Breaking News

နေသွင်ညိဏ်း - အာဏာနှင့် အသပြာ


အာဏာနှင့် အသပြာ 
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၀

၁၉၄၉ ခုနှစ်တွင် မော်စီတုန်းခေါင်းဆောင်သောကွန်မြူနစ်ပါတီက ချန်ကေရှိတ်၏အမျိုးသားရေးဝါဒီအုပ်စုကို အနိုင်ရလိုက်သည်။ ထိုနောက် အောက်တိုဘာလ (၁) ရက်နေ့တွင် တရုတ်ပြည်သူ သမ္မတနိုင်ငံအဖြစ် ကြေညာ သည်။ ၁၉၄၉ ခုနှစ်မှစ၍ မော်ဖန်တီးခဲ့သော နိုင်ငံရေးနှင့် စီးပွားရေးပုံစံမှာ လူနည်းစုက လူများစုအပေါ် အမြတ်ထုတ်သောပုံစံ (Extractive Institution) ဖြစ်ခဲ့သည်။ 

ထိုအချိန်မှ စ၍ ယခုအချိန်အထိ တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီမှလွဲ၍ တခြားမည်သည့်ပါတီကိုမျှ ရှင်သန်ခွင့်မပေးခဲ့ပေ။ မော်ကွယ်လွန်ချိန် (၁၉၇၆) ခုနှစ်အထိ ကွန်မြူနစ်ပါတီနှင့် အစိုးရကို သူတဦးတည်းက စိတ် ကြိုက်ကြိုးကိုင်ခဲ့သည်။ ထိုကဲ့သို့ တဦးတည်း အာဏာရှင်စနစ်ကြောင့် လူနည်းစုက ခြယ်လှယ်သော နိုင်ငံရေးစနစ် (Extractive Political Institution)၊ လူနည်းစုကခြယ်လှယ်သော စီးပွားရေးစနစ် (Extractive Economic Institution) နှင့်သာ စခန်းသွားခဲ့ရသည်။

မော်လက်ထက် မြေယာအားလုံးမှာ နိုင်ငံပိုင်ဖြစ်သည်။ ပုဂလိက ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်အားလုံး၊ စျေးကွက်အခြေခံ စီးပွားရေးစနစ်အားလုံးကို ဖျက်သိမ်းခဲ့သည်။ ကျေးလက်နေ ပြည်သူများကို အများပိုင်လယ်ယာမြေများတွင် အလုပ်စေခဲ့သည်။ ဆိုဗီယက်မှ စီးပွားရေးပုံစံကို အတုယူထားသော ငါးနှစ်စီမံကိန်း အချိန်တိုအတွင်း အောင်မြင်ရန်ဆို၍ စက်ရုံအလုပ်ရုံများ အားလုံးကိုလည်း ပြည်သူပိုင် လုပ်ပစ်ခဲ့သည်။ ဆန်စပါးနှင့် သီးနှံမျိုးစုံရောင်းဝယ်မှုမှန် သမျှကိုလည်း ကွန်မြူနစ်ပါတီကသာ လက်ဝါးကြီးအုပ်ခဲ့သည်။

မော်၏ စက်မှုနိုင်ငံထူထောင်ရေးကြိုးပမ်းချက်မှာ သမိုင်းတွင် နာမည်ဆိုးတွင်ရစ်မည့် မဟာခုန်ပျံကျော်လွှားသည့်ခေတ် (Great Leap Forward)ဖြစ်ခဲ့သည်။ ဥက္ကဋ္ဌကြီးမော်က တနှစ်အတွင်းမှာ တရုတ်ပြည်၏ သံမဏိထုတ်လုပ်မှုကို နှစ်ဆတိုးရမည်၊ ဆယ့်ငါးနှစ်အတွင်းမှာ အင်္ဂလန်ကို မီရမည်ဟု မျှော်မှန်းချက်ထားခဲ့သည်။ ထိုရည်မှန်းချက်မှာ လက်တွေ့နှင့် အလှမ်းကွာလွန်းလှသည်။ 

နောက်ဆုံးမည်သို့မှ မဖြစ်နိုင်သည့်အဆုံးမှာ သံမဏိထုတ်လုပ်ရေး တိုးတက်ရေးရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရေးတခုတည်းအတွက် ကျေးလက်ပြည်သူများ၏ မီးဖိုချောင်သုံး အိုးခွက်အစ၊ လယ်သမားတို့၏ စိုက်ပျိုး ရေးကိရိယာအဆုံး သံထည်မှန်သမျှကို အရည်ကြိုရသည့်အခြေကို ဆိုက်ခဲ့ရသည်။ တရုတ်ပြည်တွင် တကယ်ဖြစ်ခဲ့ပါသည်။ အကျိုးဆက်အဖြစ် လယ်သမားများမှာ ဝမ်းစာအတွက်ပင် မထုတ်လုပ်နိုင်တော့ဘဲ အငတ်ဘေးဆိုက်ကုန်ကြသည်။ မဟာခုန်ပျံကျော်လွှားခေတ်မှာ အငတ်ဘေးကြောင့် သေဆုံးသူ သန်း ၂၀ မှ ၄၀ အတွင်း ရှိမည်ဟု ခန့်မှန်းကြသော်လည်း အတိအကျကို မည်သူမျှမသိနိုင်ကြပေ။ နိုင်ငံသားတဦးချင်း၏ ဝင်ငွေမှာ ၄ ပုံ ၁ ပုံအထိ ကျဆင်းသွားသည်။

ခုန်ပျံကျော်လွှားခေတ်၏ ခါးသီးသောအတွေ့အကြုံကြောင့် တရားရသွားသူမှာ ကွန်မြူနစ်ပါတီ၏အကြီးတန်း ခေါင်းဆောင်၊ မော်ဦးဆောင်သောကွန်မြူနစ်တော်လှန်ရေးကာလအတွင်း နာမည်ကျော် ဗိုလ်ချုပ်ကြီးတိန့်ရှောင်ပင် ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် သူပြောခဲ့သော ကြောင်ဖြူဖြူ၊ ကြောင်မည်းမည်း ကြွက်ခုတ်ဖို့က အဓိကဆိုသောအဆိုအမိန့်မှာ ကမ္ဘာကျော်ပါသည်။ မည်သည့်ဝါဒက ဆင်းသက်လာသည်ဖြစ်စေ၊ တိုင်းပြည်မှာ ထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်သူလူထု ဝမ်းဝရေးက ပိုအဓိကကျသည်ဟု ဆိုခဲ့သည်။ တိန်၏လက်တွေ့ဝါဒ အဟောကောင်းသောအကျိုးဆက်ကြောင့် မကြာခင်မှာပင် ဒုက္ခနှင့်ရင်ဆိုင်ခဲ့ရသည်။

၁၉၆၆ မေလတွင် ဥက္ကဋ္ဌကြီးမော်က တရုတ်ပြည်တော်လှန်ရေးမှာ ဘူဇွာ အန္တရာယ်ကျရောက်နေပြီ၊ အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းမည့် လူတစု၏ပေါ်ပေါက်နေပြီ၊ ထို့ကြောင့် မဟာပစ္စည်းမဲ့ လူတန်းစားတို့၏ ယဉ်ကျေးမှုတော်လှန်ရေးတရပ်ဆင်နွဲရမည်ဟု ကြေညာခဲ့သည်။ သို့နှင့် တရုတ်ပြည်သမိုင်းတွင် နောက်ထပ် နာမည်ဆိုးတွင်ရစ်မည့် ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်ခဲ့ပြန်သည်။

ယဉ်ကျေးမှုတော်လှန်ရေးတွင် အဆင့် ၁၆ ဆင့်ပါဝင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနယ်ပယ်တွင် ဘူဇွာစိတ်ပေါက်နေသော သြဇာရှိသောအလွှာမှ အရင်ရှင်းရမည်။ ဘူဇွာစိတ်ပေါက်နေသော ပညာတတ်အလွှာကို ရှင်းရမည်။ဆိုရှယ်လစ်ဝါဒနှင့် မလျှော်ညီသော ပညာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ လူမှုအသိုင်းအဝိုင်းက အရာတိုင်းကို ဆိုရှယ်လစ် ဇာတ်သွင်းရမည်။ မော်၏ ညွန်ကြားချက်အရ တက်ကြွသည့် တပ်နီလူငယ် သန်းချီပြီး အစိုးရဆန့်ကျင် သူမှန်သမျှကို ရှင်းလင်းသုတ်သင်ခဲ့သည်။တော်လှန်ရေး ကာလက မော်နှင့် တိုက်ဖော်တိုက်ဖက်များလည်း နှိမ့်ကွပ်ခံခဲ့ရသည်။ လူပေါင်းများစွာ အဖမ်းခံရသည်။ အသတ်ခံရ၊ နယ်နှင်ဒဏ်အပေးခံရသည်။

တိန်ရှောင်ပင်ကိုယ်တိုင်လည်း အရင်းရှင်လမ်းဖောက်သူ နံပါတ်နှစ်တရားခံအဖြစ် တံဆိပ်တပ်ခံရသည်။ ၁၉၆၇ ခုနှစ်မှာ ထောင်ချခံရ၊၁၉၆၉ ခုနှစ်တွင် နယ်နှင့်ဒဏ်ပေးခံရသည်။ ၁၉၇၄ ခုနှစ်ရောက်မှ ဝန်ကြီးချုပ် ချူအင်လိုင်က ဥက္ကဋ္ဌကြီးမော်ကို ဖျောင်းဖျနိုင်သဖြင့် တိန့်ရှောင်ပင်ကို ပြန်လည်နေရာပေးပြီး ဒုဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ တိန်၏ ပြုပြင်ပြောင်းလဲရေးအကြံအစည်မှာ ထိုစဉ်ကတည်းက စခဲ့သည်ဟုဆိုရမည်။ (၁၉၇၅) ခုနှစ်မှာ ပါတီတွင်းက လက်ဝဲသမားများကို ရှင်းထုတ်ရေး၊တိုင်းပြည်ပညာရေးကို အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုကဏ္ဍမှာ မက်လုံးဖော်ဆောင်ရေးစီမံကိန်းကို တိန်ကိုယ်တိုင် ကြီးကြပ်ရေးဆွဲထားပြီးဖြစ်သည်။

သို့သော် ကံကြမ္မာက တိန်နှင့်ပြုပြင်ပြောင်းလဲရေးသမားများကို မျက်နှာသာမပေးခဲ့ပြန်ပါ။ မော်၏ကျန်းမာရေး ယိုယွင်းလာသည့်အချိန်တွင် တိုင်းပြည်အာဏာမှာ မော်၏ဇနီးဦးဆောင်သည့် လက်ဝဲစွန်းဝါဒီ လေးဦးဂိုဏ်းဘက်ကို စုလာသည်။ လေးဦးဂိုဏ်းမှာ ယဉ်ကျေးမှုတော်လှန်ရေး၏ အမာခံဘက်တော်သားများဖြစ်ပြီး မော်ကွယ်လွန်လျှင် သူ့အရိုက်အရာကို ဆက်ခံ၊ သူ့လမ်းစဉ်လိုက်ချင်ခဲ့ကြသည်။ ၁၉၇၆ ဧပြီလ ၅ ရက်နေ့တွင် ချူအင်လိုင်းမွေးနေ့အခမ်းအနားနှင့် တိုက်ဆိုင်ပြီး အစိုးရဆန့်ကျင်သည့်ဆန္ဒပြပွဲမှာ တီအန်ယန်မင်ရင်ပြင်တွင် ပေါ် ပေါက်ခဲ့သည်။ 

ထိုအဖြစ်အပျက်ကို နောက်ကွယ်မှလှုံ့ဆော်သူမှာ တိန်ရှောင်ပင်ဟု လေးဦးဂိုဏ်းက စွပ်စွဲပြီး သူ့ကို ရာထူးမှ ချလိုက်ပြန်သည်။ သို့နှင့် လက်ဝဲသမားများကို ပါတီတွင်းမှဖယ်ရှားရေး တိန်၏အကြံအစည်မှာ ပျက်သွားရုံသာမက သူကိုယ်တိုင်လည်း လက်ဝဲသမားများက ရှင်းထုတ်ခြင်းကို ခံလိုက်ရသည်။ ချူအင်လိုင် ကွယ်လွန်သောအခါ မော်က ဟွာဂွာဖုန်းကို ချူအင်လိုင်နေရာတွင် ခန့်ခဲ့သည်၊ (လေးဦးဂိုဏ်းကို မခန့်ခဲ့သော ဥက္ကဋ္ဌမော်ကို ကျေးဇူးတင်ရမည်- စကားချပ်)

မော် ကွယ်လွန်သောအခါ တိုင်းပြည်တွင် အာဏာလေဟာနယ် သိသိသာသာဖြစ်လာသည်။ လေးဦးဂိုဏ်းနှင့် ကွန်မြူနစ်ပါတီတို့ အားပြိုင်လာသည်။ ဟွာဂွာဖုန်းကိုယ်တိုင်ကလည်း ခေါင်းဆောင်ကြီးမော် ချန်ထားခဲ့သည့်အမွေ ယဉ်ကျေးမှုတော်လှန်ရေးလမ်းစဉ်ကို ကျောခိုင်းချင်သည့်တိုင်အောင် သူကိုယ်တိုင် မော်၏ ကျေးဇူး၊သူအာဏာတက်လာသည်ကလည်း ယဉ်ကျေးမှုတော်လှန်းရေး၏ ကျေးဇူးနှင့် မကင်းသဖြင့် မဝံ့မရဲဖြစ်ခဲ့ရသည်။ ကွန်မြူနစ် တော်လှန်ရေးရဲဘော် တိန် ကိုယ်တိုင်ကလည်း ကွန်မြူနစ်ပါတီအပေါ် အတော်သံယောဇဉ်ကြီးနေသည်။ ကွန်မြူနစ်ပါတီနေရာမှာ ဘာနှင့်မှ အစားမထိုးနိုင်၊ ထို့ကြောင့် ကွန်မြူနစ်အုပ်ချုပ်ရေးကို မထိခိုက်ဘဲ တိုင်းပြည် စီးပွားရေးတိုးတက်မည့် နည်းလမ်းကို တိန်နှင့် သူ့အုပ်စုက ကြံဆခဲ့ကြသည်။ ဖြစ်နိုင်သည်ဟု သဘောရကြသည်။ 

မော်၏ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်ပြည်မှာ အတိုက်အခံဟူသမျှ မရှိသလောက် ဖြစ်နေပြီ။ ပြည်သူတွေကလည်း ဆင်းရဲမှု ချွတ်ခြုံကျနေသဖြင့် လူနေမှုအဆင့်အတန်းတိုးတက်ရေးလောက်ကိုပဲ တောင့်တနေကြ သည်ကို သူတို့သိကြသည်။တခုတော့ရှိမည်။ တိုင်းပြည်စီးပွားရေးတိုးတက်ရန် ကြိုးပမ်းသည့်အခါတွင်မော်၏ ယဉ်ကျေးမှု တော်လှန်ရေးသဘောတရားကို စွန့်လွှတ်လိုက်ရမည်။မော်ချန်ထားခဲ့သော အင်စတီကျူးရှင်း အားလုံးကိုပြုပြင်ပြောင်းလဲလိုက်ရမည်ဟု နားလည်ခဲ့ကြသည်။ 
စီးပွားရေးတိုးတက်လိုလျှင် စီးပွားရေးတွင် အများကို လမ်းဖွင့်ပေးသော စီးပွားရေးပုံစံ (Inclusive Economic Institution) ပြောင်းလဲမှ ရမည်။ ပုဂလိက ပိုင်ဆိုင်မှုကဏ္ဍကို တိုးပြီး၊ လူမှုအသိုင်းအဝိုင်းနှင့် အုပ်ချုပ်ရေးပိုင်းတွင် ကွန်မြူနစ်ပါတီ၏ တင်းတင်းကျပ်ကျပ်ချုပ်ကိုင်မှုကို လျှော့ချလိုက်ရမည်။ လူတန်းစားတိုက်ပွဲအယူအဆကို ဖယ်ရှားလိုက်ရမည်။ စျေးကွက်တွန်းအားနှင့်မက်လုံးဖော်ဆောင်သည့် စနစ်ကို အားပေးရမည်၊ စသဖြင့် သဘောပေါက်ခဲ့ကြသည်။

မော်ကွယ်လွန်ပြီးနောက် တလအတွင်းမှာပင် ဟွာဂွာဖုန်းက လေးဦးဂိုဏ်းကို ဖမ်းပြီး အာဏာသိမ်းသည်။၁၉၇၇ ခုနှစ် မတ်လမှာ တိန်ကို မူလရာထူးနေရာကို ပြန်ခန့်သည်၊ ရာထူးပြန်ရသည်နှင့် ယဉ်ကျေးမှုတော်လှန် ရေးအပေါ် လူထု၏မကျေမနပ် ဝေဖန်မှုများကို လမ်းဖွင့်ပေးခဲ့သည်။ (ပါတီတွင်းက ဟွာဂွာဖုန်းအပါအဝင် ယဉ် ကျေးမှုတော်လှန်ရေးအပေါ် သစ္စာခံသူများ၏ သြဇာကျလာစေရန် ရည်ရွယ်သည် - စကားချပ်) ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းအတွင်းမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက နှိပ်ကွပ်ခံရသည့် သူနှင့်ဘဝတူ၊အတွေးအခေါ်တူ ပြုပြင်ပြောင်းလဲရေးသမားအုပ်စုက အများစုဖြစ်လာအောင် ဖန်တီးသည်။ (၁၉၇၅ က တည်းက အကြံအစည်ဖြစ်သည်)

ထို့နောက် ၁၉၇၈ နှစ်လယ်လောက်မှစ၍ စီးပွားရေးပြုပြင်ပြောင်းလဲရေးမူဝါဒသစ်ကို စတင်အကောင် အထည်ဖော်ခဲ့သည်။ စိုက်ပျိုးရေးနှင့်ထုတ်လုပ်မှုကဏ္ဍတွင် အစိုးရက ဝင်မစွက်တော့ဘဲ လုပ်ကိုင်ထုတ်လုပ်သူများ သဘောအတိုင်းအပြည့်အဝ လုပ်ပိုင်ခွင့်ပေးလိုက်သည်။ စျေးနှုန်းကိုလည်း အစိုးရကမသတ်မှတ်တော့ဘဲ ဝယ်လိုအား၊ ရောင်းလိုအား အပေါ်အခြေခံသည့် စျေးကွက်သဘောအတိုင်း ထားသည်။ စီးပွားရေးကဏ္ဍအပေါ် အစိုးရကျ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လျှော့ချပေးခဲ့သည်။ 

စီးပွားရေး ပြုပြင်ပြောင်းလဲမှုအကျိုးရလဒ်ကို အစောဆုံးခံစားရသူများမှာ ကျေးလက်နေ ပြည်သူများဖြစ်ခဲ့သည်။မော်လက်ထက်က ရှိခဲ့သည့် ဘုံပိုင်လယ်မြေများနေရာတွင် လယ်သမားများကို နှစ်ရှည်လယ်မြေအငှားချပေးပြီး ပုဂ္ဂလိပိုင် လယ်မြေများနှင့် အစားထိုးခဲ့သည်။ မက်လုံးရှိလာသဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ လူနည်းနည်းဖြင့်ပင် ထုတ်လုပ်မှုတိုးတက်လာခဲ့သည်။

တရုတ်ပြည်အရှေ့တောင်ပိုင်းရှိ ပင်လယ်ဆိပ်ကမ်းများတွင် စက်မှုဇုန်များထူထောင်ခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍမှ ပိုလျှံနေသော လုပ်သားအင်အားမှ စက်မှုလုပ်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာကို လမ်းဖွင့်ခဲ့့သည်။စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်သည့် ကာလ (၁၉၇၈ မှ ၁၉၉၂)အတွင်း တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှုမှာ နှစ်စဉ် ၉ဒသမ၅ ရာခိုင်နှုန်းရှိခဲ့သည်။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး အောင် မြင်ရသည့်အကြောင်းကို ပြန်ချုပ်လျှင် စီးပွားရေးနှင့် နိုင်ငံရေး အပြန်အလှန်ဆက်စပ်နေသည်။ စီးပွားရေး တွင် လူနည်းစုက တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားသောစီးပွားရေးစနစ် (Extractive Economic Institution) နေရာမှာ လူများစုကိုလမ်းဖွင့်ပေးသော စီးပွားရေးစနစ် (Inclusive Economic Institution) နှင့် အစားထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အရေးကြီးသည့် ကိစ္စမှာ ဒေသတွင်းအခြေအနေဖြစ်သည်။ ထိုအချိန်တွင် ဂျပန်က ဖွံ့ဖြိုးတိုးတက်နေပြီ၊ တောင်ကိုရီးယား၊ဟောင်ကောင်၊စင်ကာပူ ထိုင်ဝမ်တို့တွင် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ကောင်းနေဆဲ၊ မလေးရှား၊ ထိုင်းမှာ ဖွံ့ဖြိုးရေးပထမလှေခါးကို စတင်ခြေလှမ်းနေပြီဖြစ်သည်။ တရုတ် ပြည်၏ပတ်ပတ် လည်တွင် နမူနာကောင်းများရှိနေခဲ့သည်။ ထို့အပြင် အဆိုပါနိုင်ငံများ (ဟောင်ကောင်၊ ထိုင်ဝမ်နှင့် စင်ကာပူ၊ မလေးရှား) ကို ရောက်နေသော တရုတ်လူမျိုုးစီးပွားရေး သမားများသည် တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးကာလ၏ အဓိက မောင်းနှင်အားများဖြစ်ခဲ့ကြသည်။

နိုင်ငံရေးအပိုင်းတွင် ဥက္ကဋ္ဌကြီးမော် ကွယ်လွန်ခြင်းသည် တရုတ်ပြည်အတွက် အရေးကြီးသည့် အလှည့်အပြောင်း (Critical Juncture) ဖြစ်ခဲ့သည်။ တိန်နှင့် သူ့အဖွဲ့သားများက သူတို့၏ စိတ်ကူးစိတ်သန်းများကို လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။ နောက်ထပ် အရေးကြီးသည့်မှာ မော်အလွန်တွင် လေးဦးဂိုဏ်းကို ရှင်းလိုက်နိုင်သဖြင့် တရုတ်ပြည် ကံကောင်းခဲ့သည်။ လေးဦးဂိုဏ်းသာ အာဏာရခဲ့လျှင် တရုတ်ပြည်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ကြုံခဲ့ရသော အရှိန်အပျက် စီးပွားရေးတိုးတက်မှုမျိုးနှင့် မကြုံရဖို့ သေချာ သလောက်ပင်။ 

ထို့အပြင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပေးလိုက်သော တိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း နောင်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော တင်ကြို လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိုက်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုခြေလှမ်းအဖြစ် ပညာရှင်များက ထောက်ပြကြပါသည်။ ပြည်သူလူထုအပိုင်းကို ကြည့်လျှင် မော်၏ မဟာခုန်ပျံကျော်လွှားကာလ၊ ယဉ်ကျေးမှု တော်လှန်းရေးခေတ်ဆိုးများတွင် ခါးသီးသော ဒုက္ခများနှင့် နဖူးတွေ့ဒူးတွေ့ကြုံ့ခဲ့ရသော ပြည်သူများအနေဖြင့် နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွင် ပြုပြင်ပြောင်းလဲရေးသမား တိန်နှင့် သူ့အုပ်စုကို ထောက်ခံရန် လုံလောက်သော အကြောင်းရင်းဖြစ်ခဲ့သည်။

ဇူလိုင် ၂၅၊ ၂၀၁၂