မျိုးသန့်ထွန်း(စစ်ကိုင်း) - ပိတ်ခံရတဲ့သမိုင်းစာအုပ်များရေးတဲ့ စာရေးဆရာသန်းဝင်းလှိုင် (၁၉၅၈-၂၀၂၀)

2017 December 15. At Yangon University Library, Maung Swan Yi, U Than Aung, Than Win Hlaing and Myo Thant Tun (Sagaing)

မျိုးသန့်ထွန်း(စစ်ကိုင်း) - ပိတ်ခံရတဲ့သမိုင်းစာအုပ်များရေးတဲ့ စာရေးဆရာသန်းဝင်းလှိုင် (၁၉၅၈-၂၀၂၀)
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၀
မနေ့ (၁၄-၁၂-၂၀၂၀) က အတ္ထုပ္ပတ္တိနှင့် သမိုင်းဆိုင်ရာရေးတဲ့ ဆရာသန်းဝင်းလှိုင်ဟာ ကိုဗစ် ဒုတိယလှိုင်းမှာ ဆုံးပါးသွား တာကို စာပေနယ်က လူမှုကွန်ယက်မှာ တွေ့ရတော့ မယုံနိုင်အောင်ဖြစ်မိပါတယ်။ ဆရာ့ရေးတဲ့စာအုပ်တွေများသလောက် သမိုင်းအတွက်တန်ဖိုးထားမယ့် စာအုပ်တွေ ရှိပါတယ်။ ဆရာဟာ ငြိမ်းချမ်းရေးဖခင်ကြီး၊ မျိုးချစ်စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း၊ ဝန်ကြီးချုပ်ဟောင်းဦးနု၏ ရက်စွဲသမိုင်းနှင့်
ဗိုလ်ချုပ်အောင်ဆန်း ရက်စွဲသမိုင်းဆိုင်ရာ၊ ဒါ့အပြင် နေမဝင်သေးသည့်ဘုရင်များ စတဲ့ အတ္ထုပ္ပတ္တိစာအုပ် ကောင်းတွေ ရေးသားခဲ့သူ ဆရာသန်းဝင်းလှိုင် ဖြစ်ပါတယ်။
အော်...သမိုင်းဆိုင်ရာစာအုပ်တွေ ဆက်တိုက်ထုတ်နေတာ တွေ့ရတော့ ဝမ်းသာပီတိဖြစ်မိနေချိန်မှာ သေမင်းဆီ
ကိုဗစ်က ခေါ်ဆောင် သွားတော့ စိတ်မကောင်း ဖြစ်ရပါတယ် ။ ဖြစ်မှဖြစ်ရပလေဆရာရယ် ... အခုအချိန်ဟာ ကိုဗစ်၁၉က ဗျူဟာခင်းပြီး အနုပညာရှင်၊ စာပေပညာရှင်များစွာကို ဝါးမျိုးနေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ကံမကောင်းဘူးလို့ပဲ နောက်ဆုံး - ကံကိုပဲ အပြစ်ပုံချရပါလိမ့်မယ်။ ဆရာရေးထားခဲ့တဲ့စာအုပ်တွေဟာ အထင်ကရနိုင်ငံခေါင်းဆောင်အကြောင်းတွေသာမက စစ်အာဏာရှင်အရူးတွေပါမကျန် လိုက်လံ ရှာဖွေ စုဆောင်းပြီး စာအုပ်အဖြစ်ရေးကာ ဆက်တိုက်ထုတ်နေတာဟာ စာအုပ်ဆိုင်သွားတိုင်း တွေ့နေရပါတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ဆရာနဲ့ ဆုံဖြစ်တာလေးလည်း သတိရနေပါတယ်။ ဆရာသန်းဝင်းလှိုင်နဲ့ တွေ့ဆုံမိတာခဲ့အကြောင်းကို ပြန်လည်း မြင်ရယောင်နေမိပါတယ်။
အဲဒီအချိန်က မြန်မာပြည်ကို မြန်မာ့စာရေးဆရာကြီး မောင်စွမ်းရည် အမေရီကန်နိုင်ငံကနေပြန် ရောက်လာခဲ့ပါတယ်။ ဆရာစွမ်း ပြည်တော်ဝင်တဲ့အချိန်က ၂၀၁၇ ခု ဒီဇင်ဘာလလောက် ဖြစ်ပါလိမ်မယ်။ တစ်နေ့မှာ ဆရာစွမ်းက မင်းကို ဆရာသန်းဝင်းလှိုင်နဲ့ တွေ့ဆုံပေးဖို့ ပြောလာပါတယ်။ ဆရာစွမ်းက ဆရာသန်းဝင်းလှိုင်ဖုန်းနံပါတ်ကို စာရေးသူကို ပေးပါတယ်။ ဆရာစွမ်းက ဖုန်းနံပါတ်အပြင် ဆရာသန်းဝင်းလှိုင်ရေးတဲ့ စာအုပ်အချို့လည်း ပေးပါသေးတယ်။ အဲဒီချိန်က စာရေးသူနဲ့ ဆရာသန်းဝင်းလှိုင် တော်တော်ကြာကြာ ဖုန်းပြောဖြစ်ကြပါတယ်။ စာရေးသူတို့ ရန်ကုန်တက္ကသိုလ်အထဲက စာကြည့်တိုက်မှာ ချိန်းလိုက်ကြတယ်။
ဆရာက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် က စောင့်နေမယ်တဲ့။ စာရေးသူက ဆရာစွမ်းကို ခေါ်ပြီး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို လာခဲ့ဖို့ပဲ ဖြစ်ပါတယ်။ ဆရာသန်းဝင်းလှိုင်ဟာ ဝီရိယကောင်းတယ်။ မနက်၉နာရီခွဲချိန်းထားတာ ဆရာသန်း က ၈နာရီလောက်က ရောက်နေတယ်။ သူနေထိုင်ရာက လှည်းတန်း ပေ၅၀လမ်းမှာ ဆိုတော့ ကျောင်းနဲ့အနီးလေးပါ။ ဆရာသန်းက စာကြည့်တိုက်အထဲမှာ မစောင့်ပဲ အပေါက်ဝကစောင့်ပြီး ဆရာစွမ်းနဲ့ စာရေးသူတို့ လှမ်းမြင်တော့ သူမျက်နှာဟာ ဝမ်းသာသွားတာ တွေ့လိုက်ရပါတယ်။ အဲဒီမှာ ဆရာစွမ်းက ဆရာသန်းဝင်းလှိုင် နဲ့စကားပြောကြရင်း မိတ်ဆက်ပေးပါတယ်။ အဲဒီနောက်မှာ ဆရာစွမ်းက စာရေးသူကို ပြောပါတယ်။
မောင်မျိုးသန့်ထွန်း ရေ ... ကိုသန်းဝင်းလှိုင်ကို စာကြည့်တိုက်မှူးနဲ့ မိတ်ဆက်ပေးလိုက်ပါတဲ့ ။ သူလိုချင်တဲ့စာအုပ်ရှိရင်လည်း ဌားပေးဖို့ ပြောပေးလိုက်ပါကွာ ... တဲ့။
ဒီအချိန်မှာ ဆရာသန်းဝင်းလှိုင်က သူ့ကျောပိုးအိတ်အထဲက သူ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ယူကာ လက်မှတ်ထိုးပြီး စာရေးသူကို အမှတ်တရလက်ဆောင်အဖြစ် ပေးတာကို မှတ်မိနေပါသေးတယ်။ ပေးတဲ့စာအုပ်တွေက "အာဏာရှင်ဟု ခေါ်တွင်သော ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဘဝကောက်ကြောင်း " ၊ "ဗိုလ်ချုအောင်ဆန်း၏ ရက်စွဲသမိုင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ် (ငြိမ်း) ဦးနု ၏ ရက်စွဲသမိုင်း"နဲ့ "ရက်စက်မှုအပေါင်းသရဖူဆောင်းသူ ဗိုလ်ချုပ်ခင်ညွန့်အကြောင်း" စာအုပ်များအပြင်၊ နောက်ထပ်ရေးမယ့် စာအုပ်ခေါင်းစဉ်များကိုပါ ထုတ်ပြပါတယ်။ အဲဒီနောက်မှာ စာရေးသူကလည်း နာမည်ကြီးစာရေးဆရာသန်းဝင်းလှိုင်ကို စာကြည့်တိုက်မှူးနဲ့ဝန်ထမ်းတို့နဲ့ အထူးမိတ်ဆက်ပေးခဲ့ပါတယ်။
အဲဒီအချိန် ဆရာသန်းဝင်းလှိုင်က "ပျူ" လူမျိုးနဲ့ပတ်သက်သောစာအုပ် ရေးမယ် ပြောပါတယ်။ နောက်အခါလည်း ဆရာ စာကြည့်တိုက်ကို စာအုပ်လာဌါးလို့ရအောင် စာရေးဆရာများစာဌါးကဒ်ကို တစ်ပါးတည်း လုပ်ခိုင်လိုက်ပါတယ်။ သူလိုချင်တဲ့စာအုပ်တွေကို စာရေးသူက ဆက်တိုက် ရွတ်ပြလိုက်တယ်။ ဆရာသန်းဝင်းလှိုင်က သူ့စာရွက်မှာ ချရေးလိုက်ပါတယ်။ ခဏနေမှာ ဆရာသန်းဝင်းလှိုင်က စာရေးသူအား တိုးတိုးလေးကပ်ပြောပါတယ်။ ဆရာမျိုးသန့်ထွန်းအား အထူးကျေးဇူးတင်ပါကြောင်း ဝမ်းသာအားရ ပြောပါတယ်။ ဟာဗျာ ... စာရေးသူကို ဆရာ လို့ မခေါ်ပါနဲ့ ကိုမျိုးသန့်လောက်ဆို ရပါတယ်လို့ ပြောလိုက်ပါတယ်။ ဆရာက ... လေးစားလို့ ခေါ်တာပါတဲ့ ။ မလုပ်ပါနဲ့ဗျာ...လို့ ပြန်ပြောလိုက်ရပါတယ်။ ဆရာသန်းဝင်းလှိုင်က စာရေးသူကို သူ့ဆရာ မောင်ဆုရှင် ခေါ် ဆရာဦးမျိုးသန့် နဲ့တော်တော်တူနေလို့တဲ့ ဗျာ။ စာရေးဆရာကြီးမောင်ဆုရှင်ဟာ သူ့ဆရာအရင်း တကာရင်း လို့ ပြောပါတယ်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဆရာဇော်ဂျီ အလုပ်လုပ်သွားတဲ့ ရုံးအခန်းလေးထဲမှာ ဆရာစွမ်း၊ ဆရာဦးသန်းအောင် (USIS စာကြည့်တိုက်မှူး)၊ ဆရာသန်းဝင်းလှိုင်နဲ့ စာရေးသူတို့ဟာ ရှေးဟောင်းနှောင်းဖြစ် စာ စကားများ ပြောကြပါတယ်။ အဲဒီမှာ ဆရာသန်းဝင်းလှိုင်က စာတော်တော်ဖတ်ထားကို တွေ့ရပါတယ်။ ဘယ်အကြောင်းအရာမဆို ဆရာသန်းဝင်းလှိုင်ဟာ အထောက်အထားနဲ့ ဆွေးနွေးနိုင်တာကို အခုအထိ ပြန်မြင်ယောင်နေမိပါတယ်။ စကားပြောဆိုပြီးတဲ့နောက်မှာ ဆရာသန်းဝင်းလှိုင်နဲ့ စာရေးသူတို့ဟာ စာအုပ်ရှာဖို့ ထွက်သွားပါတယ်။ စာအုပ်တွေ လိုက်မှတ်လိုက် ပြောပြလိုက်နဲ့ ကျွန်တော်တို့နှစ်ယောက် အလုပ်ရှုပ် သွားပါတယ်။ ဒါကို ဆရာစွမ်းဟာ စာရေးသူနှင့် ဆရာသန်းဝင်းလှိုင်တို့ တကုတ်ကုတ် တလှုပ်လှုပ် အလုပ်လုပ်နေတာကို အဝေးက နေကြည့်ပြီး ပီတိဖြစ်နေပုံရပါတယ်။ ဒီလူနှစ်ယောက်တော့ ပေါင်းဆုံမိသွားပြီး ဘာတွေများ ရေးကြမလဲလို့ မေးချင်ပေလိမ့်မယ်။ ဆရာစွမ်းကျေးဇူးကြောင့် စာသမားနှစ်ယောက် ပေါင်းဆုံဖြစ်ပါတယ်။
ဆရာသန်းဝင်းလှိုင်အကြောင်း လေ့လာကြည့်မိတဲ့အခါ - အမည်ရင်းက ဦးသန်းဝင်းဖြစ်ပါတယ်။ ဆရာသန်းဝင်းလှိုင်ကို ၂၂ ၊ ဇူလိုင်လ ၊ ၁၉၅၈ခုမှာ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အဖ ဦးစိန်ထွန်း (ဗေဒင်လက္ခဏာဆရာ)၊ အမိ ဒေါ်တင်အေး (ကွယ်လွန်) တို့က မွေးဖွားပြီး တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ ငယ်စဥ်က စာပေနှင့်ပန်းချီ ဝါသနာထုံ၍ ကျောင်းနံရံကပ်စာစောင်တွေမှာ ဆောင်းပါး ကဗျာများ ရေးသားခဲ့တယ်လို့ သိရပါတယ်။အကြိမ်ကြိမ် ဆုတွေလည်း ရရှိခဲ့သူပါ။ ထူးခြားတာက ကျောင်းနေစဥ်က ကျောင်းစာကြည့်တိုက်မှူးအဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံထားသူလည်း ဖြစ်ပါတယ်။
ဆရာသန်းဝင်လှိုင်ဟာ ၁၀ တန်းအောင်ပြီးနောက် ၁၉၈၀ပြည့်မှာ တပ်မတော်(လေတပ်) မှာ စစ်မှုထမ်းခဲ့ပါတယ်။သူရဲ့ပထမဆုံးစာမှုက ၁၉၇၇ခု သင့်ဘဝမဂ္ဂဇင်းမှာ "အနာဂတ် အာကာသ လွန်းပျံယာဥ်" အမည်ဖြင့် သိပ္ပံဆောင်းပါး ဖြစ်ပါတယ်။ ဒီနောက် ၁၉၈၂ ခု မှာ တပ်မတော်လေက နှုတ်ထွက်ခဲ့ပါတယ်။ သူရဲ့ပထမစာအုပ်က ၁၉၈၂ ခု က ထုတ်တဲ့"ကျောက်မျက်ရတနာလက်စွဲ" စာအုပ်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို သမိုင်းဆိုင်ရာစာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ်များ ထွက်ပေါ်လာခဲ့ကြပါတယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ စာရေးသားကောင်းသူတစ်ဦး ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက် သူရဲ့ထောင်နန်းစံတဲ့စာအုပ်ကတော့ ၂၀၀၀ ပြည့် မေလ က ထုတ်ဝေတဲ့ "ရုပ်တုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများ" စာအုပ်ပဲ ဖြစ်ပါတယ်။ ထို"ရုပ်တု...."စာအုပ်ကြောင့် ထောင်(၇)နှစ် ချခံရပြီးအင်းစိန်တောရမှာ သွားရောက် အနားယူခဲ့ပါတယ်။ အဲဒီကနေ မကြာခင်လွတ်မြောက်လာတဲ့အခါ သူ့စာအုပ် (၁၅) အုပ်ကို တားမြစ်ပိတ်ပင်ခြင်း ခံရပါတော့တယ်။ တော်တော်တန်တန်လူမျိုးဆိုရင် လဲသေလောက်အောင် စိတ်ဓါတ်ကျစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဆရာသန်းဝင်းလှိုင်ဟာ အလံမလဲ ပန်းပန်လျက်ပဲ ဆိုသလို ရသလောက် စာအုပ်များကို ရေးသားခဲ့ပါသေးတယ်။ အဲဒီနောက် ၂၀၁၀ မှာ ထိုင်းနိုင်ငံကို ခေတ္တသွားရောက်ခဲ့ပြီးအဲဒီက ကျောင်းတကျောင်းမှာ မြန်မာစာနဲ့ သမိုင်းဘာသာရပ်တို့ဖြင့် စာသင်ပေးနေပါတယ်။ ထိုင်းမှာ ၃ နှစ်လောက်နေအပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လထဲမှာ "ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်"အကြောင်း ရေးသားတဲ့စာအုပ်ကို စာပေမြတ်နိုးသူများအား မေတ္တာဖြင့် ပေးဝေတယ်လို့ သိရပါတယ်။ ဒါဟာလည်း သူ့စာပေစေတနာတရပ်လို့ ပြောရပါမယ်။ ဒီစာပေစေနာတွေကြောင့် တူသောအကျိုးပေးပါတယ်။
စိတ်မကောင်းဖြစ်မိတာက ဒီခေတ်မှာ သမိုင်းဆိုင်ရာစာအုပ်တွေ ရေးသားနိုင်တဲ့သူတွေ ရှားပါးသွားလို့ပဲ ဖြစ်ပါတယ်။ နောင်အခါ ဆရာသန်းဝင်းလှိုင်ရဲ့စာအုပ်တွေဟာ သုတေသီတွေအတွက်ရော ကျောင်းသားကျောင်းသူတွေအတွက်ပါ ထားရှိပေးသွားတယ်လို့ မျှော်လင့်မိပါတယ်။ အမေရိကမှာ နေထိုင်တဲ့ဆရာကြီးမောင်စွမ်းရည်ဟာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ရင် ဆရာသန်းဝင်းလှိုင်ကို လူချင်မတွေ့ဆုံနိုင်ပေမယ့် သူ့စာအုပ်တွေကိုတော့ မျက်မြင် တွေ့ဆုံနိုင်ပါလိမ့်မယ်။
စာရေးဆရာသန်းဝင်းလှိုင် နောက်ဆုံးရေးသားခဲ့တဲ့ စာအုပ်များလည်း ထုတ်ဝေနိုင်ပါစေ။ ထုတ်ဝေပြီးစာအုပ်များလည်း အကြိမ်ကြိမ် ထပ်ထုတ်နိုင်ပါစေ။
ဆရာသန်းဝင်းလှိုင် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ ရောက်ရှိပါစေ။
မျိုးသန့်ထွန်း(စစ်ကိုင်း)
စာပြီးရက် (၁၆-၁၂-၂၀၂၀)။
(မိုးမခမှာ ဆရာသန်းဝင်းလှိုင်ရေးသားခဲ့သော ဆောင်းပါးများ သည်မှာ သွားဖတ်ပါ)
စာပြီးရက် (၁၆-၁၂-၂၀၂၀)။
(မိုးမခမှာ ဆရာသန်းဝင်းလှိုင်ရေးသားခဲ့သော ဆောင်းပါးများ သည်မှာ သွားဖတ်ပါ)