Breaking News

နေသွင်ညိဏ်း - သမ္မတ ဘယ်သူဖြစ်မလဲ သိခွင့်မရတဲ့အဓိပ္ပာယ်

သမ္မတ ဘယ်သူဖြစ်မလဲ သိခွင့်မရတဲ့အဓိပ္ပာယ်
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၀

မြန်မာပြည်မှာ မဲဆန္ဒရှင်တွေက သနားစရာ ကောင်းပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပေမယ့် သမ္မတ ဘယ်သူဖြစ်မလဲ၊ ဒုတိယ သမ္မတ ဘယ်သူဖြစ်လဲ။ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်တွေ ဘယ်သူဖြစ်မလဲဆိုတာ သိခွင့်မရကြရှာပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ ဘယ်လောက်အထိ လွဲချော်နေသလဲဆိုတာ ဒါက သက်သေပါပဲ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီက မဲဆန္ဒရှင်ပြည်သူတွေကို လှောင်ပြောင်နေတာပါ။
ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အနိုင်ရပါတီရဲ့ အကြီးအကဲဟာ ဝန်ကြီးချုပ်လုပ်လေ့ ရှိပါတယ်။ အိန္ဒိယ ပုံစံမှာတော့ သမ္မတကို ပြည်ထောင်စု လွှတ်တော်ကြီးနဲ့ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေအမတ်တွေက ရွေးချယ်ပါတယ်။ အိန္ဒိယ သမ္မတဟာ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအကြီးအကဲက ဝန်ကြီးချုပ်ဖြစ်ပါတယ်။ သတိထားရမယ့် ကိစ္စက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာပြည်ရဲ့ သမ္မတဟာ အိန္ဒိယသမ္မတနဲ့ မတူပါဘူး။ မြန်မာပြည်မှာ ပါလီမန်ခေတ်က သမ္မတမျိုးလည်း မဟုတ်ပါဘူး။ အမေရိကန် သမ္မတလိုပဲ နိုင်ငံတော် အကြီးအကဲလည်းဖြစ် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ မကြာခဏ နှိုင်းယှဉ်လေ့ရှိတဲ့ အင်ဒိုနီးရှားပုံစံမှာတော့ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့ စနစ် ပြောင်းလဲထားပြီး ဖြစ်ပါတယ်။ လက်ရှိ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဆိုရင် အင်ဒိုနီးရှား လွတ်လပ်ရေး ခေါင်းဆောင် ဆူကာနိုရဲ့သမီး ဖြစ်တဲ့ မေဃာဝတီရဲ့ ပါတီကတင်တဲ့ သမ္မတလောင်း ဖြစ်ပါတယ်။ ပါတီက ဂျိုကိုဝီကို ရွေးခဲ့တယ်ဆိုပေမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေဆီက လုံလောက်တဲ့ ထောက်ခံမဲမရရင် သမ္မတ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် မရွေးချယ်ခင်မှာ ပါတီက လူထုသဘောထား စစ်တမ်းတွေ၊ အကြံပေးအဖွဲ့နဲ့ စနစ်တကျ စိစစ်ဆုံးဖြတ်ခဲ့ရပါတယ်။

မြန်မာပြည်မှာ သမ္မတတွေကို ဘယ်လိုရွေးချယ်နေသလဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တစ်ခဲနက်အနိုင်ရခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၅၉ (စ) ကြောင့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့်မရှိပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်တဲ့သမ္မတနှစ်ယောက် ပေါ်လာရပါတယ်။ ပထမဆုံး ရွေးချယ်တဲ့ သမ္မတက ဦးထင်ကျော်ဖြစ်ခဲ့ပြီး၊ ဒုတိယရွေးချယ်တဲ့ သမ္မတဟာ ဦးဝင်းမြင့် ဖြစ်လာပါတယ်။ ရှိတ်စပီးယားရဲ့ စကားအလင်္ကာအတိုင်းပြောရရင် တခြားအမည်နဲ့ နှင်းဆီဟာ နိုင်ငံ တော် အတိုင်ပင်ခံဆိုတဲ့ ရာထူး ဖြစ်လာပါတယ်။  

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အထွဋ်အထိပ် သမ္မတဖြစ်ပေမယ့် နိုင်ငံတော်၏အတိုင်ပင်ခံလောက် အာဏာမရှိတာကတော့ ထင်သာမြင်သာ ရှိပါတယ်။ အကောင်းဘက်ကကြည့်ရင် ဖွဲ့စည်းပုံက ဘယ်လိုပဲကန့်သတ်ထားပေမယ့် ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ အနိုင်ရပါတီရဲ့ ခေါင်းဆောင်က နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရသွားတယ်လို့ ဆိုနိုင်ပါမယ်။ 

ဒါပေမယ့် မြန်မာပြည်ရဲ့အမြင့်ဆုံးအာဏာပိုင် ပုဂ္ဂိုလ်ကြီးကိုရွေးချယ်တဲ့လုပ်ငန်းစဉ်မှာ အကြီးအကျယ်မှား ယွင်းနေတုန်းပါပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံသူတချို့က မြန်မာပြည်မှာ သမ္မတ ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို အမေရိကန်သမ္မတရွေးချယ်တဲ့ လုပ်ငန်းစဉ်နဲ့ နှိုင်းယှဉ်ပြောလေ့ ရှိပါတယ်။ အမေရိကန်မှာလည်း သမ္မတကိုတိုက်ရိုက်ရွေးချယ်တာမျိုးမဟုတ်ဘဲ၊ ပြည်နယ်တွေအလိုက် မဲဆန္ဒရှင်တွေက ရွေးချယ်စေ လွှတ်ထားတဲ့ သမ္မတရွေးချယ် ရေးကိုယ်စားလှယ်တွေက ရွေးချယ်တာမှန်ပါတယ်။  ဒါပေမဲ့ မြန်မာပြည်မှာ သမ္မတရွေးချယ်ပုံနဲ့ လုံးလုံးမတူပါဘူးဆိုတာကတော့ သေချာပေါက်ပြောနိုင်ပါတယ်။

အထင်ရှားဆုံး အချက်တစ်ခုကတော့ အမေရိကန် သမ္မတလောင်းတွေကို မဲဆန္ဒရှင် ပြည်သူတွေက အနည်းဆုံး တစ်နှစ်လောက် ကြိုသိကြပါတယ်။ အမေရိကန် စနစ်အရ အစပိုင်းမှာ အဓိကပါတီကြီးနှစ်ခုရဲ့ သမ္မတလောင်းတွေ ဒါဇင်နဲ့ချီပြီးလည်း ထွက်ပေါ်လာနိုင်ပါတယ်။ ပြည်နယ်အလိုက် အောက်ခြေအဆင့် ပါတီညီလာခံတွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရပါတယ်။ နောက်ဆုံးမှာ ပါတီတစ်ခုစီက တစ်ယောက်စီပဲကျန်ပြီး အိမ်ဖြူတော်မှာ သမ္မတနေရာရဖို့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရပါတယ်။ 

ပြိုင်ဘက် ပါတီက ရွေးချယ်မယ့် သမ္မတလောင်းကို ယှဉ်နှိုင်လောက်တဲ့ သမ္မတလောင်းကို ပါတီကြီးနှစ်ပါတီက ရွေးချယ်ကြပါတယ်။ ဒီမှာလည်း ရွေးကောက်ပွဲအကြို လူထုစစ်တမ်း သဘောထားတွေက အရေးကြီးပါတယ်။ ဒုတိယသမ္မတလောင်းကို ပါတီတွေက ရွေးတာရှိသလို၊ သမ္မတလောင်းက သူ့စိတ်ကြိုက်ရွေးတဲ့အခါလည်း ရှိပါတယ်။  ရွေးကောက်ပွဲအကြိုကာလမှာ အငြင်းပွားဖွယ်ရာ သမ္မတလောင်းတွေ ထွက်ပေါ်လာလေ့ ရှိပေမယ့် နောက်ဆုံးကျတော့ ပြည်သူတွေရဲ့ ရွေးချယ်မှုပါပဲ။ တကယ်မဲပေးတဲ့နေ့မှာ ကိုယ်မကြိုက်တဲ့ သမ္မတလောင်းကို၊ မဲပေးမယ်လို့ ကတိပြုထားတဲ့ ကိုယ်စားလှယ်ကို မဲမပေးဘဲရုံပါပဲ။ 

မြန်မာပြည်ကျတော့ အင်ဒိုနီးရှား ပုံစံ တိုက်ရိုက်မဟုတ်ပေမယ့် လွှတ်တော်က ရွေးချယ်တာဖြစ်လို့ အမေရိကန်ပုံစံ (Electoral College) စနစ်နဲ့ တူတယ်လို့ လိုရာဆွဲပြောနေသူတွေ ရှိပါတယ်။ တကယ်တမ်းကျတော့ မြန်မာပြည်မှာ သနားစရာကောင်းတဲ့ မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲ အကြိုကာလမပြောနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အထိတောင် သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်လာမယ့် ပုဂ္ဂိုလ်တွေကို အရိပ်အမြွက်တောင် သိခွင့်မရကြပါဘူး။ ဒါက ၅၉-စ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီက ရွေးကောက်ပွဲ မဝင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတုန်းကလည်း သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ မသိခဲ့ကြပါဘူး။

 ဖွဲ့စည်းပုံအရ ဖြစ်နေတဲ့ ကိစ္စမို့လို့ ဖွဲ့စည်းပုံကို မပြင်ရင် နောင်မှာလည်း ဆက်ဖြစ်နေပါလိမ့်မယ်။ လက်ရှိ အစိုးရအဖွဲ့က သမ္မတနဲ့ ဒုတိယသမ္မတ တစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က တင်ထားတာ ဖြစ်ပြီး၊ နောက်ထပ် ဒုတိယသမ္မတတယောက်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတာ ဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောလဲဆိုရင် အန်အယ်လ်ဒီက တင်တဲ့ ဒုတိယသမ္မတ၂ ယောက်ကို ပြည်သူတွေ သို့မဟုတ် အမတ်တွေက ရွေးချယ်တာမဟုတ်သလို၊ တပ်မတော်ကတင်တဲ့ သမ္မတလောင်းကိုလည်း အောက်ခြေ တပ်မတော်သားတွေ၊ ဒါမှမဟုတ် တပ်မတော်သားကိုယ်စားလှယ်တွေက ဆန္ဒပြုတာ မဟုတ်ပါဘူး။ မဲပေးရမယ့် အန်အယ်ဒီအမတ်တွေ ဖြစ်ဖြစ်၊ တပ်မတော်သားအမတ်တွေ ဖြစ်ဖြစ် မဲပေးခါနီးကျမှ သိခွင့်ကြတာ အတူတူပါပဲ။
 
မှန်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ရင် ပြည်သူတွေက ဒေါ်အောင်ဆန်းကြည်က ကောင်းသလို စီစဉ်တာကို လက်ခံနိုင်လို့ဆိုတာ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို ခေါင်းဆောင်မှာ ဖြစ်လို့ ဘယ်သူပဲ သမ္မတ ဖြစ်ဖြစ် အရေးမကြီးဘူးဆိုတဲ့ သဘောပါ။ ဒါကြောင့် ယခုတကြိမ်မှာလည်း ၅၉-စကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည်က သူ့စိတ်ကြိုက် သမ္မတကို ရွေးချယ်ပါလိမ့်မယ်။  ဦးဝင်းမြင်လို့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်နိုင်သလို၊ ဦးထင်ကျော်လို ရွေးကောက်ပွဲ မဝင်ခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်နိုင်ပါသေးတယ်။ 

မေးခွန်းက ဒီလိုပါ။ နိုင်ငံတော်သမ္မတလုပ်မယ့် အကြီးအကဲတစ်ယောက်ကို အခုလိုပဲ လူတစ်ယောက်က ခေါင်းခေါက် ရွေးချယ်နေတာ ဒီမိုကရေစီဟုတ်ပါသလား။ ၂၀၁၅ နဲ့ ၂၀၂၀ မှာ အန်အယ်ဒီကအနိုင်ရပြီး၊ ပြည်သူ လူထုက ထောက်ခံတဲ့ဒေါ်အောင်ဆန်းစုကြည်က သမ္မတကိုရွေးချယ်နေတာကြောင့် လူတွေက ကျေနပ်နေတာပါ။ နောင်မှာ ဘယ်ပါတီမှ အန်အယ်ဒီနိုင်သလိုမျိုးအနိုင်မရခဲ့ရင် ဘယ်လိုဖြစ်မလဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်တဲ့ ဒုတိယသမ္မတကလည်း နိုင်ငံတော်သမ္မတ ဖြစ်လာနိုင်တာပါပဲ။ ဒီလို ဆိုရင် ဒီမိုကရေစီနဲ့ အတော်ကြီး လွဲချော်သွားပါလိမ့်မယ်။ 

နိဂုံးချုပ်ရရင် သမ္မတရွေးချယ်တဲ့ လုပ်ငန်းစဉ် မစမချင်းတော့ နောက်တက်မယ့် သမ္မတဟာ ဘယ်သူ ဘယ်ဝါဆိုတာ ပြည်သူတွေ မသိနိုင်ပါဘူး။ သိတဲ့အခါလည်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လက်ခံရုံကလွဲလို့ တခြား ဘာမှ လုပ်စရာမရှိပါဘူး။ ဒီလိုနည်းနဲ့ တက်လာတဲ့ သမ္မတကပဲ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ခန့်အပ်ပါလိမ့်မယ်။ နိုင်ငံရဲ့ အထွဋ်အထိပ် သမ္မတဆိုတာ မဲမပေးခင် ဘယ်သူဘယ်ဝါမှန်း မသိရဘဲ၊  ရွေး ကောက်ပွဲပြီးတော့မှ ဘွားကနဲ့ ပေါ်လာတဲ့ စနစ်မျိုးဟာ တချိန်ချိန်မှာ ပြည်သူလူထုဆန္ဒကို လုံးဝဆန့်ကျင်သွားဖို့ လမ်းဖွင့်ပေးထားသလိုမျိုး ဖြစ်နေတယ်ဆိုတာ သိစေချင်ပါတယ်။ 

နေသွင်ညိဏ်း
ဒီဇင်ဘာ ၁၅၊ ၂၀၂၀
_ https://www.facebook.com/nethwin.nyein/posts/1198805727203180 မှ ယူပါသည်။