မောင်စွမ်းရည် - တက္ကသိုလ်ကျောင်းသား မြက်ထိုးလို့ မိုးကြိုးမပစ်ပါဘူး

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၀
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းက တက္ကသိုလ် ကလောင်ရှင်အသင်း ဦးစီးဦးဆောင်ပြုပြီး နှစ်စဉ်နှစ်တိုင်း စာဆိုတော်နေ့ ညပိုင်းမှာ သက်ကြီးဝါကြီး စာရေးဆရာကြီးတွေကို ကန်တော့ ဂါရဝပြုပွဲ ပြုလုပ်လေ့ရှိပါတယ်။ တက္ကသိုလ် အဆောင်မကြီးရဲ့ တောင်ဘက် လှေကားရင်း မြေတလင်းမှာ သဲဖြူခင်း၊ ရာဇမတ်ကာ။ ထောင့်တိုင်းမှာ ငှက်ပျောပင်တွေ စိုက်၊ တံခွန်ကုက္ကား၊ မုလေးပွားတွေ ဆင်ပြီး တခမ်းတနား ကျင်းပတာပါ။
ဦးစီးဦးဆောင် ကျင်းပကြတဲ့ ကလောင်ရှင်အသင်း အမှုဆောင်တွေကတော့ တက္ကသိုလ်ဝင်း (လူထုသတင်းစာ အယ်ဒီတာဟောင်းတဦး)၊ မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စွမ်းရည် စသူတို့ ဖြစ်ကြပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာတင်ရွှေ စသူတွေက ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂ(တကသ) အဖွဲ့အစည်းတွေမှာ ဦးဆောင်နေကြပါတယ်။
ကန်တော့ခံ စာရေးဆရာ၊ စာပေပညာရှင်ကြီးတွေကတော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်း၊ ကျောက်စာဝန်ဦးမြ၊ ရွှေကိုင်းသား၊ မြကေတု(မြန်မာစာပါမောက္ခ ဦးချမ်းမြ)၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ ပါဠိပါမောက္ခ ဒေါ်အုန်း၊ ဒေါ်မာလာ၊ လူထုဒေါ်အမာ စသူတို့ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဆရာကြီး၊ ဆရာမကြီးများက ဩဝါဒစကား အနည်းအကျဉ်းစီ ချီးမြှင့်လေ့ရှိပါတယ်။ အဲသလို ဩဝါဒတွေ ပြောကြရာမှာ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်းရဲ့ မိန့်ခွန်းလာ စကားတခွန်းကိုတော့ ‘ယနေ့တိုင်၊ မမေ့နိုင်’ ဆိုသလို ဖြစ်နေရစ်ပါတယ်။ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်းက လူလုံးလူဖန် ပုပုသေးသေးလေးပါ။ ဒါပေမဲ့ မာန်နဲ့ အသံက အလွန်ကြီးပါတယ်။
တခါတော့ ‘အမောင်တို့ တက္ကသိုလ်ကျောင်းသား ဆိုပြီး ဂုဏ်ခံမာန်တက်နေကြပေမဲ့ အပ်တိုတချောင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အမောင်တို့ စားတဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန် စသည်တို့ကို ထုတ်လုပ်ပေးနေတဲ့ လယ်သမားတွေနဲ့ အမောင်တို့ နေထိုင်ဖို့ နေအိမ်တိုက်တာတွေ ဆောက်လုပ်ပေးနေတဲ့ အလုပ်သမားတွေကိုတော့ အထင်သေးနေတတ်ကြပါတယ်’ တဲ့။
‘အမောင်တို့ ဘီအေဆန်အိတ်ပိုးလို့ မိုးကြိုးမပစ်ပါဘူး။ ဘီအက်စီ မြေတူးလို့ မြေမမျိုပါဘူး’တဲ့။
လက်သီးလက်မောင်းတန်းပြီးတော့ ဟောပြောသွားတဲ့အခါ ကျောင်းသား ကျောင်းသူတွေက လက်ခုပ် ဩဘာသံ တဖြောင်းဖြောင်းနဲ့ပါ။ (ဒီတုန်းက ကျွန်တော် တခု ပြေးပြီး သတိရမိတာက ကျောင်းသုံး စာအုပ်ထဲမှာ ပါဖူးတဲ့ အမျိုးသားပညာဝန်ဦးဖိုးကျား ရေး ‘အခမဲ့ ကူလီထမ်းခြင်း’ ဆိုတဲ့ ဆောင်းပါးလေး တခုကိုပါပဲ။) ကျွန်တော်တို့ လက်ခုပ်ဩဘာတီးကြ၊ အော်ကြတဲ့ ကျောင်းသားတချို့ဟာ ပွဲပြီးလို့ ဖျာလိပ်ကြရတော့မယ်ဆိုရင် ထွက်ပြေးတိမ်းရှောင်တတ်ကြသူတွေ ပါရှိမြဲပါ။
ကျွန်တော်တို့ အဖေ၊ ကျွန်တော်တို့ဦးလေး ဦးကြီးတွေက တောကျေးလက်က သူကြီးသားတွေ ဖြစ်လို့ မြို့တက် ကျောင်းနေခွင့်ရခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော့်အဖေက မြင်းခြံ အေဘီအမ် (အမေရိကန် သာသနာပြုကျောင်း) နေစဉ် သတ္တမတန်းအောင်ပြီးနောက် သခင် နိုင်ငံရေးသမားတွေနဲ့ ပေါင်းမိသွားရာက သခင်ပေါက်စ ဖြစ်လာပြီး ကျွန်ပညာမသင်ချင်ဘူးလို့ ကြွေးကြော်ရင်း ကျောင်းထွက်၊ တောင်သူယာသမား လုပ်နေသူပါ။ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်တော့ ကျောင်းပိတ်လို့ အိမ်ပြန်လာရင် ယာထွန်၊ လှည်းမောင်း၊ ပေါင်းနုတ်၊ မြက်ထိုး စတဲ့အလုပ်တွေ ခိုင်းလေ့ရှိပါတယ်။ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်း တို့၊ ဆရာကြီးမဟာဆွေ တို့နဲ့ တက်ထောင်မောင်းနင်း စာတွေနဲ့ ကြီးပြင်းလာသူပါ။ နောက်တော့ ဗန်းမော်တင်အောင် တို့ စာတွေကို ဆက်ဖတ်လာသူပါ။ ကျွန်တော် ကျောင်းပိတ်လို့ ရွာပြန်လာရင် (အိမ်ခြံဝင်းထဲမှာ ရေတွင်း ရှိပါလျက်နဲ့) ကျွန်တော့်ကို ရွာထိပ်က ရေတွင်းကို သွားပြီး ရေထမ်းခိုင်းသေးတယ်။ ကျွန်တော့်ထက် သန်စွမ်းတဲ့ ကျွန်တော့်နှမက တခါတလေ ကူညီပြီး ရေထမ်းတာ တွေ့သွားလို့ ကျွန်တော် ရေထမ်းတဲ့နောက်ကနေ အဖေက ကြိမ်လုံးကိုင် လိုက်တတ်တာလည်း ရှိပါတယ်။ ဆိုချင်တာက ဆရာကြီး ဦးဖိုးသင်းရဲ့စာတွေ ဖတ်ထားတဲ့ ကျွန်တော့်အဖေကလည်း ‘ဘီအေ ရေထမ်းလို့ ကမ်းပါးမပြိုပါဘူး’ ဆိုတဲ့ ဝါဒရှိသူ ဖြစ်ကြောင်းပါ။
ခုတလောမှာ တက္ကသိုလ်ရာပြည့်ပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေပုံတွေကို နေ့စဉ်မပြတ် ကြားနာဖတ်ရှုနေရပါ တယ်။ တက္ကသိုလ်ထဲမှာ ကျောင်းသား ကျောင်းသူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကကြ ခုန်ကြ၊ သီဆိုနေကြပုံတွေကို မြင်ယောင်မိပါတယ်။ ကျွန်တော်တို့ကတော့ ‘ရာပြည့်ပွဲလည်း မမီ၊ ထီးတင်ပွဲလည်း မမီ’ ဆိုတာမျိုး ကြုံနေရပါတယ်။ သူတို့ရဲ့ အပျော်တွေကတော့ ကျွန်တော်တို့ကို ထင်ဟပ်ပါတယ်။ ဒါပေမဲ့ သူတို့ခမျာလည်း ကိုဗစ်ရဲ့ အဖြိုအပစ်တွေကို ခံနေရှာပါတယ်။ ပျော်သာ ပျော်ရတယ်။ မျက်နှာမဖော်ဝံ့တဲ့ကာလ မဟုတ်လား။
ကျွန်တော်ဟာ မတော်တဆ၊ စစ်ပြေးဘဝနဲ့ ပြည်ပရောက်နေခဲ့သူပါ။ သားသမီးတချို့က ပြည်ပမှာ အခြေကျနေကြလို့ ကျွန်တော်ပါ မပြန်နိုင်သေးဘဲရှိပေမဲ့ နှစ်စဉ် တခေါက်တော့ ပြန်ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် ပထမ၊ ဒုတိယအခေါက်တွေတုန်းကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အိမ်နဲ့ ဆရာကြီး မင်းသုဝဏ်တို့ အိမ်တွေကို အပြေးအလွှား သွားလေ့ရှိပါတယ်။
ဆရာကြီးများ အိမ်တွေကို အမှတ်တရမထားဘဲ ဖျက်ပြီး ကန်ထရိုက်တိုက်တွေ ဆောက်ကုန်ကြတော့ ကျွန်တော့်မှာ အလွမ်းပြေ သွားစရာမရှိတော့ပါ။ ဒါကြောင့် တက္ကသိုလ်ကျောင်းကိုပဲ သွားလေ့ရှိပါတယ်။ အထူးလွမ်းမိတာက သမဂ္ဂအဆောက်အဦပါ။
ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ မအုန်း၊ မအမာ တို့ကို မွေးထုတ်ပေးခဲ့တဲ့ သမဂ္ဂပါ။ ခုတော့ မရှိတော့ပါ။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ အောက်ထပ်ဝဲဘက်က ဆရာဇော်ဂျီ ရုံးထိုင်ခဲ့တဲ့အခန်းကိုပဲ သွားရောက်ဂါရဝပြုခဲ့ရပါတယ်။ တခေါက်မှာတော့ စာကြည့်တိုက်ကို သံယောဇဉ်ကြီးလှတဲ့ အလုပ်သမားကြီး (ဆရာဇော်ဂျီရဲ့ အပါးတော်မြဲ မင်းစေ) ဦးလေးသောင်းက စာကြည့်တိုက်အပေါက်ဝက ဆီးကြိုပြီး ဆရာဇော်ဂျီရဲ့ ရုံးခန်းဟောင်းကို လိုက်ပြပါတယ်။ အခြေမပျက် ထိန်းသိမ်းထားကြတဲ့ စာကြည့်တိုက်မှူးများ ကို ကျေးဇူးတင်ရင်း မျက်ရည်ဝဲခဲ့ရပါတယ်။ သစ်ပုတ်ပင်ကြီးရှေ့နဲ့ စာကြည့်တိုက်ရှေ့မှာတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ပါရဲ့။
အပြန်တော့ အဓိပတိလမ်းမကြီးအတိုင်း ပြန်လာရာမှာ တောင်ငူဆောင် မြန်မာစာဌာနထိ မဝင်ခင် လမ်းပေါ်ကနေ ဝဲဘက်ကို ရပ်ကြည့်ပြီး သမဂ္ဂနေရာဟောင်းကို စိတ်ထဲက လွမ်း၊ ဂါရဝတွေ ဝေနေမိပါတယ်။ မြက်ခင်းကြီးတော့ ဖြစ်လို့၊ တချို့သစ်ပင်ပျိုလေးတွေက ဝါးတရိုက်လောက်တောင် မြင့်နေပြီလား မသိ။ ဒါတွေကို ဘာဖြစ်လို့ မရှင်းပါလိမ့်၊ ဘာဖြစ်လို့ တကသ အဆောက်အဦကြီးကို တက္ကသိုလ်အာဏာပိုင်တွေက ပြန်မဆောက်ကြပါလိမ့်။ ဆန္ဒပြတဲ့အနေနဲ့ ကျောင်းသားတွေက ဝင်ပြီး မြက်ထိုး၊ မြက်ခုတ် မလုပ်ချင်ကြဘူးလား။ စိတ်ကူးမရကြဘူးလား။ တက္ကသိုလ်ကျောင်းသားတွေ မြက်ထိုးတော့ မိုးကြိုးပစ်မှာ စိုးရော့သလား။ ဆရာကြီးဦးဖိုးသင်းကို သတိရလိုက်မိပါရဲ့။
ဒီစာကို ဝင်ဖတ်တဲ့ မိတ်ဆွေတဦးကတော့ မြက်တောကြီးကို မီးရှို့လိုက်ပါ… တဲ့။
မောင်စွမ်းရည်
နိုဝင်ဘာ ၂၀၂၀