Breaking News

လွတ်လပ်မိုး - စောင့်မျှော်နေတဲ့ အိမ်ကလေး

စောင့်မျှော်နေတဲ့ အိမ်ကလေး
လွတ်လပ်မိုး
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၀

စစ်လမ်းကြောင်းကျခဲ့လေသလား
အာဏာပိုင်တွေရဲ့အမိန့်အောက်
ပြားပြားမှောက်တွားသွားနေရရှာတဲ့
ရွေ့ပြောင်းကျူးကျော်လူတွေများလား
အကျွတ်တရားနာဖို့ဘုရားရှင်ကိုစောင့်ရသလို
အိမ်ကလေးက
အိမ်ရှင်ကိုစောင့်ခဲ့တယ်။
အဖေနဲ့အမေ...
သားတို့ရဲ့အိမ်နဲ့ဝိုင်းကလေးကိုသားတို့ချစ်လို့မရဘူးလား
ဒီအိမ်ကလေးရဲ့အမာခံဟာအဖေ့လက်ရာ
ဒီအိမ်ကလေးကိုမိုးထားတဲ့ဓနိရွက်အမိုးတွေက
အမေ့လက်နဲ့ပျစ်ထားတာ
ဒီအိမ်ကလေးရဲ့ဘုရားစင်ကဆင်းတုတော်က
ဆုတောင်းမပြည့်တဲ့ဘုရားလား
အိမ်အသစ်မှာပျော်စရာကသစ်လာမလား
အိမ်အဟောင်းကိုလွမ်းမိတဲ့အလွမ်းကကြမ်းပိုးလို၊ခြင်လိုကိုက်လေမလား
စာသင်ကျောင်းနဲ့မနီးမဝေးတဲ့အရပ်ကနေ
ထပ်ဝေးကြရတာပါ
ကျွန်တော်ကြီးပျင်းလာတဲ့အခါမှာလဲ
အဖေ့လိုထင်းခုတ်၊မီးသွေးဖုတ်
ယူမယ့်မယားက
အမေ့လိုမှိုနှုတ်၊ မျှစ်ချိုး
မြို့ပြဆိုတာမသွားအပ်တဲ့ငရဲ ၊
မရောက်ဖူးတဲ့နိဗ္ဗာန်ဘုံ
နေမကောင်းမကျန်းမာဖြစ်တဲ့အခါ
သစ်သီးသစ်ဖုဆိုတာအကောင်းဆုံးသမားတော်
ကျွန်တော့်အသံထွက်မှာအဖေ၊အမေလို့...ပါခဲ့မယ်ဆိုရင်
သေချာပါတယ်
ကျွန်တော်တို့ကျောက်ခေတ်လူသားမဟုတ်တာ
ဒါပေမယ့်...
တနေရာကနေတနေရာအမြဲပြောင်းရွေ့နေရဦးမယ်မဟုတ်လား
တဘဝကနေတဘဝ
မျောက်သစ်ကိုင်းလွတ်ရဦးမယ်မဟုတ်လား
ဒီနေရာနဲ့ဒီအိမ်ကလည်းမသေချာဘူးလေ
အိမ်ကလေးရေ...
မင်းသာအသိတရားရှိရှင်
အရာအားလုံးဟာဧည့်သည်တွေဖြစ်တယ်ဆိုတာလောက်
မင်းနှလုံးသွင်းထား...အိမ်ကလေး
ခုဆို
အိမ်ရှင်ကိုစောင့်မျှော်နေတဲ့ အိမ်ကလေးတွေလည်း
များသတဲ့များလာခဲ့ပါပြီ
အိမ်ရှင်ကစောင့်မျှော်နေတဲ့အိမ်ကလေးတွေနည်းသွားတဲ့အကြောင်းတော့
ငါမပြောသင့်တော့ဘူးမဟုတ်လား...
စောင့်မျှော်နေတဲ့ အိမ်ကလေးရေ...။             ။