... ဆိုကြသေးလား”
“မင်းပြောသလို ဆို.. အဲဒီခေတ်ထဲမှာပဲ ကျန်ရစ်ခဲ့တယ် ပြောရမယ်”
“တကယ့် အနုပညာ ဆိုတာ ခေတ်တစ်ခု၊ အဖွဲ့အစည်းတစ်ရပ်ကို ကိုယ်စားပြု ဖန်တီးတာမျိုး မဟုတ်ဘဲ၊ အဲဒီခေတ်မှာပဲ ကျန်ရစ်ခဲ့ရတာမျိုး မဟုတ်ဘဲ ခေတ်တိုင်း၊ အချိန်တိုင်းမှာ အမြဲရှင်သန် လတ်ဆတ်နေတဲ့ ဖန်တီးမှု ဖြစ်တယ် သူငယ်ချင်း”
နိုင်စွမ်း