ဒေါက်တာဖောက်ချီနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကျောင်းအုပ်များ အွန်လိုင်းတွေ့ဆုံ

ဒေါက်တာဖောက်ချီနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကျောင်းအုပ်များ အွန်လိုင်းတွေ့ဆုံ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၀ဒီဇင်ဘာ ၁၈၊ မွန်းတည့်ချိန်၊ ၄၅ မိနစ် တာ အွန်လိုင်းတွေ့ဆုံပွဲမှာ အမေရိကန်၏ ကူးစက်ရောဂါကု ပြည်ထောင်စုဆရာဝန်ကြီး ဒေါက်တာအန်တိုနီဖောက်ချီနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်များ (California State University) ၂၃ ခုက ကျောင်းအုပ်များနဲ့ ကျောင်းအုပ်ချုပ်ကြီး (Presidents and Chancellor) တို့ ကျောင်းပြန်ဖွင့်ရေးနဲ့ ကိုဗစ်ကို ရင်ဆိုင်ရေး ဆွေးနွေးကြပါတယ်။ အွန်လိုင်းမှာ ပရိသတ် ၅ထောင်ကျော် တက်ပြီး နားထောင်ကြပါတယ်။
တက္ကသိုလ်များကို အကန့်အသတ်နဲ့ ဖွင့်ထားပြီး အွန်လိုင်းသင်တန်းများ အဓိကထား ဖွင့်ထားပါတယ်။ လက်ရှိမှာ ကျောင်း ၂၃ ကျောင်းမှာ ကျောင်းသားပေါင်း ၄သိန်း ၈သောင်း တက်ရောက်နေပါတယ်။ ကျောင်းတွေမှာ အဆောင်နေကျောင်းသားတွေ ရှိတဲ့အတွက် သူတို့ကို ကျောင်းဆောင်တွေမှာ အဓိကစစ်ဆေးပြီး စောင့်ကြည့်ထားရှိပါတယ်။ လိုအပ်ပါက ကီုဗစ်စစ်တာကို ပြုလုပ်ပေးပါတယ်။ ကျောင်းဝင်းတွင်း ကူးစက်မှု တွေ့ရှိသော်လည်း မဆိုးဝါးအောင် ကန့်သတ်နိုင်လို့ ကျောင်းတွေ ပိတ်လိုက်ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဓိက ဆရာတွေက အွန်လိုင်းကနေ အဓိကပို့ချနေတာကြောင့် ဆရာတွေဆီက သို့မဟုတ် ဆရာတွေဆီကို ကူးစက်တာကို ကန့်သတ်ထားနိုင်ပါတယိ။
လက်ရှိဆွေးနွေးပွဲမှာ ဒေါက်တာဖောက်ချီက ကျောင်းသားတိုင်းကို ဆေးစစ်ပေးနိုင်ဖို့ကို အကြံပေးပါတယ်။ အဆောင်နေကျောင်းသားတွေအတွက် ဖြစ်နိုင်သော်လည်း ဒေးကျောင်းသားတွေအတွက် လူတိုင်း ကိုဗစ်စစ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ သည်တော့ မျက်နှာဖုံးတတ်၊ ဆိုရှယ်ဒစ္စတန့်ဇင်းလုပ်၊ လက်ဆေး၊ ခပ်ဝေးဝေးနေကြဖို့ပဲ ကျင့်သုံးဖို့ ရှိပါတယ်။ လက်ရှိမှာ ၂၀၂၁ နှစ်လယ်အထိ (ဩဂုတ်မအထိ) အဝေးသင်ပဲ လုပ်ကြဦးမှာမို့ တော်ပါတယ်။ အဲသည်အချိန်လောက်ဆိုရင်္င ကာကွယ်ဆေး အလုံအလောက် ကျောင်းသားတွေ ဆရာတွေ ဝန်ထမ်းတွေအတွက် ရှိနိုင်ပြီမို့ စိုးရိမ်မှုကို လျော့ချနိုင်ပြီလို့ ဒေါက်တာဖောက်ချီက ခန့်မှန်းပါတယ်။ ဆေးမစစ်ချင်သူတွေ၊ မျက်နှာဖုံး မတတ်သူတွေ၊ ကာကွယ်ဆေးမထိုးချင်သူတွေကို ချိုသာစွာနဲ့ စည်းရုံးဖြောင်းဖျဖို့ ဖောက်ချီက အကြံပေးပါတယ်။ အမိန့်သုံးတိုင်းလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကာကွယ်ဆေးတော့ ထွက်လာပြီ ကုသဆေးကော ထွက်ပြီလားလို့ ကျောင်းအုပ်တဦးက မေးတော့ ဒေါက်တာဖောက်ချီက ကုသမှုအတွက် ရှိပြီးသားဆေးတွေကို သုံးပြီး ကုသနေရတယ် သို့သော် ရောဂါကို တိုက်ရိုက်ကုနိုင်တဲ့ (tharapy) အတွက် antiviral နည်းနဲ့ Plasma နည်းတို့သုံးပြီး ဆေးအသစ်ထုတ်ဖော်မယ်လို့ ပြောပါတယ်။ အဲသည်အတွက် လွှတ်တော်က ပထမအကြိမ် ကူငွေ ချပေးထားပြီး နောက်ထပ်လိုအပ်တဲ့အခါ နောက်အစိုးရက အတည်ပြုပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်တဲ့။ ဆေးအတွက် သုတေသနပြုရန် ၁.၄ ဘီလျံကျော် လိုပါတယ်လို့ ပြောပါတယ်။
HIV (AIDS) နဲ့ အသည်းရောဂါ (Hep B/C) ရောဂါတွေအတွက် ရောဂါပျောက်ဆေး ၊ သက်သာဆေးတွေ အခု ထုတ်နိုင်ပြီ၊ ကုသနိုင်ပြီဆိုတာကြောင့် ဒီကိုဗစ်ကိုလည်း သူတို့ အနိုင်ယူနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အရေးကြီးတာက ကာကွယ်ဆေးကို စောင့်ဆိုင်းနေကြတုန်း များများ စစ်ဆေးနီုင်ဖို့ လိုတယ်၊ ကြိုတင် ကုသပေးနိုင်ရမယ်၊ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ သူက အကြိမ်ကြိမ် ထောက်ပြပါတယ်။
ကျောင်းအုပ်တွေက ခေါင်းဆောင်တဦး၏ အရည်အချင်းကို ရှင်းပြပါလို့ ဒေါက်တာ့ကို မေးတော့ - HIV (AIDS) ကူးစက်မှုတွေ ဖြစ်ခဲ့တဲ့ အတိတ်ကာလ ကပ်ဘေးကာလ၊ အခြား ကူးစက်ရောဂါကပ်ဘေးတွေကိုလည်း ရင်ဆိုင်ခဲ့တဲ့ ကျော်လွှားခဲ့တဲ့ သူ့မှာ အတွေ့အကြုံတွေ များနေပြီ ဖြစ်လို့ အခု ကိုဗစ်အရေးဟာ သူ့အတွက် ပိုပြီး မထူးပါဘူးတဲ့။ (ပြောချင်တာကတော့ ဒေါ်နယ်ထရန့်လို အစိုးရခေါင်းဆောင် ညံ့ဖျင်းတာလောက်တော့ သူက ခံနိင်ရည် ရှိပြီးသားလို့ ဆိုချင်ပုံရပါတယ်)။ ခေါင်းဆောင်ဆိုတာ တသမတ်တည်း ရှိရတယ်၊ ရှေ့ကနေ စံပြနိုင်ရမယ်၊ ရည်မှန်းချက် ရှင်းလင်းရမယ်၊ ကိုယ့်ထက်တော်တဲ့ ပညာရှင်တွေနဲ့ လက်တွဲလုပ်နိုင်ရမယ်၊ သည်လို လုပ်နိုင်ရင် အောင်မြင်တဲ့ ခေါင်းဆောင် ဖြစ်လာမယ်လို့ သူက ပြောပါတယ်။
ကျောင်းအုပ်တွေက သူတို့ ကျောင်းသားတွေအတွက် ဘယ်လိုမျိုး အမှာစကား အားပေးစကား ပြောလိုပါသလဲလို့ မေးတော့ ဒေါက်တာဖောက်ချီက သည်လို ပြောပါတယ်။ အခုချိန်မှာ အလင်းရောင်ကို မြင်နေရပြီ။ ဂူ၀က အလင်းရောင်ကို တွေ့ရပြီ၊ သည်တော့ အားတင်းထားကြဖို့ လိုပါတယ်။ အားမလျော့ကြဖို့ လိုပါတယ်။ ကိုယ့်ဆီမှာ ရှိတဲ့ အကောင်းဆုံးအစွမ်းအစတွေ ထုတ်သုံးကြဖို့ လိုပါတယ်။ ဒါက သမိုင်းတွင်မယ့် မော်ကွန်းတင်ကျန်ရစ်မယ့် မှတ်တိုင်ကြီးတခု ဖြစ်တယ်။ အရှုံးတွေထဲက အမြတ်ထုတ်နိုင်ရမယ်။ အားလုံးအတူတကွ လက်တွဲပြီး ကြံ့ကြံ့ခံပြီး ဖြတ်ကျော်နိုင်ကြတယ်ဆိုပြီး အားလုံး ဂုဏ်ယူနိုင်ကြဖို့ လိုပါတယ်။ သင်ခန်းစာတွေယူပြီး ဖြတ်ကြမယ်၊ နောင်တရပြီး ကျန်ရစ်တာမျိုး မဖြစ်ရဘူး။ ဒီကပ်ကြီးပြီးရင် ငါတို့အားလုံး အရင်ကထက် ပိုပြီး အားကောင်းသန်မာပြီး ဖြစ်ကျန်ရစ်ရမယ် လို့ ပြောသွားပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်များက ကျောင်းအုပ်တွေက ဒေါက်တာဖောက်ချီရဲ့ နောက်တပတ်မှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုတင်ပြီး ဆုမွန်ကောင်း တောင်းပေးရင်း စကားဝိုင်းကို ရုတ်သိမ်းလိုက်ပါတယ်။