စမ်းစမ်းတင် - Johns Hopkins၊ ယောမင်းကြီးဦးဘိုးလှိုင်နဲ့ ပြောင်းလို့မရတဲ့ သမိုင်း
စမ်းစမ်းတင် - Johns Hopkins၊ ယောမင်းကြီးဦးဘိုးလှိုင်နဲ့ ပြောင်းလို့မရတဲ့ သမိုင်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၀
Covid-19 ကပ်ရောဂါဖြစ်လာတော့ ကူးစက်စာရင်း သေဆုံးစာရင်းတွေကို အမေရိကန်က Johns Hopkins တက္ကသိုလ်နဲ့ နိုင်ငံတကာသုတေသီတွေ၊ ကုမ္ပဏီတွေ၊ စေတနာ့ဝန်ထမ်းတွေ အချိ်န်နဲ့ တပြေးညီ ပြုစုတဲ့ WorldOMeter စာရင်းကိုကြည့်နိုင်၊ သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေ ကိုကားကြတာကတော့ Johns Hopkins က စာရင်း၊
WorldOMeter ဟာ စာရင်းအင်းဇောင်းပေးပြီး သူ့ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကိန်းဂဏန်းတွေက Johns Hopkins ထက်များလေ့ရှိတာလည်း သတိထားမိ၊
ဒီနေရာမှာ ကိုရိုနာဗိုင်းရပ်စ် စာရင်းတွေကိုမပြောလို၊ ကမ္ဘာကျော် Johns Hopkins တက္ကသိုလ် တည်ထောင်တဲ့ ပုဂ္ဂိုလ်သမိုင်းကြောင်း တူးဆွထားတာကိုပဲ ပြန်ဖောက်သည်ချချင်၊ လူအတော်များများ အရင်က မသိသေးတဲ့ ဇာတ်လမ်းပေါ့၊
Johns Hopkins အတွင်းရေးပြောရရင် ကျွန်ရှိတဲ့လူတဲ့။ အမေရိကားမှာ ကျွန် ဆိုတာနဲ့ လူမည်းကျွန်ကို တန်းမြင်သကို၊
ဖြစ်ချင်တော့ အမေရိကားမှာ ကပ်ရောဂါကြားမှာပဲ လူမည်းအရေးလှုပ်ရှားမှုက အရှိန်အဟုန် တက်နေချိန်၊ ၄၆ မြောက်သမ္မတအဖြစ်အရွေးခံရတဲ့ ဂျိုးဘိုင်ဒင်က ဒု-သမ္မတအဖြစ် အာဖရိကန်-အာရှ နွယ်ဖွားအမျိုးသမီးရွေးရတဲ့ထဲ ဒါလည်း တကြောင်းဖြစ်လေမလားလို့ ဆက်စပ်တွေးသူကတွေး၊ နောက်…တွေးကြတာက- ၂၀၁၆ မှာ သမ္မတဖြစ်ဖို့ရည်မှန်းထားတဲ့ ဟေလရီကလင်တန် အရေးနိမ့်သွားချိန်ကစလို့ #MeToo- ကျမလည်းပဲ အမျိုးသမီးလှုပ်ရှားမှု အရှိန်ကြောင့်လည်း ဖြစ်နိုုင်တယ်ပေါ့၊
#MeToo နဲ့တော့ Johns Hopkins မဆိုင်၊ လူမည်းနဲ့တော့ဆိုင်၊
Maryland ပြည်နယ် ဘော်တီမိုးမြို့မှာ Johns Hopkins ဆေးရုံနဲ့ တက္ကသိုလ်ထူထောင်တဲ့ ၁၉ ရာစု သူဌေးဟာ ကျွန်စနစ်ဖျက်သိမ်းသူလို့ ထင်ခဲ့ပေမဲ့ မှတ်တမ်းတွေပြန်လှန်တဲ့အခါ သူ့မှာ ကျွန်တွေရှိပါသတဲ့။
ပုတ်သင်ဥပေါ်လာတာကို ပြောပြတာကလည်း သူ့တက္ကသိုလ်ကပါပဲ။
ပြည်တွင်းစစ်မတိုင်ခင် ကျွန်လေးယောက်ထက်မနည်းရှိတယ်ဆိုပဲ၊ ၁၈၄၀ ပြည့်နှစ်မှာ ကျွန် တယောက်ရှိပြီး ၁၈၅၀ပြည့်နှစ်မှာ ကျွန်လေးယောက်၊ စုစုပေါင်း ကျွန် ငါးယောက်ပိုင်ဆိုင် တယ်တဲ့။
သန်းခေါင်စာရင်းတွေပြန်လှန်ရင်းတွေ့တာ၊ Johns Hopkins ဟာ ကုန်သည်၊ ရထားလမ်း ဖောက်လုပ်ရေးမှာ ငွေရင်းမြှုပ်နှံသူ၊ အလှူအတန်းရက်ရောသူ၊ ပရဟိတသမား၊
ရာပြည့်တိုင်သွားတဲ့ ရန်ကုန်တက္ကသိုလ်ထူထောင်တာက ၁၉၂၀ ပြည့်နှစ်၊ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ နောင်တော်၊ ၁၈၇၆ နှစ်မှာ တည်ထောင်၊ ဆေးရုံကတော့ ၁၈၈၉ မှာ တည်ထောင်၊
Johns Hopkins နေထိုင်တဲ့ Maryland ပြည်နယ်က ကျွန် ထားခွင့်ရှိတဲ့ ပြည်နယ်လည်းဖြစ်နေပြန်၊
သူ့နံမည်နဲ့ ဆေးရုံမတည်ထောင်ခင် ၁၈၇၃ မှာ ကွယ်လွန်သွားချိန်မှာ ထားခဲ့တဲ့ သူ့သေတမ်းစာမှာ ဆေးရုံ၊ ကောလိပ်၊ မိဘမဲ့ကျောင်းနဲ့ တက္ကသိုလ်တည်ထောင်ဖို့ ဒေါ်လာ ၇ သန်း လျာထားတာပါပါတယ်။
အဲဒိ အချိန် အဲဒိကာလ အမေရိကန်သမိုင်းမှာ အများဆုံးပုံအောထားခဲ့တဲ့ အလှူပါပဲတဲ့၊
တက္ကသိုလ်သမိုင်းကို ၂၀၁၃ ကတည်းက သုတေသနလုပ်နေတာ ခုမှ အထုပ်ဖြည်လိုက်တာ Black Lives Matter လူမည်းအရေးလှုပ်ရှားမှုကြောင့်လား တွေးစရာ၊
Johns Hopkins ကျွန်ပိုင်ရှင် ဖြစ်ခဲ့တာကို တက္ကသိုလ်အကြီးအကဲ သုံးယောက်က ၂၀၂၀ ဒီဇင်ဘာ ၉ ရက်မှာ လူသိရှင်ကြား ကြေညာတာရယ်။ အကြီးအကဲထဲက တဦးဖြစ်တဲ့ Johns Hopkins တက္ကသိုလ်ဥက္ကဌ J. Daniels ဟာ ၂၀ဝ၉ ကတည်းက တာဝန်ထမ်းဆောင်လာသူ၊ ကျွန်ပိုင်တဲ့သူ တည်ထောင်ပြီး သူ့နံမည်အစွဲပြု တဲ့ တက္ကသိုလ်ကို နံမည်ပြောင်းလိုက်ဖို့တော့ မလိုလားပါဘူးလို့ Daniels ကပြောပါတယ်။
ဆိုင်ဆိုင်-မဆိုင်ဆိုင်- န-ဝ-တ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်မှုအဖွဲ့ လက်ထက်က စာတစောင် နဝေတိမ်တောင်ဖြစ်သွားတာ သတိရသေး၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းပေါ့၊
မျိုးချစ်သူများက အင်္ဂလိပ်နံမည်မှည့်ထားတာတွေကို မြန်မာနံမည်ပြောင်းတော့ York Road ယောက်လမ်းလည်း မြန်မာနံမည်ပြောင်းရရော၊ ဘတ်စ်ကားယာဉ်နောက်လိုက်တွေပြောပြောနေတဲ့ ယောက်လမ်းမှတ်တိုင်ပါ နံမည်ပြောင်းရကိန်း၊
စစချင်းပြောင်းလိုက်တာက ယောအတွင်းဝန်ဦးဘိုးလှိုင်လမ်းတဲ့၊ ( ဦးဘိုးလှိုင်က အကြွားအဝါမရှိတဲ့ ကုန်းဘောင်ခေတ်က ထင်ရှားတဲ့ ပညာရှိ ) လမ်းထိပ်မှာလည်း ဆိုင်းဘုတ်သစ်တွေ့ရပြီ။ မကြာခင် သတင်းကြားရတယ်။ မြန်မာအမည်ပြောင်း အဖွဲ့မှာ ယောအတွင်းဝန်ဦးဘိုးလှိုင်က အမှန်လား၊ ယောမင်းကြီးက အမှန်လားလို့ ငြင်းကြခုန်ကြရင်း ယောမင်းကြီး ဦးဘိုးလှိုင် ခဏဖြစ်သွားသေးလား သေသေချာချာမမှတ်မိ၊ မှတ်မိတာက ရှုပ်တယ်။ ဦးဘိုးလှိုင်လမ်းပဲ ထားကြစို့ အဖြေထွက်လို့ ယောက်လမ်းက ဦးဘိုးလှိုင်လမ်းဖြစ်သွားရပြန်ရော၊
အဲဒိမှာ စာတစောင် န-ဝ-တ နဝေတိမ်တောင် ဖြစ်ရတော့တာပါပဲ၊
အိမ်ကို စာတစောင်ရောက်လာတယ်။ တံဆိပ်တုံးတွေကြည့်ရတာ လူတွေ စွပ်စွဲသလို မဟုတ်ပါဘူး၊ လိပ်စာရှင်အမှန်ဆီရောက်အောင် စာတိုက်တွေ အထူးကြိုးစားထားတဲ့ သက်သေတွေက အထင်အရှား၊
တံဆိပ်တုံးတွေမှာ သမိုင်းစာတိုက် ( ကြုံတုန်း ပြောရရင် ကွယ်လွန်သူ စာရေးဆရာမကြီး ခင်ဆွေဦး သမိုင်းမှာ နေသွားတုန်းက သူ့လမ်းနံမည်က ဦးဘိုးလှိုင်လမ်း။) တောင်ဒဂုံလား-မြောက်ဒဂုံလား တဂုံ ဂုံက စာတိုက် တံဆိပ်တုံး၊ နောက်… ပါသေးတယ်.. ဘယ်မြို့နယ်စာတိုက်တံဆိပ်တုံးဆိုတာမမှတ်မိ၊
စာအိတ်မှာ နံမည်၊ အိမ်နံပါတ်နဲ့ ဦးဘိုးလှိုင်လမ်း၊ ရန်ကုန်မြို့ ဆိုတော့ ရန်ကုန်က ရှိတဲ့ ဦးဘိုးလှိုင်လမ်းတွေကိုစာအိတ်က ရောက်ရောက်သွားတာ မပျောက်မရှတဲ့ နောက်ဆုံး လိပ်စာရှင် အမှန်အကန်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ- စာတိုက်တံဆိပ်တုံးက ဖတ်လို့ ရသမျှ ရက်စွဲတွေကြည့်တော့ စာကလမ်းမှာတင် နှစ်လလောက် လူးလာခေါက်ခဲ့ရပုံ၊
ဒါမျိုးတွေကို မြန်မာအမည်ပြောင်းအဖွဲ့က သိသွားလို့ပဲလား၊ တခြား အကြောင်း ကြောင်းတွေကြောင့်လား မသိ၊ နောက်ဆုံးတော့ ယောမင်းကြီးလမ်းဖြစ်သွားလိုက်တာ ခုထိပါပဲ၊
နှောင်းလူတွေကတော့ စကော့ဈေးကို ဗိုလ်ချုပ်ဈေးလို့ပဲ သိတော့သလို ယောမင်းကြီးလမ်းကို ယောက်လမ်းလို့ ခေါ်ခဲ့တဲ့ သမိုင်းသိချင်မှသိမယ်။
ဆရာကြီး ဒေါက်တာသန်းထွန်းပြောတဲ့ သမိုင်းသင်တာ မအ အောင်ဆိုတာတွေလည်း သဘောပေါက်မယ်မထင်၊
တကယ်တော့ သမိုင်းဟာ သမိုင်းပါပဲ၊
အမေရိကန်ပြည်ထောင်စုမှာ လူမည်းလှုပ်ရှားမှုအရှိန်မြင့်လာချိန်မှာ တောင်ပိုင်းခွဲထွက်ရေး စစ်ဗိုလ်ချုပ်ရုပ်ထုတွေကို ဖယ်ရှားလိုက်ကြပေမဲ့ သမိုင်းက ပျောက်သွားမှာ မဟုတ်၊
သမိုင်းလိမ်တွေ သမိုင်းမှားတွေ သမိုင်းတလွဲတွေ ဘယ်လိုရှိရှိ- တနေ့တော့ ပေါ်လာမှာ အမှန်၊ နှစ်တွေ လတွေ ဆယ်စုနှစ် ရာစုနှစ်တွေချီ ကြာရင်ကြာ၊
ခုပဲ ကြည့် အမေရိကန်ပြည်ထောင်စုက အထင်ရှားဆုံး တက္ကသိုလ်တခုထူထောင်သူရဲ့ သမိုင်းမှန်ကူကွက် တကွက် မလှမပနဲ့ ပေါ်လာပြီ။
Maryland ဘော်တီမိုးမှာ၊ ဝါရှင်တန်ဒီစီမှာ၊ Maryland ပြည်နယ် Montgomery County မှာ Johns Hopkins တက္ကသိုလ်ပုရဝဏ်တွေနဲ့ သူ့နံမည်အစွဲပြုတဲ့ တက္ကသိုလ်၊ ဆေးရုံစတာတွေကို နံမည် ပြောင်းပြောင်း-မပြောင်းပြောင်း၊ သမိုင်းကတော့မပြောင်း။
စမ်းစမ်းတင်
ဒီဇင်ဘာ ၁၀ ရက် ၂၀၂၀
ဝါရှင်တန်ဒီစီ
Reference:
- Johns Hopkins University thought its namesake was an abolitionist, but records show he owned enslaved people, CNN December 9, 2020
- Johns Hopkins revelation: Founder was an enslaver, December 10, 2020