နေစိမ့် - လှပသော ကျိန်စာ
လှပသော ကျိန်စာ
နေစိမ့်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၀
တမလွန်က
အနုပညာ ကျိန်စာသင့်ခဲ့သူများအထိမ်းအမှတ်
ညစာစားပွဲမှာ
ငါဟာ ဖိတ်ကြားခံရသူ။
စစ်နဲ့ငြိမ်းချမ်းရေးဇာတ်ကြောင်းပြောကြတော့
လီယိုတော်စတွိုင်းလ် ပါလာတယ်။
ရန်သူကိုလက်ဆွဲနှုတ်ဆက်ပြီး
သူတို့ရေးသားထားသော ကဗျာ
သံပြိုင် ရွတ်ဆိုကြလို့။
ရိုတွန်ကဖေးတွေမှာ
ပြီးခဲ့သော ဇာတ်လမ်း အကျဉ်းရုံး
စွန့်စွန့်စားစား ဆေးရောင်ခြယ်ကြတယ်။
နေ့တွေထဲ
ပြိုင်တူ အသက်ရှူကျပ်ကြပုံကအစ
ခဲခြစ်ကောက်ကြောင်းပဲ
ဘယ်အချိန်မှာ ဘယ်လိုရယ်မောရမလဲဆိုတာ
အတည်ပြုကြတယ်။
လမ်းခွဲလိုက်ကြတော့
မနက်ဖြန်ရောက်ရင်
ကောင်းကင်ဘုံမှာဖြစ်ဖြစ် ငရဲဘုံမှာ ဖြစ်ဖြစ်
ပြန်ဆုံချင် ဆုံကြဦးမယ် ဆိုပြီး ...။ ။