Breaking News

ဇင်လင်း - အမျိုးသားရင်ကြားစေ့ရေးအမြင်ဖြင့် ဆန္ဒမဲ ပေးဖို့လိုသည်




ဇင်လင်း - အမျိုးသားရင်ကြားစေ့ရေးအမြင်ဖြင့် ဆန္ဒမဲ ပေးဖို့လိုသည်

(မိုးမခ) နိဝင်ဘာ ၇၊ ၂၀၂၀


လက်ရှိ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စသည် အဓိကနေရာ၌ ရှိနေဆဲ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြဿနာကို အဖြေမရှာနိုင်ပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ် ရှေ့သို့တစ်ဆင့်တိုးရန် များစွာခက်ခဲနေလိမ့်ဦးမည် ဖြစ်သည်။ ယခု လက်ငင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်ဒေသအချို့တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို လေ့လာကြည့် ပါက ၂၀၂၀ ရွေးကောက်ပွဲပုံရိပ်ကို တစ်စုံတစ်ရာ ထိခိုက်နေကြောင်း မြင်ရသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ် မျှသာလိုတော့သည် ဖြစ်၍ နိုင်ငံအတွက် နစ်နာလှပြီဖြစ်သော စစ်ရေးပဋိပက္ခများကို ယခုအချိန်၌ ရပ်စဲ ကြရန် နေရာဒေသ အသီးသီးရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လေးလေးနက်နက် စဉ်းစားသင့်ပြီ ဖြစ်သည်။

ကပ်ဘေးကာလအတွင်း ရခိုင်ပြည်နယ်တွင် တပ်မတော်အနေဖြင့် ထိုးစစ်ဆင်မှုနှင့် တိုက်ပွဲများ လျှော့ချရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုနေလျှက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ RFA သတင်းဌာနက မေးမြန်းခဲ့သည့်အပေါ် ဖြေကြားရာ၌ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိဘဲ၊ AA အဖွဲ့က စစ်ရေယာဉ်များကို ချောင်းမြောင်းပစ်ခတ်သောကြောင့် ခုခံကာကွယ်သည့် အနေဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့ သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် အတွင်း သြဂုတ်လ အလယ်လောက်က စ၍ ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်ဖြစ်ပွားခဲ့ ရာ စက်တင်ဘာနှင့် အောက်တိုဘာလများ၌ ရန်ကုန်နှင့် ပြည်နယ်တိုင်း လေးခုတွင် ကူးစက်မှုနှုန်းမြင့်တက်လျှက် ရှိသည်။

ကပ်ဘေးကြောင့်အပစ်ရပ်လိုသော်လည်း ရခိုင်ဒေသတွင်မူ လက်တွေ့ အခြေအနေအရ မဖြစ်နိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် လက်ရှိ အချိန်ကာလမျိုးတွင် တပ်မတော် က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာသင့်သည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း ရခိုင်ပြည်နယ်၌ AA အဖွဲ့က တိုက်ခိုက်နေသည့်အတွက် လက်တွေ့ အကောင်အထည်ဖော်၍ မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းစဉ် ချမှတ်ထားရုံမက “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်” (Peace and National Reconciliation Policy) ချမှတ်ထားကြောင်း အတိအလင်း ပြောဆိုထားသည်ကို တွေ့ရသည်။ လက်ရှိ NLD အစိုးရအဖွဲ့သည် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးမူဝါဒကို ခိုင်မာစွာ ကိုင်စွဲ၍ ငြိမ်းချမ်းရေး ရယူရန်လည်း စိတ်အားထက်သန်မှု ရှိပေသည်။ သို့သော် တပ်မတော်က အစိုုးရ၏ နိုင်ငံရေးသန္နိဋ္ဌာန် အောင်မြင်စေရန် ထောက်ကူနိုင်စွမ်း မရှိသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှုလွဲနေရ သည်။ ထို့ပြင် ယုံကြည်မှု ပျက်ပြားခြင်းနှင့်လည်း တွေ့ကြုံနေရသည်။ လွန်ခဲ့သော ငါးနှစ်က NCA တွင် “အားလုံး ပါဝင် လက်မှတ်ရေးထိုး ရေးမူ”(All-inclusiveness) ကို အစိုးရက လက်ခံသော်လည်း တပ်မတော်က လက်မခံခဲ့သောကြောင့် NCA လုပ်ငန်းစဉ် အထစ်အငေါ့များ ကြုံတွေ့ခဲ့ရပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အေးခဲသွားခဲ့ရသည်။

ငြိမ်းချမ်းရေးကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်သောကြောင့် နိုင်ငံရေးပြဿနာကို အစိုးရက နိုင်ငံရေးနည်းအရ ကြိုးစား ဖြေရှင်းနေစဉ် တပ်မတော်က တတ်နိုင်သမျှ တိုက်ပွဲရှောင်သင့်သည်။ အစိုးရက နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးပွဲနည်း ကျင့်သုံးနေခိုက် တပ်မတော်က အချိန်ကိုက် စစ်ဆင်သည့် ကိစ္စမျိုးမှာ အကျိုးထက် အပြစ်ကပို၍ များသည်။ ဤသို့ ဖြစ်ရသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဟု ဆိုနိုင်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအရ အစိုးရ၏ လမ်းညွှန်မှု အောက်၌ မရှိဘဲ ဖြစ်နေသည်။

လက်ရှိ အစိုးရသည် ပြည်သူလူထု ဆန္ဒမဲဖြင့် အုပ်ချုပ်ရေးအာဏာကို ရရှိထားသဖြင့် တပ်မတော်အနေဖြင့် အစိုးရ၏ နိုင်ငံရေး ဦးဆောင်မှုကို လိုက်နာသင့်သည်။ တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် မြန်မာနိုင်ငံသည် မမျှော်လင့်ဘဲ ICJ ၌ အမှု ရင်ဆိုင်ခဲ့ရသည်။ ယင်း ပြဿနာသည် တပ်မတော်အတွက် နမူနာသင်္ခန်းစာ တစ်ခု ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ နယ်သာလန် နိုင်ငံ သဟိဂ် (The Hague) မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ ရခိုင်အရေးကိစ္စအတွက် စွဲဆိုချက်ကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ အကယ်၍ အစိုးရ၏ စီမံကွပ်ကဲမှုအောက်၌သာ ကာကွယ်ရေးဝန်ကြီးဌာနနှင့်တကွ တပ်မတော် တစ်ရပ်လုံး ရှိနေခဲ့လျှင် ယခုကဲ့သို့ လူ့အခွင့်အရေးပြဿနာမျိုးပေါ်ပေါက် လာဖွယ် မရှိပေ။

အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကြေညာ၍ နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းကြရန် အရပ်ဘက်အဖွဲ့အစည်း ၁၈၀ ကျော်က ယခု အောက်တို ဘာလ ၂၃ နေ့က တိုက်တွန်းထားသည်။ ရခိုင်ပဋိပက္ခ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော ကျောင်းသား များအား အရေးယူထားသည့် ပုဒ်မများကို ပြန်ရုပ်သိမ်း၍ ပြန်လွှတ်ပေးရန် အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

လက်ရှိအခြေအနေတွင် နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲနေ့ မတိုင်မီ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ် ရပ်စဲထား ရန် အလွန်လိုအပ်နေသည်။ အစိုးရနှင့် တပ်မတော်တို့က အင်အားကြီးသူများ ဖြစ်သည့်အလျောက် စိတ်သဘောထားကြီး ဖို့လိုသည်။ အစိုးရ၏ နိုင်ငံရေးသန္နိဋ္ဌာန်ကို အကောင်အထည်ဖေါ်ရာ၌ တပ်မတော်က အစိုးရ လမ်းညွှန်ချက်များကို ဂရုပြု လိုက်နာရန်လိုသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရည်ရွယ်ချက်ကို ဖေါ်ဆောင်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA အပါအဝင် FPNCC အဖွဲ့တို့ အနေဖြင့်လည်း ရွေးကောက်ပွဲကာလတွင် ယာယီမျှဖြစ်စေ အပစ်ရပ်ထားကြလျှင် ပြည်သူ အများကို ညှာတာ ထောက်ထားရာ ရောက်ရုံမက၊ ပြည်သူ့ဆန္ဒကိုလည်း လေးစားရာရောက်မည်။ ဒီမိုကရေစီကျင့်စဉ်တွင် အခြေခံကျသော ရွေးကောက်ပွဲများ အေးချမ်းစွာ ကျင်းပနိုင်ရေးကို ကူညီခြင်းအားဖြင့် ပြည်သူအများ၏ ဆန္ဒကို ဖြည့်ဆည်း သင့်ပေသည်။

အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု အဆင်မပြေသောကြောင့် နယ်မြေတည်ငြိမ်မှုမရှိသဖြင့် ၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တို ဘာ ၁၆ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။ လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲများကျင်းပရန် အခြေအနေ မရှိသဖြင့် ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒ နယ်မြေများတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စသည်တို့အတွင်းရှိ ကျေးရွာအုပ်စုများ ပါဝင်သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော် နှင့် အင်ဂျန်းယန် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ ပါဝင်သည်။ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် ပေါက် တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမှ မြို့နယ် တစ်ခုနှင့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေနဲ့ တောင်ကုတ်မြို့နယ်များအတွင်းရှိ ကျေးရွာအုပ်စု အချို့ပါဝင်ကြောင်း တွေ့ရသည်။

ရှမ်းပြည်နယ်တွင် မိုင်းလား၊ ပန်ဆမ်း (ပန်ခမ်း) ၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်မြို့နယ် တစ်ခုလုံးနှင့် ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်းနှင့် ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု အချို့ပါဝငသည်။ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်က ဘော နော်ခီး ကျေးရွာအုပ်စု ပါဝင်၍၊ ပဲခူးတိုင်းထဲတွင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုနှင့် ရွှေကျင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၃၀ ပါဝင်သည်။

အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်း နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သော တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက၂၀၂၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် တပ်မတော်ဘက်က လုံခြုံရေးနှင့် ကာကွယ်ရေး ရှုထောင့်အရ ကူညီဆောင် ရွက်ပေးနေကြောင်း ပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခွင့်ရှိသည့် မဲဆန္ဒနယ်မြေပေါင်း ၃၃၀ ရှိသည့်အနက်၊ လုံခြုံ စွာ မဲပေးနိုင်သည်ဟု တပ်မတော်က အာမခံချက်ပေးသည့် နယ်မြေပေါင်း ၂၇၁ ခုရှိသည်။ တပ်မတော််က လုံခြံုရေး စီမံ ချက် ဆောင်ရွက်ပြီးမှ ရွေးကောက်ပွဲ ပြုလုပ်နိုင်မည့် နယ်မြေ ၂၀ ရှိသည်ဟု ဆိုသည်။ လုံခြံုရေး အားနည်းမှုရှိသည်ဟု တင်ပြထားသည့် မဲဆန္ဒနယ် ၃၉ ခု ရှိကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း လုံခြံုရေးအာမခံချက် မပေးနိုင်သည့် နယ်မြေများ ရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က လုံခြံုရေးအကြောင်းပြချက်အရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိကြောင်း တိုင်းရင်းသားနယ်မြေများအပေါ် သုံးသပ်ချက်သည် လက်တွေ့ မြေပြင်အခြေအနေနှင့် ကင်းကွာနေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် အတွင်းရေးမှူး-၁ ဦးအောင်မြတ်ကျော်က ဝေဖန်ပြောဆိုခဲ့သည်ဟု ဗွီအိုအေသတင်းက ဖေါ်ပြသည်။

“သူတို့က မြေပြင်အခြေအနေကို လေ့လာမှု အားနည်းတယ်လို့ ကျနော်တို့ကတော့ သုံးသပ်ချင်တယ်။ ဥပမာ ပေါက်တော ပေါ့၊ မြောက်ပိုင်းဘက်မှာ ပေါက်တောဆိုရင် လုံးဝ တိုက်ပွဲဖြစ်တာမရှိဘူး။ ပြီးရင် ကျနော်တို့ စစ်တွေဆိုရင်လည်း အဲ့ဒီ့ ကံကော်ကျွန်းဆိုတဲ့ ကျေးရွာအုပ်စုကို သူတို့က ပယ်လိုက်တယ်။ အဲ့ဒီ ကံကော်ကျွန်းဆိုတာကလည်း စစ်တပ်ရဲ့ ဘေးနား မှာ ကပ်ရက်ပဲရှိတာ။ တပ်တွေပတ်ပတ်လည်ဝိုင်းနေတဲ့ နေရာပဲ ကျနော်တို့ စစ်တွေမှာ။ အဲ့ဒါတွေကို ပယ်လိုက်တယ်။ အဲ့ဒါဆိုရင် သူတို့က ဘယ်လိုမျိုး လုံခြံုရေးအရ ဖြစ်တယ်ဆိုတဲ့ အပိုင်းက တော်တော်ကို မေးခွန်းထုတ်စရာ ဖြစ်သွားတာ ပေါ့။ အဲ့တော့ ကျနော်တို့ဘက်ကတော့ ပြောသင့်တဲ့ဟာကို UEC ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကိုတော့ ကန့်ကွက် လွှာတွေ ပေးပို့ထားတာရှိပါတယ်၊ ကျနော်တို့ပါတီအနေနဲ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြန်စဉ်းစားပေးဖို့ပေါ့။” ဟု ဦးအောင်မြတ် ကျော် (ANP) က ဆိုသည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုက်ပွဲများကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် လုံခြုံမှု မရှိ သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း တို့အတွင်းရှိ မြို့နယ် ရ မြို့နယ်စီနှင့် ကျေးရွာအုပ်စုပေါင်း ၆၀၀ ခန့်တွင် ရွေးကောက်ပွဲများ ဖျက်သိမ်းခဲ့ရသည်ဟု ‘ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့များ’ ၏ မှတ်တမ်းများအရ သိရသည်။

မည်သို့ဆိုစေ နိုဝင်ဘာလ(၈)ရက်နေ့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတော့မည်။ ပြင်ဆင်ချိန် ၁၀ ရက် မျှသာကျန်တော့သည်။ ၂၀၂၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အခြားမျက်နှာစာတွင် ရခိုင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက တပ်မတော်အား ဝေဖန်ပြစ်တင်လျှက်ရှိသည်။ သို့သော် NLD အစိုးရက တပ်မတော်အား နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများမှ ကာကွယ်ပြောဆိုလျှက်သည်။ တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ ကိုင်တွယ် ဖြေရှင်းရာ၌ NLD အစိုးရက တပ်မတော်နှင့် သင့်သင့်မြတ်မြတ် ပူးပေါင်း ဆောင်ရွက်လို သော သဘောထားကို ပြသခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရန် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒနှင့်အညီ တပ်မတော်က လက်တွဲ ဆောင်ရွက်သင့်သည်။ သို့မှသာ ပြည်တွင်းစစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းနိုင်မည်။ ပြည်တွင်းစစ်ရှိန် လျော့ကျသွား သည်နှင့်အမျှ ပြည်သူတို့ ထမ်းရွက်ထားရသော စစ်စရိတ် ၀န်ထုပ်ဝန်ပိုး များလည်း သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံမူများမှာ ‘အမျိုးသားရင်ကြားစေ့ရေး၊ ‘ပြည်တွင်းငြိမ်းချမ်းရေး’၊ ‘တရားဥပဒေ စိုးမိုးရေး’၊ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး’၊ ‘ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ်အောင်လုပ်ဆောင်ရေး’ များဖြစ်ကြောင်း ရွေးကောက်ပွဲ မတိုင်မီ တင်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် အထူးပြုပြောကြားခဲ့သည့် အချက်မှာ National Reconciliation ဖြစ်သည်။

“အရေးအကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့ ချမ်းသာဖို့ဆိုလို့ရှိရင် ညီညွတ်မှု ဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျမတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အစိုးရ လို့ ပြောတဲ့အခါမှာ ကျမတို့ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင်မဟုတ်ဘူး၊ ကျမတို့ကို မဲ မပေး မထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျမက ရှင်းရှင်း လင်းလင်း ပြောချင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် ဘက်စုံ ကဏ္ဍစုံ တိုးတက် ဖွံ့ဖြိုးရန် ကြံဆောင်ကြိုးပမ်းနေချိန်ဖြစ်၍ တိုင်းရင်းသားအချင်းချင်းအကြား အမျိုးသားရင်ကြား စေ့ရေး အထူးလိုအပ်နေ သည်။ အထူးသဖြင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ညီညွတ်ရေး သဘောထား ခိုင်ခိုင်မာမာရှိချိန်တန်ပြီ။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကို တာဝန်ခံ မည့် လွှတ်တော်နှင့် အစိုးရပေါ်လာဖို့လိုသည်။ ထိုသို့ တာဝန်ခံနိုင် မည့် နိုင်ငံရေးပါတီကို မဲပေးရွေးချယ်ရန်မှာ မဲဆန္ဒရှင် ပြည်သူတို့ သမိုင်းပေးတာဝန် ဖြစ်ပေသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၂၊ ၅- ၁၁-၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။