စိုင်းအောင်ဝင်း - ဆဲဗင်း ဇူလိုင် လူသတ်ပွဲ

စိုင်းအောင်ဝင်း - ဆဲဗင်း ဇူလိုင် လူသတ်ပွဲ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၀(ဆရာစိုင်းအောင်ဝင်း၏ ဖေ့စ်ဘွတ်ကနေ ဖော်ပြပါတယ်)
Reminiscences Of My University Days (5) : 7 July Massacre
တက္ကသိုလ်နေ့ရက်လွမ်းချင်းများ (၅) : ၇ ရက် ဇူလိုင် လူသတ်ပွဲ
ရန်ကုန်တက္ကသိုလ် ရဲ့ အနှစ် ၁၀၀ သမိုင်းကိုရေးရင် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပခဲ့တာတွေ ၊ အောင်ပွဲတွေ ၊ ရှုံးပွဲတွေ ၊ ပညာရဲရင့်ပွဲလယ်တင့်ခဲ့တာတွေ ၊ ပညာနိမ့်ကျအရှက်ရခဲ့တာတွေ ..... အဲဒါတွေထဲက တခုခုကိုမေ့ကျန်ခဲ့ကောင်း မေ့ကျန်ခဲ့နိုင်ပါတယ် ။
ဘယ်လိုမှ မေ့ကျန်ခဲ့လို့မရတဲ့ ၊ မေ့မကျန်စကောင်းတဲ့ ဖြစ်ရပ်ကတော့ ၁၉၆၂ ခု ဇူလိုင်လ ၇ ရက် ကျောင်းသား သတ်ပွဲကြီးပါပဲ ။
၁၉၆၂ ခု ဇွန်လမှာ တက္ကသိုလ်ပြန်ဖွင့်တော့ ကျနော် မန္တလေးဆောင် အပေါ်ဆုံးထပ် နောက်ဘက်တန်း ( back room ) အခန်းအမှတ် ၁၁၀ မှာ နေရာရပါတယ် ။
အဲဒီနှစ်ကကျနော် စာမေးပွဲကျလို့ I. Sc ( B ) ပြန် တက်ရတဲ့နှစ်ပေါ့ ။ ဗိုလ်နေဝင်း စစ်ကောင်စီအစိုးရ ( တော်လှန်ရေးကောင်စီ အစိုးရ ) က အဆောင်စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတယ်လေ ။ ည ၈ နာရီ ဆိုရင်အခန်းထဲရှိနေရမယ် ။ စာကျက်နေရမယ် ။ အဆောင်မှူး ၊ လက်ထောက်အဆောင်မှူး ၊ အဆောင်နည်းပြ တို့ကလှည့်လည်စစ်ဆေးမယ်... တို့ စသဖြင့်ပေါ့ဗျာ ။
၁၉၆၂ ခု ဇူလိုင်လ ၆ ရက်နေ့ ညနေစာ စားပြီး အဆောင်အောက်ထပ်က နားနေခန်း ( commom room ) ထဲမှာထိုင်ပြီးသတင်းစာဖတ်တယ် ။ နောက် ပေါ်တီကို အဝင်ဝမှာထိုင်ပြီး ညစောင့် ကိုသောင်း နဲ့ လေပေါတယ် ။ ကျနော် စာမေးပွဲကျတာ စိတ်မကောင်းဘူးလို့ ကိုသောင်းကပြောလို့... ကိုယ့်အပြစ်နဲ့ကိုယ်ကျတာဖြစ်ကြောင်း ပြောပြ လိုက်သေးတယ် ။
နောက် ရှစ်နာရီထိုးတော့ ကိုသောင်း က တံခါးမ ကြီးကိုပိတ်တယ် ။ ကျနော် လဲ ကိုယ့်အခန်းကိုယ် ပြန်တက်လာခဲ့တယ် ။ ကျနော့် အခန်းဖော်က ကိုသိန်းထွန်း တဲ့ ။ ပဲခူးသား ။ ကွယ်လွန်သွားတာတောင် တော်တော်ကြာပါပြီ ။ ကျနော် ၁၉၇၂ ခု အိမ်ထောင်ကျတော့ လာလည်သွားသေးတယ် ။ နောက်သိပ်မကြာဘူး ၊ ဆုံးတယ်ကြားတာပဲ ။ အခန်းထဲပြန်ရောက်လို့မှသိပ်မကြာသေးဘူး ဗဟိုကျောင်းဆောင် ( Central Halls ) ..... သထုံ ၊ ပဲခူး ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ အဆောင်တွေဘက်က အော်သံတွေထွက်လာပါတယ် ။
အော်သံက ပထမတော့ သိပ်မကျယ်ပါဘူး ။ ပြတ် တောင်းပြတ်တောင်းလဲဖြစ်နေတယ် ။ ဒါပေမဲ့ တဖြေးဖြေးနဲ့ ကျယ်လာပြီး အဆက်မပြတ်လဲ ဖြစ်လာတယ် ။ သံပုံးတီးသံတွေပါ ပါလာတယ် ။
" အလိုမရှိ ၊ အလိုမရှိ "
" ဖျက်သိမ်းပေး ၊ ဖျက်သိမ်းပေး "
ဆိုတဲ့ အသံတွေကိုလဲပီပီပြင်ပြင်ကြားလာတယ် ။ နောက် အော်ဟစ်ဆန္ဒပြသံတွေက ကျနော်တို့ ရဲ့ အဆောင်သစ် ( New Halls ) ..... တောင်ငူ ၊ မန္တလေး ၊ အမရ ၊ ရာမည အဆောင်တွေဘက်ကို ပျံ့လာတယ် ။ ကျနော် ရှေ့ဘက်ထွက်ပြီး ဝရန်တာကနေငုံ့ကြည့်လိုက်တော့ တပ်ဦးကျောင်းသားခေါင်းဆောင် ကိုလကြည် အော်လံကလေးကိုင်ပြီး ကျောင်းသား တွေကို အပြင်ထွက်ခဲ့ဖို့ အော်ဟစ်စည်းရုံးနေတာ တွေ့ရတယ် ။ ကျနော်အောက်ကိုဆင်းလာတော့ အဆောင်တံခါး ကပွင့်နေပြီ ။
အဲဒီညက ကျောင်းသားအင်အား ခန့်မှန်း ၃၀၀ လောက် အသံလွှင့်ရုံအထိချီတက်ဆန္ဒပြခဲ့ကြ တယ် ။ နောက်အေးချမ်းစွာ လူစုခွဲလိုက်ကြတယ် ။ နောက်တရက် ဇူလိုင် ၇ ရက် ၊ စနေနေ့ မှာ ဆန္ဒပြ ပွဲဆက်ဖြစ်တယ် ။ ကျောင်းသားတွေကလဲ ကျောင်းမတက်ရတော့ တနေကုန်ပဲ ဆန္ဒပြလိုက် ၊ စားလိုက် ၊ နားလိုက် ၊ ဆန္ဒပြန်ပြလိုက်နဲ့လုပ်နေကြတယ် ။
အချိန်တော့အတိအကျမမှတ်မိတော့ဘူး ။ နေ့လယ် ၁၂ နာရီ ၊ ၁ ချက်တီးလောက်လို့ထင်တာပဲ ။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေရောက်လာတယ် ။
ကျောင်းသားတွေနဲ့ထိတွေ့မှုနည်းနည်းပါးပါး ဖြစ်တယ် ။ ပြီးတော့ ရဲတွေကိုပြန်ရုပ်သိမ်းသွားတယ် ။ သိပ်မကြာပါဘူး ၊ ညနေ ၃ နာရီခွဲ ၄ နာရီ လောက်မှာ စစ်သားတွေရောက်လာတာပဲ ။ ကျနော်တို့ အဝိုင်းလေးလို့ခေါ်တဲ့နေရာနဲ့ တက္ကသိုလ်ဆေးရုံကြားမှာ သူတို့နေရာယူလိုက်ကြတယ် ။ ကျောင်းသားတွေက မန္တလေးဆောင် နဲ့ အမရဆောင် ဝင်းထဲကနေပြီးအော်ဟစ်နေကြတယ် ။ စစ်သားတွေကိုလဲအမျိုးမျိုးလှောင်ပြောင်ထေ့ငေါ့နေကြတယ် ။
ကျနော်က အဲဒီအချိန်မှာ တကသ နဲ့ မန္တလေးဆောင်ကြားက အဓိပတိလမ်းမ ပေါ်မှာ ဖိနပ် ကိုဖင်ခုပြီး ထိုင်နေပါတယ် ။ ကျနော့်ရဲ့ ဘေးတဘက်တချက်စီမှာ သူငယ်ချင်း အင်းလေးကျော်သန်း နဲ့ ခွန်သန်းရွှေတို့ လဲ ကျနော့်လိုပဲ ဖိနပ်ဖင်ခုပြီးထိုင်နေကြတယ် ။ သူတို့နှစ်ယောက်က မန္တလေးဆောင် သားမဟုတ်ပါဘူး ။ ကျနော်တို့သုံးယောက် စကားပြောလိုက် ၊ ဆန္ဒပြပွဲဘက်လှမ်းကြည့်လိုက်နဲ့လုပ်နေကြတယ် ။
ဗိုလ်မှူးစိန်လွင် ( နောင်သမ္မတ ) က အလွန်အရေးပါ တင်းမာတဲ့မျက်နှာထားနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လုပ်နေတာ ကိုကျနော်တို့ထိုင်နေတဲ့ နေရာကနေလှမ်းမြင်နေရတယ် ။
ရုတ်တရက်ပဲ ဖောင်း... ဖောင်း... ဖောင်း နဲ့အသံ တွေထွက်လာတယ် ။ တက္ကသိုလ်ဝင်းထဲက ကျောင်းသားအုပ်ကြီး ပြိုဆင်းသွားတယ် ။ ပြေးသူပြေး ၊ လဲသူလဲ ၊ ကွဲသူကွဲ ၊ ဆဲသူဆဲ နဲ့ ပေါ့ ။
ကျနော်တို့လဲ မန္တလေးဆောင်ရှေ့ကမြောင်းထဲကို ဘယ်လိုကဘယ်လိုရောက်သွားမှန်းတောင် မသိတော့ပါဘူး ။ သုံးယောက်စလုံး သတိတော့ကောင်းဗျား ..... လက်ထဲမှာဖိနပ်ကိုယ်စီနဲ့ ။ မန္တလေးဆောင်ရှေ့မြောင်းထဲကနေဝပ်ပြီးပြေး ၊ ဘယ်ဘက်ချိုး ၊ ဒဂုံဆောင်ရှေ့ကဖြတ် ၊ ဘယ်ဘက်ထပ်ချိုးပြီး တောင်ငူဆောင်နောက်တန်း ကော်ရီတာရောက်မှပဲ နားနိုင်တော့တယ် ။ အောင်မလေးဗျာ... ကော်ရီတာ တခုလုံးကျောင်းသားတွေအပြည့်ပဲ ။
အဲဒီအချိန်အထိ သေနတ်ပစ်သံ ဖောင်းကနဲ ၊ ဖောင်းကနဲ တချက်တချက်ကြားရတုန်း ။
ညနေစောင်းမှပဲမန္တလေးဆောင်ကကိုယ့်အခန်းကိုယ် ပြန်ရောက်တော့တယ် ။ ငယ်သူငယ်ချင်း ဆေးကျောင်းသား စိုင်းသန့်စင် ( Ram Swaroop ) လဲ ကျနော့်ဆီရောက်လာတယ် ။ တက္ကသိုလ်ဝင်းကို စစ်တပ် နဲ့ ဝိုင်းထားလို့ လသာလမ်းက သူ့ဆေးကျောင်းဆောင်ကိုမပြန်နိုင်တော့ဘူး တဲ့ ။ အဲဒီညက ကျနော့် အခန်းဖော် ကိုသိန်းထွန်း ပြန်မလာဘူး ။ ကြည့်ရတာ သူအပြင်မှာရောက်နေပြီး ပြန်ဝင်လို့မရဘူးနဲ့တူတယ် ။ဒါပေမဲ့ Ram က ကိုသိန်းထွန်း အိပ်ရာမှာမအိပ်ဘဲ ကျနော့် အိပ်ရာမှာပဲ နှစ်ယောက်သားကျဉ်းကျဉ်း
ကျုတ်ကျုတ်အိပ်ကြတယ် ။ သူ့ကို အတွင်းဘက်( နံရံဘက် ) ပေးအိပ်ပြီး ကျနော်က အပြင်ဘက်က အိပ်ပါတယ် ။
ဇူလိုင်လ ၈ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီခွဲ ၆နာရီလောက် ကျနော်တို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း " အုန်း " ကနဲအသံကြီးနဲ့အတူ ကျနော် ခုတင်ပေါ်ကနေ အောက်ကိုပြုတ်ကျသွားတယ် ။ ပြတင်းပေါက်မှန်တွေလဲ ကွဲထွက် လွင့်စဉ်ကုန်တယ် ။ ပထမတော့ Ram ရောကျနော်ပါ ကြောင်အမ်းအမ်း ဖြစ်နေတယ် ။ နောက်အပြင်ဘက်ကအော်သံတွေကြားတယ် ။
" ဟာ... ယူနီယံကြီးကိုဖြိုလိုက်ကြပြီ " တဲ့ ။
ကျနော်တို့ပြေးထွက်ပြီးကြည့်တော့ အရင်က မားမားမတ်မတ် တကသ အဆောက်အဦကြီးနေရာ မှာ အုတ်ပုံကြီးပဲတွေ့ရပါတော့တယ် ။ အုတ်ပုံပေါ်မှာ ဖုန်တွေတောင် ထ နေတုန်း ။
တပ်နဲ့ဝိုင်းထားတာရုပ်သွားလို့လားမသိ Ram လဲ သူ့အဆောင်ကိုပြန်လို့ရသွားတယ် ။ ကျနော်တို့လဲ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်လို့ အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ အဆောင်က ထွက်ကြရတယ် ။ နောက်တလ လောက်အကြာ ကျောင်းပြန်ဖွင့်တော့ ကျနော်ပြန်လာတယ် ။
မန္တလေးဆောင် ဆင်ဝင် ကွန်ကရစ်တိုင်ထူထူကြီး တွေမှာ လက်နှစ်ဆစ်လောက်ဖောက်ဝင်နေတဲ့ ကျည်ဆန်ရာကြီး ၄... ၅... ၆ ခုတွေ့ရတယ် ။
ကျနော်တို့ကျောင်းသားတွေကိုပစ်တဲ့သေနတ်က G 2 ဆိုလား ၊ G 3 ဆိုလား ၊ အလွန်ပြင်းတဲ့ နောက်ဆုံးပေါ် လက်နက်တွေဆိုပဲ ။
ကျောင်းသား ၁၆ ယောက်သေတယ်လို့ သူတို့က စာရင်းထုတ်ပြန်တယ် ။ ကျနော်ထောင်ကျတော့ ထောင်ထဲမှာ တွေ့ဆုံခင်မင်ခဲ့တဲ့ ၊ စစ်ဘက်နဲ့အလွန် ရင်းနှီးတဲ့ ပုဂ္ဂိုလ်တဦးပြောပြတာကတော့ သေဆုံးသူ ၆၀ ကျော်တယ်ဆိုတယ် ။
" သင်္ဘောပေါ်တင် တာလပတ်အုပ်ပြီး ပင်လယ် ထဲသွားပစ်လိုက်တာပဲ ။ "
တချို့ကလဲ ၁၀၀ ကျော်သေတယ်ပြောကြတယ် ။ တာဝန်မယူ ၊ တာဝန်မခံ ၊သူရဲဘောကြောင်တဲ့ စစ်အစိုးရ လက်ထက်မှာ အမှန်ကိုဘယ်သိနိုင်ပါ့မလဲ ။
ယူနီယံကိုတော့ အခုထိပြန်မဆောက်နိုင်သေးဘူး ။ ဗိုလ်အောင်ကျော် ကျောက်တိုင်ပဲ ထီးထီးမားမား ကျန်ရစ်တယ် ။
မန္တလေးဆောင် ကတော့ " ရင်ပြင်နီ " လို့ အမည်တွင် ကျန်ရစ်တယ် ။
အောက်တိုဘာကျောင်းတလပိတ်ရေး တိုက်ပွဲတုန်းက ကျောင်းသားရဲဘော်တွေ သီဆိုခဲ့တဲ့ " အင်းဝဆောင်တံတိုင်း သွေးဖြိုင်းဖြိုင်းညှီ..... " ဆိုတဲ့ သီချင်းကို ကျနော်တို့မန္တလေးဆောင်သား တွေက.....
" မန္တလေးဆောင် တံတိုင်း သွေးဖြိုင်းဖြိုင်းညှီ ၊
ကျည်ပတ်လည်ဝိုင်း အာဏာရူးအရိုင်းတို့ဒဏ် ဒို့ခံရသည် .....
ညီညွတ်စွာသိုင်းဝိုင်းလို့ ဒို့တော် လှန်မည် .....
အဲဒါသာ မဟာရလဒ်ကြီးအတည် .....
အဲဒါသာမဟာ ရလဒ်ကြီးအတည် .....
အောင်ပွဲဟေ့ ဆင်နွှဲကြမည် ..... "
လို့ ပြင်ပြီးသီဆိုခဲ့ကြပါတယ်ခင်ဗျာ ။
ယူနီယံကြီးကိုဖြိုတုန်းကတော့ဖြိုခဲ့ကြပြီး ၊ အလွန် ရှက်ရွံ့သိမ်ငယ်စဖွယ် သမိုင်းအမည်းစက်ကြီးမှန်း သိသွားကြတော့ ၊ စစ်အာဏာရှင်ကြီးတွေ နံပါတ် ၁ က နံပါတ် ၂ ကို အပြစ်ဖို့ ၊ နံပါတ် ၂ ကလဲ နံပါတ် ၁ ကိုအပြစ်ဖို့ - " ငါမဟုတ်ဘူး... သူ " လို့ အပြန်အလှန်စွပ်စွဲပြီး ၊ အခုတော့ နှစ်ယောက်စလုံး မရှိကြတော့ဘူးဗျာ ။
ကျောင်သားသတ်တာရော ၊ ယူနီယံဖြိုတာရော ခင်ဗျားတို့စစ်အာဏာရှင်တဖွဲ့လုံး အပြစ်ရှိတာပေါ့ဗျာ ။ အကြီးဆုံးသူက အပြစ်အရှိဆုံးပေါ့ ။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်မရင်ဆိုင်ရဲတာဟာ ရှက်စရာကောင်းလှတယ် ဆိုတာတော့ သိသင့်ကြောင်းပါခင်ဗျာ ။
( ဆရာက 7 July ကိုမီခဲ့တာပဲ ။ အဲဒီအကြောင်း တွေ ရေးပြပါ ဆရာ..... လို့ ပူဆာကြသူများ အတွက် )
SAW
26 XI 2020
8:32 pm