Breaking News

မောင်လူပေ - ထရန့်ရဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့ နောက်ဆုံးတိုက်ပွဲ



မောင်လူပေ - ထရန့်ရဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့ နောက်ဆုံးတိုက်ပွဲ

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၀

အမေရိကန်သမ္မတရွေးပွဲက နိုဝင်ဘာလ(၃)ရက်နေ့က ပြီးခဲ့ပြီ။ electoral college အရေအတွက်အရ ရော popular vote မှာပါ ဂျိုးဘိုက်ဒင် နိုင်တယ်။ ထရန့်ရှုံးတယ်။ ဒါပေမဲ့ အဖြေကတရားဝင်တော့ မဟုတ်သေး။ ဒါကြောင့် အဲဒီအဖြေရလဒ်ကို ပြောင်းပြန်လှန်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားနေကြတယ်။ ဖြစ်နိုင်ခြေကတော့ မရှိသလောက်နည်းပါတယ်။ 

​ရွေးကောက်ပွဲနည်းလမ်းအရ ပြည်နယ် အတွင်းရေးမှူးတွေက သူတို့ပြည်နယ်မှာ ဘယ်သူနိုင်ကြောင်း လက်မှတ်ထိုးပြီး တရားဝင် ထုတ်ပြန်ရမဲ့ နောက်ဆုံးနေ့ဟာ ဒီဇင်ဘာ(၁၄)ရက်နေ့ဖြစ်တယ်။ နောက်ထပ် သုံးလေးပတ်အတွင်း ကွန်ဂရက်မှာ အဖြေကို အတည်ပြုရမယ်။ အဲဒီအချိန်မှာ စိန်ခေါ်ခွင့်ဟာ ထရန့်ရဲ့ နောက်ဆုံးတိုက်ပွဲပဲ။ ကွန်ဂရက်က အတည်ပြုတဲ့အဖြေကသာ အတည်ဖြစ်မှာ။

ရွေးကောက်ပွဲမှာ ထရန့်ရှုံးတယ်။ ဒါဟာ အမှန်တရား။ ထရန့်က ခုထိ အရှုံးကို လက်မခံဘူး။ ရွေးကောက်ပွဲရလဒ်ကို ခိုးယူသွားတယ်၊ မဲလိမ်တယ်လို့သာ သက်သေခိုင်လုံမှု မရှိပဲတွင်တွင်ငြင်းနေတယ်။

ပြည်နယ်အလိုက်မှာ သူရှုံးတဲ့ရလဒ်ကို ပြောင်းပြန်လှန်ဖို့ အုပ်ချုပ်ရေးမှူး(ဝန်ကြီးချုပ်)တွေကို ဖိအားပေးတယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ဖိအားပေးတယ်။ လက်မခံတဲ့ သူတွေကို တိုက်ခိုက်တယ်။ သူ့ကိုထောက်ခံသူ အချို့က တာဝန်ရှိသူတွေကို သတ်မယ်လို့ ခြိမ်းခြောက်နေလို့ ရဲက အကာအကွယ်ပေးထားရတဲ့အထိပဲ။

ထရန့်ရဲ့ ရှေ့နေတွေက ပြည်နယ်အလိုက်ရလဒ်တွေကို စိန်ခေါ် တရားစွဲနေပေမဲ့ သက်သေခိုင်မာမှုမရှိလို့ အားလုံးနီးပါး ပယ်ချခံနေရတယ်။ ပြည်နယ်အလိုက် တရားစွဲမှုတွေ အရာမရောက်ဘူး။ 

ဒါကြောင့် ကွန်ဂရက်မှာ စိန်ခေါ်မယ်လို့ မျှော်လင့်ထားတယ်။ ဥပဒေအရ ဇန်နဝါရီလ (၆)ရက်မှာ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်အစည်းအဝေးခေါ်ရမယ်။ မဲရလဒ်ကို ကြေညာမယ်။ အထက်အောက်လွှတ်တော်ပေါင်း အဖွဲ့လိုက်ဖြစ်စေ၊ အနည်းဆုံး အထက်လွှတ်တော်က ကိုယ်စားပြုတစ်ဦး အောက်လွှတ်တော်ကိုယ်စားပြုတစ်ဦး နှစ်ဦးစုပေါင်းဖြစ်စေ ဒီရလဒ်ကို စိန်ခေါ်ခွင့်ရှိတယ်။ စိန်ခေါ်လာရင် အစည်းအဝေးကို နှစ်နာရီခန့် ခဏနားပြီး ဆွေးနွေးကြရမယ်။ ပြီးရင် စိန်ခေါ်မှုကို လက်ခံမခံ မဲခွဲဆုံးဖြတ်ကြရမယ်။ အဲဒါ အကြမ်းမျဉ်းရှင်းပြတာပါ။ ဥပဒေက အလွန်ရှုတ်ထွေးပါတယ်။ 

ကွန်ဂရက်မှာ စိန်ခေါ်တာ အထူးအဆန်းတော့မဟုတ်။ အယ်လ်ဂေါ နဲ့ ဟယ်လာရီကလင်တန်တို့ popular vote လို့ခေါ်တဲ့ စုစုပေါင်းမဲအရေအတွက်မှာ နိုင်ပေမဲ့ electoral college လို့ခေါ်တဲ့ ပြည်နယ်အလိုက် အချိုးကျရတဲ့ မဲစုစုပေါင်းမှာရှုံးတဲ့အတွက် ဒီမိုကရက်တွေက ကွန်ဂရက်မှာ စိမ်ခေါ်ဖူးတယ်။ နှစ်ခုလုံး အရေးနိမ့်ခဲ့တယ်။ 

အခုတစ်ခါလည်း ကွန်ဂရက်မှာ စိန်ခေါ်မှာ သေချာနေပါတယ်။ စိန်ခေါ်မှုက နိုင်ချေရှိပါသလားလို့ မေးရင်တော့ မရှိသလောက်ပဲလို့သာ ပြောပါရစေ။

အောက်လွှတ်တော်က ဒီမိုကရက်အများစုပါ​။ ရီဗာဗလစ်ကင် အထက်လွှတ်တော်အမတ် ငါးဦးအထိကလည်း ထရန့်ရှုံးကြောင်း တရားဝင် ဝန်ခံပြီးဖြစ်တယ်။ ဒါကြောင့် တရားစွဲမှုကို လက်ခံဖို့ အခြေအနေမရှိတာပါ။
အဲဒီအချိန်မရောက်ခင် ကြားထဲမှာ မဲလိမ်တဲ့ ခိုင်မာသောသက်သေရလာရင်တော့ အဖြေက တမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုအထိကတော့ ဘာသက်သေမှ မရှိသေး။

စိန်ခေါ်မှုကို ကွန်ဂရက်က လက်ခံခဲ့ရင်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူး ( ဝန်ကြီးချုပ်) တွေက ပြည်နယ်ခွဲတန်းမဲတွေ ကိုယ်စားပြုဖို့ electoral college ကိုယ်စားလှယ်တွေ ရွေးချယ်ပေးပြီး နိုင်သူအားလုံးယူစနစ်မဟုတ်တော့ပဲ ရွေးချယ်ခံရသူက သူတို့ကြိုက်တဲ့ သမ္မတလောင်းတွေကို မဲပေးခွင့်ရရှိကြလိမ့်မယ်။ 

အဲလိုမဲပေးရမယ်ဆိုရင်တောင် လိုအပ်တဲ့ (၂၇၀)မဲကို ထရန့်ရဖို့ မလွယ်ဘူး။ Pennsylvania, Wisconsin နဲ့ Michigan ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက ဒီမိုကရက်တွေမို့ ဘိုက်ဒင်ကို ထောက်ခံသူကိုသာ ရွေးချယ်ကြမှာ သေချာနေတယ်။ 

ထရန့်ရဲ့အရှုံးကို သူ့ရဲ့ပါတီဖြစ်တဲ့ ရှေးရိုးစွဲရီဗာဗလစ်ကင်ပါတီအမတ်အများစု လက်မခံသေးတာ အကြောင်းရှိတယ်။ ထရန့်ရဲ့အရှုံးဟာ လာမဲ့ ၂၀၂၂ကွန်ဂရက်ရွေးကောက်ပွဲအတွက် သူတို့အရှုံး ဖြစ်လာနိုင်လို့ပါ။ ဒီလိုအမြဲဖြစ်လေ့ရှိတယ်။ ဒါကိုရှောင်နိုင်ဖို့ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြတာပါပဲ။

အမေရိကန်နိုင်ငံရေးတိုက်ပွဲ၊ သမ္မတရွေးပွဲအဖြေရဲ့ နောက်ဆုံးတိုက်ပွဲရဲ့အဖြေက ရှေ့နှစ် ဇန်နဝါရီလ (၆)ရက်မှာ သီရပါလိမ့်မယ်။ ထွက်လာမဲ့အဖြေကတော့ စိန်ခေါ်မှုကိုလက်မခံပဲ ဂျိုးဘိုက်ဒင်ကိုသာ အနိုင်ပေးပါလိမ့်မယ်။
အမေရိကန်ရွေးကောက်ပွဲရဲ့ သမ္မတရွေးချယ်မှုနည်းလမ်းတွေထဲက လူသိနည်းတဲ့ အချက်တွေကို မိတ်ဆွေတွေ မကြာခင် တွေ့ကြရတော့မှာမို့ မိတ်ဆက်ပေးတဲ့သဘောနဲ့ ရေးလိုက်ပါတယ်။

မြန်မာရွေးကောက်ပွဲအဖြေကို ပြည်ခိုင်ဖြိုးက လက်မခံပဲ တရားစွဲနေသလိုမျိုး ခပ်ဆင်ဆင်။ မြန်မာနဲ့ အမေရိကန်တွေ ကံတူအကျိုးပေးဖြစ်နေပုံပေါ့။

ချစ်တဲ့
မောင်လူပေ