လှကျော်ဇော - ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (၅၄)
လှကျော်ဇော - ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (၅၄)
ဖေဖေနဲ့ ရဲဘော်တင်ရီ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၀အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄)
"ဟာ ... ဟာ ... ခင်ဗျား ခင်ဗျား - သခင်ဇင်နောက်ကပါလာတဲ့ ဝေါက ပြည်သူ့စစ်ခေါင်းဆောင်မဟုတ် လား"
ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကို ရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကိုရဲဘော်ထွန်းက ဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အေအဖွဲ့ခေါင်းဆောင် ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေး ဆွေးနွေးနေတဲ့ကာလပါ။
အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့ (ဂျပန်ခေတ် ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့် (ရဲဘော်အောင် - နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) နဲ့ ဗိုလ်သန်းရွှေ (၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကို လာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။ တနေ့တော့ ဒီနေ့အရှေ့မြောက် စစ်ဒေသ နိုင်ငံရေးမှူး ရဲဘော်တင်ရီ (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရောက်မယ်လို့ ကြားထားပါတယ်။
နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာဖော်ပြထားတဲ့အတိုင်း ဖေဖေက တအံ့တသြပြောလိုက်တာပါ။
ရဲဘော်တင်ရီက ဘာမှပြန်မပြောဘဲ သူ့သင်္ကေတ မချိုမချဉ်ပြုံးထေ့ထေ့နဲ့ ဖေဖေလက်ကို အားရပါးရဆွဲ-နှုတ်ဆက်ပါတယ်။
ဖေဖေကလည်း မပြီးနိုင်မစီးနိုင် ဆက်ပြီး
"ခင်ဗျား တော်တော်ဆိုးတဲ့လူဗျာ။ ခင်ဗျားကြောင့် ကျုပ်တို့တတွေ သေမကုန်တယ်။ ကံကြီးပေလို့ပဲ - လို့ မကျေမချမ်း ပြောလိုက်ပါသေးတယ်။
ပြီးမှ ဘေးကပါးစပ်အဟောင်းသားတွေနဲ့ဖြစ်နေတဲ့ ကျန်ခေါင်းဆောင်ရဲဘော်တွေကို အဖြစ်အပျက်အကြောင်းစုံကို ဇာတ်စုံခင်းပါတော့တယ်။
၁၉၄၅ မတ်လ (၂၇) ရက် ဂျပန်တော်လှန်ေရးစတော့ ပဲခူးဒေသမှာ အခြေစိုက်တဲ့ တိုင်း(၄) ရဲ့ တိုင်းမှူး ဖေဖေက စစ်ဌာနချုပ်အခြေစိုက်မယ့် မြစ်ကျိုးဒေသကို တပ်ချီလာရာမှာ နောက်နေ့မနက်အစောကြီး ဝေါမြို့လေးကို ရောက်တော့ ဖေဖေတို့ကို ကြိုနေသူက အဲဒီကပြည်သူ့စစ်ခေါင်းဆောင်က ရဲဘော်တင်ရီ (ပဲခူးနေဝင်း) ပါ။ သူ့ရဲ့ပြောပြချက်အရ ဝေါမြို့သူကြီးအိမ်မှာ ဂျပန်(၂)ယောက်ရောက်နေပြီး ဝေါဘူတာရုံမှာလည်း ဂျပန်(၃)ယောက်သာရှိကြောင်း သိရသတဲ့။ အဲဒီတော့ ဖေဖေတို့က ပွဲဦးထွက် ဒီဂျပန်တွေကိုတိုက်ဖို့ စီစဉ်တာပေါ့။ ဖေဖေတို့ကလည်းတိုင်းရုံးအဖွဲ့ပဲ ဖြစ်တာကြောင့် လူက (၂၀) ကျော်လေးပဲ ပါတယ်။
သင့်တော်သူလောက်ပဲထုတ်ပြီး (၂) သုတ်ခွဲ၊ တသုတ်ကို သူကြီးအိမ်လွှတ် ၊ အဲဒီက ဂျပန်(၂)ယောက် ကို သတ်ခိုင်းပြီး ကျန်ရဲဘော် (၃-၄) ယောက်နဲ့ ဖေဖေက ဘူတာရုံကို ချီတက်လာပါတယ်။ ဘူတာရုံလဲရောက်ရော ဘူတာမှာက ဂျပန် (၄-၅) ယောက် စ တွေ့ပါတယ်။ ကဲ - ရောက်မှတော့ မထူးဘူး၊ ဆက်တိုက်ရမှာပဲလို့ စဉ်းစားပြီး တိုက်ဖို့ အသေးစိတ်စီစဉ်နေတုန်းမှာပဲ သူကြီးအိမ်ဘက်က သေနတ်သံထွက်လာပြီး ဘူတာရုံနားရပ်ထားတဲ့ကားတစီး (တကယ်တော့ ဘတ်စ်ကားက (၃) စီး။ ကားပေါ်မှာလည်း ဂျပန်စစ်သား တပ်ခွဲတခွဲစာ လောက် ရှိ) ပေါ်ကဂျပန်အရာရှိတယောက်ဆင်းလာပြီး ဂျပန်စစ်အရာရှိဝတ်စုံနဲ့ပဲ ရှိနေသေးတဲ့ဖေဖေကို သေနတ်သံထွက်တဲ့ဘက်လက်ညှိုးညွှန်ပီး ဘာဖြစ်တာလဲလို့ မေးသတဲ့။ (ဂျပန်တော်လှန်ရေးစကာစမှာ ဂျပန်တပ်အတော်များများ မသိပါဘူး။ ဒါကြောင့်နေရာအတော်များများမှာ အငိုက်မိကြပါတယ်။) ဖေဖေကလည်း ပါးစပ်ထဲရောက်လာတဲ့ ဂျပန်စကား- ကြိုယင် (စစ်လေ့ကျင့်ခန်း) လို့ ပြောလိုက်တော့မှာ အဲဒီဂျပန်စစ်ဗိုလ် ကားပေါ်ပြန်တက်သွားသတဲ့။ ဒီတော့မှ ဖေဖေတို့တတွေ အမြန်ဆုတ်ရပါတော့တယ်။ (ညပိုင်းကျမှ ဝေါဘူတာရုံကို ဂျပန်တပ်ခွဲ (၁) ခွဲ ရောက်လာတာ ဘယ်သူမှ မသိလိုက်တာပါ။)
(ဒီအဖြစ်အပျက်အသေးစိတ်ကို ဖေဖေက သူ့စာအုပ် - ကိုယ်တိုင်ရေးအထုပွတ္တိ - ဆိုင်းစုမှသည်မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေထုတ်) နှာ ၁၀ဝ -၁၀၁ မှာ အပြည့်အစုံရေးထားပါတယ်။ ရဲဘော်တင်ရီကလည်း အရေးတော်ပုံစာစောင်မှာ ဆောင်းပါးရေးဖူးပါတယ်။) အဲဒီကာလကစလို့ ရဲဘော်တင်ရီနဲ့ (နောက်ပိုင်းသူ့မိသားစုနဲ့ပါ) ကျွန်မတို့မိသားစုတတွေ ခင်မင်ရင်းနှီးလာကြပါတယ်။
ကျွန်မတို့ပါတီက ခေါင်းဆောင်ရဲဘော်အများတကာ့အများစုကြီးဟာ အဆင့်အသီးသီးက ရဲဘော်များနဲ့တရင်းတနှီး ခင်ခင်မင်မင် နေတတ်လေ့ရှိပါတယ်။ ဒီအထဲမှာတော့ ရဲဘော်တင်ရီက အလွန့်ကို တသားတည်းနေထိုင်တတ်သူပါ။ အသက်အရွယ်မရွေး ဘယ်သူ့ကိုမဆို သူငယ်ချင်းပေါင်း ပေါင်းတာပါ။ စကားအကောင်းအတည်တွေပြောနေရာကနေ ဖောက်ချင်ဖောက်ပြီး ဟာသက နှောတတ်လေ့ရှိပါတယ်။ ဒါတွေကြောင့်လည်း ရင်းနှီးတဲ့ရဲဘော်များရဲ့ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဒါပေမဲ့ပြုပြင်တာလည်း မတွေ့ဖူးပါဘူး။
ကျွန်မကိုလည်း တခါမှ ကောင်းကောင်းကန်းကန်း မခေါ်ဖူးဘူး။ မိလှခေါ်လိုက် ခွေးမ ခေါ်လိုက်နဲ့။ ပန်ဆန်းရောက်ပြန်တော့ ဒေါက်တာပေါက်တူးဆိုတဲ့ နာမည်ထပ်ရပြန်တယ်။ စကားစပ်လာမိတော့ ကျွန်မဒေါက်တာပေါက်တူး ဘွဲ့ရခဲ့တဲ့အကြောင်းလည်း ပြောပြရဦးမယ်။
ပန်းဆန်းမှာ (၁၉၈၅ခုနှစ်) ပါတီရဲ့ တတိယကွန်ဂရက် ကျင်းပဖို့ပြင်ဆင်နေချိန်အတွင်း အရှေ့မြောက်စစ်ဒေသနိုင်ငံရေးဌာနကြီးရဲ့ဌာနမှူး ရဲဘော်ကြည်ပြိုင် (၇၅ဗဟိုကော်မတီ - အရံဗဟိုကော်မတီဝင်) မကျန်းမမာဖြစ်ပါတယ်။ ဆေးလိပ်အလွန်ကြိုက်ပြီး တသက်လုံးသောက်လာသူဆိုတော့ အစောပိုင်း လေပြွန်ရောင်ရောဂါကနေတဖြည်းဖြည်း အဆုပ်-နှလုံး ရောဂါ ရလာပါတယ်။ ရောဂါပြင်းလာတော့ တဘက်နိုင်ငံပို့ဖို့ စီစဉ်ပါတယ်။ သူက လက်မခံပါဘူး။ သေလည်း ဒီပန်ဆန်းမှာပဲ သေမယ်တဲ့။
ဒီတော့ ရဲဘော်တင်ရီက ကျွန်မနဲ့ အရှေ့မြောက်စစ်ဒေသဆေးရုံက ဒုနိုင်ငံရေးမှူး ဆရာမကြီး ဒေါ်ငွေကို ခေါ်ပြီးလူနာကို အတတ်နိုင်ဆုံးစောင့်ရှောက်ကုသဖို့ တာဝန်ပေးပါတယ်။ လူနာက ဆေးရုံလည်း မတက်ချင်ဘူးဆိုတော့ (ရဲဘော်ကြည်ပြိုင် ဆိုတာကလည်း ဂျစ်တစ်တစ်၊ ပေကပ်ကပ်ရယ်) အိမ်မှာပဲထားပြီး သူတို့ဌာနက ဆေးမှူးလေးကို တာဝန်ပေးထားပြီး ကျွန်မတို့(၂)ယောက်က ညနေစောင်းမှ သွားသွားကြည့်။ နောက်နေ့အတွက် ညွှန်ကြားစရာရှိပြောခဲ့၊ ကျန်အချိန်တွေ လိုအပ်လာရင် ဆေးရုံ လှမ်းအကြောင်းကြားဆိုပြီး စီစဉ်ထားရပါတယ်။ လူနာကလည်း တနေ့ရွှေ-တနေ့ငွေ၊ တညနေ ကျွန်မတို့ရောက်တော့ ရဲဘော်တချို့ အရင်ရောက်နေကြပြီး တဝါးဝါးတဟားဟား စကားတွေ ဖောင်လောက် ဝိုင်းပြောနေကြတာတွေ့ရပါတယ်။ ဌာနအသီးသီးရောက်နေကြတဲ့ ဗမာရဲဘော်တွေက အလှည့်ကျ လူနာဆီလာပြီး စိတ်ပြေလက်ပျောက်ပြောကြဆိုကြနဲ့ ညနေစောင်းဆို လူနာဆီမှာစည်ကားနေတတ်ပါတယ်။ အဲဒီညနေမှာတော့ လူနာကိုယ်တိုင်ကပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်နောက်ပြောင်ပြောဆိုနေတာပါ။ လူကလည်း လန်းလန်းဆန်းဆန်း။ လူနာကြည့်အပြီး အပြန်မှာ ထုံးစံအတိုင်း ရဲဘော်တင်ရီဆီ ဝင်နောက်ဆုံးအခြေအနေကို အစီရင်ခံတဲ့အခါ ကျွန်မက
"အို.. ဒီနေ့အခြေအနေသိပ်ကောင်းတယ်။ အတော်လည်း လန်းဆန်းတယ်" လို့ဆိုတော့
ရဲဘော်တင်ရီက "ဟုတ်ရဲ့လားဟဲ့။ ငါတို့အရပ်တွေမှာတော့ အဲသလိုရောဂါသည်းနေတဲ့လူတွေ လန်းလာရင် ကြောက်ရတယ်" တဲ့။
"ဟာ ... ဦးလေးကလည်း (ကျွန်မက သူ့ကို ဦးလေးလို့ ခေါ်ပါတယ်) အရေးထဲ အယူတွေသီးနေပြန်ပါပီ။ ကျွန်မစစ်ဆေးလာခဲ့ပါပြီ။ အကုန်ပုံမှန်ပါ။" လို့ ရဲရဲဝံ့ဝံ့ကြီးကို အာမခံလိုက်ပါတယ်။ (တကယ်တော့ ကိုယ်မှာ ပါတာကလဲ နားကြပ်နဲ့ သွေးဖိအားတိုင်း ကိရိယာလေးတခုရယ်။ လူနာကလည်း နှလုံးရောအဆုပ်ရော တဖြည်းဖြည်းနဲ့စွမ်းအင် ကျနေပါပြီ။)
နောက်နေ့မနက် အစောလင်းအားကြီးမှာ ရဲဘော်ကြည်ပြိုင် ကွယ်လွန်ပါတယ်။
အဲဒီကစလို့ ကျွန်မကို ရဲဘော်တင်ရီက ဒေါက်တာပေါက်တူးလို့ ခေါ်တတ်လာပါတယ်။
ရဲဘော်တင်ရီရဲ့ အပြောင်အနောက်အမျိုးမျိုးကို ဘယ်သူမှမလွတ်ပါဘူး။ ဖေဖေကို နောက်လွန်းလို့ သူ့ကို ဥက္ကဋ္ဌကတောင် ဝေဖန်ဖူးတယ်လို့ သူကိုယ်တိုင် ပြန်ပြောပြဖူးပါတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်က
"ကိုတင်ရီရယ် - ဦးတင် (ဖေဖေတောတွင်းအမည်) ကို သိပ်မနောက်ပါနဲ့ဗျာ။ အားနာစရာကြီး။ ဒီလူကြီးက သူ့နောက်လို့ နောက်မှန်းသိတာလည်း မဟုတ်၊ ပြန်လဲ မနောက်တတ်နဲ့ လို့" ဝေဖန်ဖူးတယ် တဲ့။
(မှတ်ချက်။ ၁၉၈၅ တတိယကွန်ဂရက်အပြီး ဌာနတွေပြန်ဖွဲ့စည်းရာမှာ ဗဟိုစစ်ဦးစီးဌာနဖွဲ့စည်းလိုက်ပြီး စစ်ဦးစီးမှူးက ရဲဘော်တင်ရီဖြစ်ပြီး ဒု-ဦးစီးမှူးက ဖေဖေဖြစ်လာပါတယ်။ ဒီတော့ ဖေဖေက နေ့တိုင်းဗဟိုရုံးကနေ စစ်ဦးစီးရုံးကို လာ ရုံးတက်ရပါတယ်။)
ဖေဖေက သူ့ကိုပြန်မနောက်တတ်ပေမယ့်သူရဲ့အားနည်းချက်များကိုတော့ သူတို့ရဲ့ဗဟိုစစ်ဦးစီးဌာန ကလာပ်စီးအစည်းဝေးတွေမှာ ထောက်ပြတတ်တဲ့အကြောင်းရဲဘော်စိုးချစ် (ထိုစဉ်က ဗဟိုစစ်ဦးစီးအဖွဲ့ရုံး ကလာပ်စည်းအတွင်းရေးမှူး) က ဖေဖေ့အတွက် အမှတ်တရရေးပေးတဲ့ဆောင်းပါးတစောင်မှာ ဒီလို ရေးထားတာတွေ့ရပါတယ်။)
" ... ဥပမာတခု ပြောပါမယ်။ ပီဘီဖြစ်တဲ့ရဲဘော်တင်ရီက အလုပ်ကများများ၊ အားကစား၊ စိုက်ပျိုးရေး၊ ပျော်ပွဲရွှင်ပွဲ၊ တီဗွီကြည့်တာကအစ ဝါသနာပါတာက များများဆိုတော့ အမြဲ အချိန်မလောက်ဖြစ်နေသူ။ ဒီတော့ လစ်ဟင်းမှုတွေ မကြာခဏဖြစ်တတ်တယ်။ ဒီတော့ ရဲဘော်ဦးတင်က - ရဲဘော်တင်ရီ... ခင်ဗျားဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာဖြစ်ဖြစ်၊ ကလာပ်စည်းထဲမှာဖြစ်ဖြစ် စကားပြောတဲ့အခါ ပြင်ပြင်ဆင်ဆင်လုပ်ထားရင် သိပ်နားထောင်လို့ကောင်းတယ်။ အကျိုးရှိတယ်။ ဒါပေမဲ့ ပြီးစလွယ်လုပ်တာတွေက များတယ်လို့ ထောက်ပြဝေဖန်ဖူးတယ်။ ..."
(ကျွန်တော်တို့ရင်တွင်းက ရဲဘော်ဦးတင် (ရဲဘော်စိုးချစ်) သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော (ရဲဘော်ဦးတင်) ကွယ်လွန်ခြင်းတနှစ်ပြည့်အမှတ်တရ - အတွဲ (၁) ၊ ဖြိုးမောက်သာစာပေ)၊ ၂၀၁၃ခုနှစ်ထုတ်၊ နှာ၁၇၃)
ဒီလိုနဲ့ ကျွန်မတို့တတွေ ၁၉၈၉ ဇာတ်ခေါင်းကွဲပြီး တယောက်တနယ်စီ ဖြစ်ကုန်ကြပါတယ်။
ရဲဘော်တင်ရီက သူ့မိသားစုရှိရာ စစ်ချွမ်ပြည်နယ်က ချင်တူး ရောက်သွားပါတယ်။ အစောပိုင်းကာလတပိုင်းအဆက်အသွယ်ပြတ်သွားပေမယ့် နောက်ပိုင်းပြန်ဆက်သွယ်မိပြီး သာရေးနာရေး ပြောဟယ်ဆိုဟယ် နောက်ဟယ်ပြောင်ဟယ် နေလာလိုက်ကြတာ နောက်ဆုံး ၂၀၁၈၊ အောက်တိုဘာ ၂၈ ရက် ၊ အသက်(၉၇)နှစ်မှာကွယ်လွန်သွားပါတော့တယ်။
ဘာရောဂါမှမရှိဘဲ ဘာဝေဒနာမှလည်း မခံစားရဘဲ မီးဇာကုန်ဆီခန်း သွားရတာပါ။
လူကသာ တနယ်တကျေးမှာနေရပေမယ့် နယ်စပ်မှာ ကျန်ခဲ့ရှာတဲ့ရဲဘော်များအတွက် အမြဲပူပန်သောက ရောက်နေတတ်ပြီး အဲဒီရဲဘော်များရဲ့ကျန်းမာရေး၊ ကလေးများပညာသင်ကြားရေး ၊ တခြားလူမှုရေးအမျိူးမျိုး အတွက်အမြဲတစေသူတတ်နိုင်သမျှ ထောက်ပံ့ကူညီခဲ့တာပါ။ ကျွန်မတို့မိသားစုအတွက်ကတော့ သူ့ကို ဘယ်တော့မှမမေ့နိုင်ဘဲ အမြဲထာဝရ ကျေးဇူးတင်နေရမဲ့အကြောင်း (၂) ရပ် ရှိပါတယ်။
၁၉၈၂ ခုနှစ် ဖေဖေ ပန်ဆန်းမှာ ကျွန်မကျွေးတဲ့ဆေးတွေစားပြီးအစာအိမ်ပေါက်သွေးသွန်ပါတယ်။ သွေးဖိအား (ဝ) ထိ ကျသွားလို့ သွေးဖိအားတိုင်းစက်တပ်ထားတဲ့ လက်တဖက်ပဲ ချန်ပြီး ကျန် (၃) ဖက် (၃) တန် (လက်တဖက်နဲ့ ခြေ(၂)ဖက်စလုံး) သွေးရည်ကြည်တွေ ဓာတ်ဆားရည်တွေ၊ ဂလူးကို့စ်တွေ အမြန်သွင်းပြီး တဘက်နိုင်ငံဆေးရုံကို ပို့ဖို့လုပ်ရပါတယ်။ ဖေဖေနဲ့အတူ ထည့်လိုက်ဖို့ ကျွန်မဆေးကျောင်းသားထဲက ဗမာစကားရောတရုတ်စကားရော တတ်တဲ့သူ ကျောင်းသားတယောက်ရှာဖို့ ဥက္ကဋ္ဌက ပြောပါတယ်။ ဒီတင် အနားရှိနေတဲ့ ရဲဘော်တင်ရီက "တခြားလူ ရှာစရာ ဘာလိုလဲ၊ သူ့သမီးပဲ ထည့်လိုက်ပေါ့။ သူလည်း တရုတ်လို ပေါက်သားပဲ ..." တဲ့။ ကျွန်မဖြင့် ထိုင်တောင် ဦးချလိုက်ချင်တာ။ ကျွန်မမှာ ဖေဖေနောက်လိုက်ချင်တာ တပိုင်းသေနေတာ။ကိုယ်ရေးကိုယ်တာ ကိစ္စမတောင်းဆိုသင့်လို့သာ အသာငြိမ်နေတာ။ ပြီးတော့ ကျွန်မဘက်လှည့်ပြီး "ဟိုရောက်ရင် ဟိုကလူတွေနဲ့ သွားရန်ဖြစ်မနေနဲ့ဦး" တဲ့။
တကယ်လည်း ကျွန်မပါသွားပေလို့ ဖေဖေအသက်ရှင်တာ။ ကျွန်မက ဖေဖေဘေးမှာ တချိန်လုံး ထိုင်နေပြီးဖေဖေနှလုံးခုန်မြန်လာတာနဲ့၊ သွေးဖိအားလေး နည်းနည်းကျတာနဲ့ (အတွင်းမှာ သွေးယိုစီးတဲ့လက္ခဏာ) တာဝန်ကျဆရာဝန်ပြောပြီး သွေးသွင်းဖို့ သတိပေးရပါတယ်။ ဒီလိုနည်းနဲ့ အချိန်ဆွဲထားရပြီး (၂)ရက် (၃)ရက် အကြာမှာ ကူမင်းစစ်ဆေးရုံကြီးက ဆေးအဖွဲ့ ရဟတ်ယာဉ်နဲ့ရောက်လာပြီး အသက်ကယ်လိုက်နိုင်လို့ ဖေဖေက နောက်အနှစ်(၃၀) (၂၀၁၂အထိ) အသက်ရှင် နေထိုင်သွားနိုင်တာပါ။ (ဒီဖြစ်စဉ်အသေးစိတ်ကို အလျင်းသင့်ရင်ရေးပါဦးမယ်။)
နောက် ကျေးဇူးတင်ရမယ့်အချက်ကတော့ ... ၁၉၈၉ ဧပြီလ(၁၉)ရက်နေ့ ပန်ဆန်း ဒေသတခုလုံး လူမျိုးစုတပ်များရဲ့အာဏာသိမ်းခြင်းကို ခံလိုက်ရပြီး နောက်မနက်ခင်း ဗဟိုရုံးက ရဲဘော်တွေအားလုံး တဘက်ကမ်းနိုင်ငံကိုရောက်သွားပါတယ်။ ဖေဖေ၊ မေမေနဲ့ ကျွန်မတို့မောင်အငယ်ဆုံး ရဲဘော်ထွန်းမြတ်တို့(၃)ဦး အဲဒီဘက်ရောက်သွားပြီး အရှေ့မြောက်စစ်ဒေသမှာရှိနေတဲ့ ကျွန်မနဲ့ မောင်အကြီး(၂)ယောက်က ဒီဘက်ကမ်း ပန်ဆန်းမှာ ကျန်ခဲ့ပါတယ်။ ဒီတော့ မေမေက တငိုငိုတရီရီ ဖြစ်လာပါတယ် ။ဗဟိုရုံးကခေါင်းဆောင်တွေကိုရော၊ ကျန်မိသားစု ဝင်များနဲ့ ရဲဘော်များကိုရော ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ခံလုပ်ဆောင်နေရတဲ့ ရဲဘော်တင်ရီက ရဲဘော်ထွန်းမြတ်ကို တခြားအလုပ်တွေက ကျန်ရဲဘော်တွေ လုပ်လို့ရတယ်။ ခင်ဗျားက ခင်ဗျားအမေကြီးနားမှာပဲနေပြီး၊ ဂရုစိုက်ချေ ... လို့တာဝန်ပေးထားပြီး နေ့လည်လောက်ရောက်တော့ လုံခြုံရေးအတွက် ဗဟိုခေါင်းဆောင်တွေ ကိုနေရာ ရွှေ့ဖို့ စီစဉ်ရတော့လည်း ဖေဖေတို့နဲ့အတူ ကိုထွန်းမြတ်ကို ထည့်ခေါ်သွားခဲ့ပါတယ်။ ကိုထွန်းမြတ်အနားရှိနေလို့လည်း မေမေက တစုံတရာ စိတ်သက်သာသွားရတာပါ။ ဒါတွေကြောင့်ပဲ ကျွန်မတို့မိသားစုက ရဲဘော်တင်ရီကို အမြဲကျေးဇူးတင်နေမိတာပါ။
အခုတော့ ရဲဘော်တင်ရီကွယ်လွန်တာ (၂) နှစ် ကျော်သွားပါပြီ။
ကျန်ခဲ့သူများကတော့ -
နွေလည်းနွေမို့၊
မိုးလည်းမိုးမို့၊
ဆောင်းလည်းဆောင်းမို့
ဝမ်းနည်းတာ၊ လွမ်းဆွတ်တာ၊
အတူတူချည့်ပါပဲ။
(မှတ်ချက် - မေမေအတွက်ရေးပေးတဲ့ ဖိုးသံ(လူထု)ရဲ့ ကျွန်တော်တို့ဒေါ်ဒေါ် ဆိုတဲ့ ကဗျာက
တစိတ်တပိုင်းကိုယူသုံးလိုက်ပါတယ်။)
လှကျော်ဇော
တစိတ်တပိုင်းကိုယူသုံးလိုက်ပါတယ်။)
လှကျော်ဇော
၅ - ၁၂ - ၂၀၂၀
ဓာတ်ပုံများ - ရဲဘော်တင်ရီ (ရဲဘော်နေဝင်း-ပဲခူး)။ ရဲဘော်ဦးတင် (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)
ဓာတ်ပုံများ - ရဲဘော်တင်ရီ (ရဲဘော်နေဝင်း-ပဲခူး)။ ရဲဘော်ဦးတင် (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)