ဇင်လင်း - ရွေးကောက်ပွဲရလဒ် သြဇာကြောင့် ငြိမ်းချမ်းရေး ရှေ့တစ်လှမ်း တိုးနိုင်တော့မည်လား

ဇင်လင်း - ရွေးကောက်ပွဲရလဒ် သြဇာကြောင့် ငြိမ်းချမ်းရေး ရှေ့တစ်လှမ်း တိုးနိုင်တော့မည်လား
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၀မြန်မာ့နိုင်ငံရေးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးအခင်းအကျင်းအသစ် စတင်ဖေါ်ဆောင် နိုင်တော့မည့် အရိပ်အရောင်အချို့ကို တွေ့မြင်လာရသည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ရွေးကောက်ပွဲတွင် ၈၃ ရာခိုင်နှုန်းကျော် သောင်ပြိုကမ်းပြို အောင်နိုင်လိုက်သည့်အပေါ် ပြည်တွင်းပြည်ပလေ့လာသုံးသပ် သူများအကြား အတော်ပင် ဂယက်ရိုက်ခတ်ခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတကာ အကဲခတ်အချို့က NLD ပါတီကို တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်လိမ့်မည်ဟုပင် မမျှော်လင့်မကြဘဲ၊ ညွန့်ပေါင်းအစိုးရအယူအဆကိုပင် တင်သွင်းခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ် ထွက်လာလျှင် အခြေအနေ မတည်မငြိမ်ဖြစ်နိုင်သည်ဟု ဟောကိန်းထုတ်သူများပင် ရှိခဲ့သည်။ ထို့ပြင် အတိုက်အခံနှင့် တိုင်းရင်းသားပါတီများအပေါ်လည်း နိုင်ငံတကာ လေ့လာအကဲခတ်သူများက ပိုမို တွက်ချက် မျှော်လင့်ခဲ့ ကြသည်။ ပြည်နယ်များတွင် NLD ပါတီ အောင်နိုင်ရေး အလားအလာ မကောင်းနိုင်ဟု ဆိုခဲ့ကြသည်။ သို့သော် မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူ ဆိုသူများ၏ တွက်ချက်မှုများ ပါစင်အောင်လွဲခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက ၃၉၆ နေရာ အနိုင်ရရှိခဲ့သဖြင့် ပြည်တွင်းပြည်ပ၌ နိုင်ငံရေးသြဇာသက်ရောက်မှု အံ့မခန်း ဖြစ်ခဲ့ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေး အရွေ့များ ထင်ထင်ရှားရှား ပေါ်လာသည်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD)၏ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုုင်းရေးကော်မတီ” (FPNCC)က နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် သဝဏ်လွှာ ပေးပို့လိုက်သည် ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အခင်းအကျင်းအသစ် တစ်ခုပေါ်ပေါက်လာမည့် လက္ခဏာ စတင် တွေ့မြင်ရသည်။
ထိုမျှမက ရွေးကောက်ပွဲအပြီးတွင် AA နှင့် တပ်မတော်တို့၏ ကြေညာချက်များအပါအဝင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း ၌ စိတ်လှုပ်ရှားဖွယ် အပြောင်းအလဲအချို့ ထွက်ပေါ်လာသည်။ မကြာသေးမီ ရက်များအတွင်း NLD ပါတီက တိုင်းရင်း သားပါတီများနှင့် လက်တွဲ၍ ငြိမ်းချမ်းရေးလုပ်ဆောင်ရန် ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။ ထိုအတောအတွင်း မှာပင် AA နှင့် မဟာမိတ်ညီနောင် ၃ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ့ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပပေးရန် တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်ကို တပ်မတော်ကလည်း ကြိုဆိုခဲ့သည်ကို တွေ့ရသည်။ တပ်မတော်က AA ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းမှု မပြုဘဲ သဘောတူ ကြိုဆိုလိုက် သည့်အချက်ကို နိုင်ငံရေးလေ့လာသူများ နယ်ပယ်၌ အံ့သြဖွယ်ရာ ကိစ္စဖြစ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်သည့် မြို့ရွာများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင် ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ AA ဘက်က အပစ်ရပ်ထားကြောင်း၊ တပ်မတော်နှင့် AA တို့အကြား လတ်တလော ဆွေးနွေးနိုင်သည့် အဆင့်အထိ မရောက်နိုင်သေးသည့်တိုင် ယုံကြည်မှုတည်ဆောက်သည့် အနေဖြင့် ပစ်ခတ်မှု မဖြစ်စေ ရန် ထိန်းသိမ်းထားသည်ဟု AA ပြောခွင့်ရသူ ခိုင်သုခက RFA သတင်းသို့ ပြောကြားသည်။
ရွေးကောက်ပွဲ ပြီးသည့်နောက် ရလဒ်ကောင်းတစ်ခုမှာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ယာယီရပ်သွား၍ စစ်ဘေးရှောင် ပြည်သူအများအပြား မိမိတို့ရပ်ရွာသို့ ပြန်လာနိုင်ကြခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာပင် ရခိုင်ပြည် နယ်၌ ကျန်ရှိနေသော မြို့နယ်များတွင် ရွေးကောက်ပွဲများကျင်းပပေးရန် AA အဖွဲ့က တိုက်တွန်းသည့်အပေါ် တပ်မတော် က ကြိုဆိုထောက်ခံခဲ့သည် ဟု သိရသည်။ ထိုသို့သော အခင်းအကျင်း ပေါ်ပေါက်လာသဖြင့် တပ်မတော်နှင့် AA အဖွဲ့တို့ အကြား တင်းမာမှု လျှော့ပါး လာသည်ဟု ဆိုကြသည်။ တင်းမာမှု လျှော့ကျလာ၍ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးတံခါး ပွင့်စပြုပြီဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။
တစ်ဆက်တစ်စပ်တည်းမှာပင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့ပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်။ နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် အချို့သို့တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက် လေ့လာ ခဲ့ကြောင်း သတင်းကြားရသည်။ စစ်တွေမြို့၌ ရခိုင်အမျိုးသားပါတီ (ANP)နှင့် ပြည်နယ် လွှတ်တော်တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ဒေသခံသတင်းသမားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အား တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေး ခဲ့ကြောင်း RFA သတင်းက ဖေါ်ပြသည်။ ရခိုင်ပြည်နယ် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့သွားရန် ဂျပန်အစိုးရနှင့် နီပွန်ဖောင်ဒေးရှင်းတို့က ဆက်လက် ဆောင်ရွက်သွား မည်ဟု လည်း Mr. Yohei Sasakawa က နိုဝင်ဘာလ ၉ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့သည် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော ရခိုင်မြောက်ပိုင်းဒေသသို့ နိုဝင်ဘာလ ၂၈ ရက်နေ့က သွားရောက်၍ ဒေသခံများ၏ တောင်းဆိုချက် များကို လေ့လာပြီး ရခိုင်မြောက်ပိုင်းတွင် ချန်လှပ်ထားခဲ့သည့် မြို့နယ် ၉ ခုမှ၌ ရွေးကောက်ပွဲကျင်းပပေးရန် ရွေးကောက် ပွဲကော်မရှင်ကို တိုက်တွန်းသွားမည်ဟု ဆိုသည်။ တိုက်ပွဲများပြင်းထန်နေ၍ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့သည့် ကျောက်တော် နှင့်ဘူးသီးတောင်မြို့နယ်များသို့ဂျပန်အစိုးရ အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နှင့် အဖွဲ့ သွားရောက် လေ့လာ ခဲ့ပြီးနောက် စစ်တွေဟိုတယ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် စကားပြန်မှ တစ်ဆင့် အောက်ပါအတိုင်း ပြောကြားခဲ့ သည်။
“ဒေသခံလူထုနဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်တဲ့အချိန်မှာဆိုရင် ဒေသခံတွေဟာ ရွေးကောက်ပွဲကို အရမ်း လုပ်စေချင်နေကြ တဲ့ စိတ်ဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံပြည်သူလူထုရဲ့ ဆန္ဒနဲ့ အဲဒီဒေသ အခြေအနေ၊ လုံခြုံရေးအခြေအနေတွေအရ ရွေးကောက်ပွဲ ပြုလုပ်ဖို့ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ တင်ပြပြီ၊ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တောင်းဆိုတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အေအေ နဲ့ တပ်မတော်တို့ ဆွေးနွေး မှု နဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဘက်ဟာ ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်အောင် ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ လည်း ကျွန်တော့အနေနဲ့ မျှော်လင့်ပါတယ်။”ဟု မစ္စတာ ဆာဆာကာဝါ က ပြောကြားသည်။
ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲပေးရန် လိုအပ်ကြောင်း၊ ထိုသို့ အပစ်မရပ်လျှင် ရွေးကောက်ပွဲပြုလုပ်နိုင်မည် မဟုတ်သဖြင့် နှစ်ဘက်စလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးရန်ကိုလည်း သူ့အနေဖြင့် မေတ္တာရပ်ခံခဲ့သောကြောင့် နှစ်ဘက်စလုံးက ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့ကြသည်ဟု ယူဆကြောင်း Mr. Yohei Sasakawa ကပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရခိုင်ဒေသရှိ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့သော မြို့နယ်များတွင် ရွေးကောက်ပွဲလုပ်ရန် ဆန္ဒပြင်းပြနေပြီး Mr. Yohei Sasakawa ကိုလည်း ကိုယ်တိုင်သွားရောက် လေ့ လာရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ယခု ရခိုင်ခရီးစဉ်အတွက် သွားရေးလာရေးကိစ္စကို တပ်မတော်က စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း Mr. Yohei Sasakawa က သတင်းထောက်များအား ပြောသည်ဟု RFA သတင်းအရ သိရသည်။
ရက္ခိုင့်တပ်ဖွဲ့ AA နှင့် တပ်မတော်တို့အကြား ငြိမ်းချမ်းရေးကိစ္စ ညှိနှိုင်းရန် ဂျပန်နိုင်ငံဘယ်လို အခန်းကဏ္ဍက ပါဝင်သွား မည်နည်းဆိုသည့် ဧရာဝတီသတင်းဌာန၏ မေးခွန်းကို ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က အောက်ပါအတိုင်း ဖြေကြားခဲ့သည်ကို တွေ့ရသည်။
“ငြိမ်းချမ်းရေး တကယ်တာဝန်ယူမယ့် လုပ်သင့်တဲ့ အဖွဲ့အစည်း၊ လုပ်နိုင်တဲ့ အဖွဲ့အစည်းက နိုင်ငံခြားအဖွဲ့အစည်း နိုင်ငံခြားအစိုးရတို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အစည်းများ၊ မြန်မာအစိုးရ၊ တပ်မတော်တို့ ဖြစ်ပါ တယ်။ ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် Arakan Army နဲ့ တပ်မတော်ကြားမှာ အမြဲတမ်း ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒါကို ကြည့်ရင် ၁၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြီး နောက်ပိုင်း တပ်မတော်နဲ့ ရခိုင်စစ်တပ်ကြားမှာ တခါမှ တိုက်ပွဲမရှိပါဘူး။ အင်မတန်မှ အလားအလာကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီဟာကို ဦးတည်ပြီးတော့ Arakan Army နဲ့ တပ်မတော်နဲ့ မြန်မာအစိုးရ အချင်းချင်း ယုံကြည်မှုရအောင် စကားပြောမယ်။ ကြိုးစားမယ်။ အဲဒါ ဖြစ်ဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။” ဟု ဂျပန်သံအမတ်ကြီး ဖြေကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးကိစ္စကို ကြားဝင်မည်မဟုတ်ကြောင်း၊ ယခု ပြဿနာများကို လက်တွေ့ ဖြေရှင်းနိုင်ရေးအတွက် အကောင်အထည်ဖော်ရာ၌ အကူအညီပေးစရာ ရှိသည်ဆိုပါက၊ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ ရခိုင်ပြည်နယ် ဒေသခံပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားပုဂ္ဂိုလ်များ၏ သဘောထားအပေါ် မူတည်၍ ဂျပန်နိုင်ငံက အလေးထား စဉ်းစားမည်ဖြစ်သည်ဟု ဂျပန်သံအမတ်ကြီးက ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဒေါ်အေးနုစိန် က ရခိုင်ဒေသဖွံ့ဖြိုးရေးကိစ္စများကိုလည်း ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ရခိုင်လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို ပံ့ပိုးဆောင်ရွက်ပေးမည် ဆိုလျှင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး များစွာ ကောင်းမွန်လာနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ရွေးကောက်ပွဲအလွန် ကာလတွင် ငြိမ်းချမ်းရေးကိစ္စ တိုးတက်ဖြစ်ထွန်းရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက် ကြိုးစားဆောင်ရွက်သွား မည်ဟုလည်း မစ္စတာ ဆာဆာ ကာဝါက ANP ပါတီနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်ဟု ရခိုင် အမျိုးသား ပါတီ(ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က RFA သတင်းသို့ပြောကြားခဲ့ကြောင်း သိရသည်။
ချန်လှပ်ထားခဲ့တဲ့မြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့က အသီး သီး သဘောထားထုတ်ပြန်ခဲ့ကြပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်စဲ ငြိမ်သက်သွားခဲ့သည်။ မငြိမ်မသက်ဖြစ်နေ သည့် ရခိုင်ဒေသကို ရွေးကောက်ပွဲအလွန်၌ ငြိမ်းချမ်းရေးလမ်းစပေါ်လာအောင် ငြိမ်းချမ်းရေးတမန်တော်အဖြစ် ဆောင်ရွက် ပေးခြင်းအတွက် Mr. Sasakawa အားကျေးဇူးတင်ကြောင်း ANP ပါတီ တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ အပြီး ၄ ရက်အကြာ နိုဝင်ဘာ ၁၂ ရက်တွင် NLD ပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများ ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများ အနေဖြင့်လည်း ၎င်းတို့ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ဖွဲ့ထံသို့ စာပေးပို့ခဲ့သည်။ အဆိုပါ အခင်းအကျင်းအရ အနိုင်ရပါတီ NLD နှင့် တိုင်းရင်းသား ပါတီများ၊ EAO အဖွဲ့များအကြား အခြေခံအားဖြင့် သဘောထား မူဝါဒ ကွဲလွဲမှု ကြီးကြီးမားမား မရှိဟု ဆိုနိုင်သည်။
လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ ဒုတိယငါးနှစ် သက်တမ်းအတွင်း “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး” အတွက် အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု UWSA " ဝ တပ်ဖွဲ့" နှင့် ရက္ခိုင့်တပ်တော် AA အပါအဝင် FPNCC အဖွဲ့က ထုတ်ပြန် ထားသည့်အချက်မှာ ကြိုဆိုရမည့် ကိစ္စဖြစ်သည်။ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ကိစ္စ တို့နှင့် စပ်လျဉ်း၍ ဘုံသဘောထား တစ်ရပ် ချမှတ်ကာ၊ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုလျှင် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသော ဖြစ်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး(NCA) ပြဿနာအတွက် စတင် အဖြေရှာနိုင်ဖွယ်ရှိပြီး၊ ငြိမ်းချမ်းရေးလမ်းစ ပေါ်လာလိမ့်မည်ဟု သုံးသပ်မိပေသည်။။။
ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၆၊ ၃ - ၁၂ -၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။