Breaking News

အရှုံးထဲကနေ အမြတ်ထုတ်နေတဲ့ နိုင်ငံရေးပါတီနဲ့ အစွန်းရောက်အုပ်စုများ


အရှုံးထဲကနေ အမြတ်ထုတ်နေတဲ့ နိုင်ငံရေးပါတီနဲ့ အစွန်းရောက်အုပ်စုများ

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၀

ဒီဇင်ဘာ ၁၁ ရက်နေ့ အမေရိကန်ပြက္ခဒိန်အချိန်၊ ရီပတ်ဘလစ်ကန်ပြည်နယ် ၁၇ ခုက တင်သွင်းလာတဲ့ သမတရွေးကောက်ပွဲကို ရလဒ်တွေကို ပယ်ဖျက်ပြီး သမတကြီးထရန့်ကိုသာ အနိုင်ပေးဖို့ အဆိုတင်သွင်းလာတာကို ပြည်ထောင်စု၏ အမြင့်ဆုံးတရားရုံးတော်ကနေ ငြင်းပယ်လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ သူတို့တွေက အခြားပြည်နယ်တွေရဲ့ အတည်ပြုပြီးသားရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ဖို့ကြိုးစားတာဟာ အခြေအမြစ်မရှိဘူး၊ လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး ကြားနာဖို့ ပယ်ချလိုက်တာ ဖြစ်ပါတယ်။ သည်တော့ အမေရိကန်ပြည်ထောင်စု သမတရွေးကောက်ပွဲမှာ ပြိုင်ဖက် ဒီမိုကရက် ဂျိုးဘိုင်ဒင် အနိုင်ရထားတာကို လက်မခံနိုင်သေးတဲ့ အရှုံးသမား ဒေါ်နယ်ထရန့်နဲ့ သူ့အပေါင်းအပါတွေ သူ့ပါတီဝင်တွေအတွက် နောက်ဆုံး ထိုးနှက်ချက်ပါပဲ။ သို့သော် အရှုံးကိုဝန်မခံသေးဘဲ မျက်စိစုံမှိတ်ငြင်းပယ်နေတဲ့ ရီပတ်ဘလစ်ကန်ပါတီက ခေါင်းဆောင်အချို့၊ ပါတီဝင်အချို့နဲ့ ထရန့်နောက်လိုက် လူပြိန်းတွေ အစွန်းရောက်တွေ အကြမ်းဖက်တွေအတွက်ကနေ ဆက်ပြီး ရှေ့တိုးကြဦးမယ့်ပုံ ဖြစ်ပါတယ်။ ထရန့်ကိုသာလျင် အမေရိကန်အာဏာရှင်ကြီးအဖြစ် ဆက်လက်တင်မြှောက်ကိုးကွယ်ဖို့ ထက်သန်နေကြပါတယ်။

သို့သော် တဖက်ကကြည့်ပြန်တော့ အမေရိကန်လို ဒီမိုကရေစီဘိုးအေနိုင်ငံကြီးမှာ သည်လိုတဖက်ပိတ်တွေအတွက် အနိုင်ရဖို့ အခွင့်အလမ်းနည်းပါးလှပါတယ်။ နောက်ဆုံးတော့ ဘိုင်ဒင်ကို အာဏာလွှဲပေးပြီး ထရန့်တယောက် ထွက်တော်မူ နန်းက ခွာရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့တွေ ခုချိန်ထိ ခေါင်းမာမာနဲ့ ငြင်းဆန်နေကြတာလဲ။ အဖြေကတော့ သူတို့၏ လူပြိန်းပရိသတ်တွေကို ရေရှည်မှာ ဆက်လက် ဆွဲဆောင်စည်းရုံးသွားနိုင်ဖို့ အရှုံးထဲက အမြတ်ထွက်အောင် အကြံကုန် ဂဠုန်ဆားချက်နေကြတာလို့ ပြောရပါမယ်။ အရှုံးကို လက်မခံနိုင်တဲ့ ထောက်ခံသူတွေကို သွေးထိုး လှုံဆော် မခံမရနိုင်အောင် မြှောက်ပင့်ပေးပြီး တိုက်ပွဲကို ရှေရှည်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဗမာတွေပြောလေ့ရှိတဲ့ တော်လှန်းရေး အဓွန့်ရှည်အောင် ဆုတောင်းတယ် ဆိုသလိုမျိုး သူတို့ခြေကုတ်ယူရာဒေသတွေက ထောက်ခံသူတွေကို ဆက်ပြီး စည်းရုံးထားနိုင်ဖို့ မီးဆက်မွှေးထားရတဲ့ သဘောပါပဲ။ ခုဆိုရင် ထရန့်အနိုင်ရစေရေး ရန်ပုံငွေကနေ အလှူခံနေတာကို နီပေါတွေ (ရီပတ်ဘလစ်ကန်တွေ၏အရောင်က အနီမို့၊ နီပေါလို့ ခေါ်တာပါ၊ ဗမာပြည်နဲ့ မဆိုင်) ဝိုင်းပြီး လှူနေကြတာ ဒေါ်လာ သန်း ၂၀၀ ကျော်နေပါပြီ။ ဘယ်သမိုင်းမှာမှ ရှုံးတဲ့သမတအတွက် ရွေးကောက်ပွဲမိုးလွန်မှ ထွန်ချတဲ့ အလှူ တခါဘူးမှ မရှိဖူးသော်လည်း ထရန့်တို့ လုပ်စားတတ်ပုံများ အံ့ဩကုန်နိုင်ဖွယ်ပါပဲ။

လူတိုင်းက အစားကောင်းကြိုက်တယ်လို့ ယေဘူယျဆိုနိုင်ပေမယ့် တချို့ကတော့ ညံ့မှ ကြိုက်တယ်လို့ ဆိုရမှာပါ။ နွားကို ပလာတာကျွေးသလို ဆိုတဲ့ ဗမာစကားလိုပဲ နွားကတော့ မြက်ပဲ ကြိုက်မှာပါ။ လူလိမ္မာထက် လူမိုက်ပိုပေါတာမို့ လူမိုက်တွေနဲ့ပဲ ဆရာကြီးဆက်လုပ်တာက စားသာတယ်ဆိုပြီး နေရစ်ခဲ့တဲ့ တိထ္ထိကြီးတွလိုမျိုး ရီပတ်ဘလစ်ပါတီ၏ အချို့သော ခြေကုတ်ဒေသတွေမှာ ပါတီခေါင်းဆောင်တွေဟာ လူပြိန်းတွေ ဘာသာရေး နဲ့ ရှေးရိုးစွဲ အစွန်းရောက်သူတွေ အကြားအမြင်နည်းသူတွေကို စည်းရုံးထားပြီး ရွေးကောက်ပွဲတိုင်း ထာ၀ရအနိုင်ရအောင် စီမံကိန်းဆွဲထားကြတဲ့ သဘောပါပဲ။

ဒီလိုသူတို့ လုပ်ကြံဖန်တီးနေကြတာ အမှားတရားလွှင့်နေတာဟာ သူတို့နေရာကွက်ကွက်တင် မဟုတ်ဘဲ အမေရိကန်တပြည်လုံး ပျံ့နှံ့ပြီး ခံစားနေရတာကတော့ မဖြစ်သင့်ပါဘူး။ ထရန့်က ထကြ ချကြလို့ ကြွေးကြော်လို့ လက်နက်ကိုင်ထားတဲ့ လူဖြူအစွန်းရောက်တွေက အစိုးရဝန်ထမ်းတွေ တရားသူကြီးတွေ၊ လွှတ်တော်အမတ်တွေကို ခြိမ်းခြောက်တာ၊ မိသားစုဝင်တွေကိုပါ သတ်ဖြတ်မယ်အထိ ပြောဆိုတာ ကြိုးပမ်းတာတွေဟာ ရီပတ်ဘလစ်ကန်အားကောင်းတဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားလာပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။ ဒါကြောင့် မီဒီယာတွေကကော ပညာရှင်တွေ နိုင်ငံရေးခေါင်းဆောင်ကောင်းတွေက ရီပတ်ဘလစ်ကန်ပါတီက ဒါတွေကို တားမြစ်သင့်တယ်၊ ဆန့်ကျင်ရမယ်၊ ဒီမိုကရေစီ၏ တန်ဖိုးနဲ့ အစဉ်အလာကို ပါတီသက်ဇိုးရှည်ရေးအထက်မှာ တင်ပြီး ဦးစားပေးသင့်တယ်လို့ ထောက်ပြ ဝေဖန် တောင်းဆိုနေကြပါတယ်။

ဗမာပြည်မှာဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အခြေမလှခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ပါတီတွေအပြင် တပ်မတော်ကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို ဥပဒေဘောင်ထက် ကျော်လွန်ပြီး ဆန့်ကျင်ကြတာ ကန့်ကွက်ကြတာ လှုံ့ဆော်မှုတွေ လုပ်ကိုင်နေတာ တွေ့နေရပါတယ်။ တကယ်တန်းကျတော့ စစ်အုပ်စုကိုယ်တိုင်စိတ်တိုင်းကျ ရေးခဲ့တဲ့ သူတို့ ၂၀၀၈ အခြေခံဥပဒေအတွင်းက ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွင်းနေ နိုင်တဲ့ပါတီ အင်န်အယ်ဒီကိုပဲ သူတို့စစ်အုပ်စုက အာဏာလွှဲပေးထားရတာကို ငြင်းလို့ မရနိုင်ပါဘူး။ သို့သော်လည်း သူတို့၏ လူပြိန်းပရိသတ်၊ အမျိုးသားရေးအစွန်းရောက်ပရိသတ်၊ လက်နက်အားကိုး အာဏာမက်သည့် ပရိသတ်ကို ဆက်လက် ထိန်းသိမ်း စည်းရုံးထားနိုင်ဖို့ အခုလို မီးရှုးမီးပန်းတွေ လွှင့်ကြဦးမှာပါပဲ။ မီးပန်းကနေ ယမ်းအိုးပေါ်ကျပြီး အကုန်လုံး မပေါက်ကွဲကြစေဖို့ ပညာရှိသူ အသိရှိသူ ဒီမိုကရေစီကို ယုံကြည်သူများက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြဖို့သာ ရှိပါတယ်။ အရှုံးထဲကနေ အမြတ်ထုတ်တတ်တဲ့ အစွန်းရောက်အုပ်စုတွေဆိုတာ ဘယ်မှာပဲ ဖြစ်ဖြစ် ရှိနေတာကို သတိချပ်စေလိုပါကြောင်း။