Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓနှင့် Freethinkers



ဧရာ(မန္တလေး) - ဗုဒ္ဓနှင့် Freethinkers

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၀

“လွတ်လပ်စွာ တွေးခေါ်မှု” သည် ဘာသာရေး၏ ဆန့်ကျင်ဖက်ဖြစ်သည်ဟု လက်ခံကြသောကြောင့် လွတ်လပ်စွာ တွေးခေါ်လိုသူ အချို့က ဘာသာတရားကို ဆန့်ကျင်ကြသည်။ ဘာသာမဲ့ အချို့ကလည်း လွတ်လပ်စွာ တွေးခေါ်သူများဟု အမည်ခံကြသည်။ ထို့အတူပင် ဘာသာတရား ကိုင်းရှိုင်းသူတို့ကလည်း ဘာသာမဲ့များ, လွတ်လပ်စွာ တွေးခေါ်သူများကို ကိုယ်ကျင့် တရားကင်းမဲ့သူများဟု အထင်ရောက်တတ်သည်။ 

စင်စစ် ဘာသာရေးကိုင်းရှိုင်းသူ အချို့ထက် ကိုယ်ကျင့်တရား ကောင်းမွန်သော ဘာသာမဲ့များ ရှိသလို၊ Freethinker အမည်ခံထားသော်လည်း လွတ်လပ်စွာ တွေးခေါ်ရန် မဆိုနှင့် လေးနက်စွာ စဉ်းစား တွေးခေါ်ကြသူများပင် မဟုတ်သည်လည်း ရှိသည်။ လွတ်လပ်စွာ တွေးခေါ်ခြင်းသည် မိရိုးဖလာအစဉ်အလာနှင့် ကိုးကွယ်ယုံကြည်မှုများကို ဆန့်ကျင်ရန်သက်သက် မဟုတ်။ မိမိအလိုဆန္ဒ, အမုန်းတရား, အကြောက်တရားနှင့် တွေဝေမှု ဟူသော အဂတိတရားလေးပါး မကပ်ငြိဘဲ တွေးခေါ်နိုင်မှသာ လွတ်လပ်စွာ တွေးခေါ်သည်ဟု ဆိုနိုင်သည်။

ဗုဒ္ဓသည် လွတ်လပ်စွာ စူးစမ်းတွေးခေါ်မှုကို အလေးပေးကြောင်း ကာလာမသုတ်, ဝီမံသကသုတ်, စင်္ကီသုတ် စသည့် ဒေသနာများတွင် တွေ့နိုင်သည်။ ယနေ့ခေတ် နာမည်ကြီး Atheists စာရေးဆရာအချို့သည်လည်း (ဗုဒ္ဓဘာသာ အမည်မခံစေကာမူ) ဗုဒ္ဓအဆုံးအမ၏ ဩဇာမကင်းသည်ကို တွေ့ရသည်။ 

The End of Faith: Religion, Terror, and the Future of Reason (2004), Waking Up: A Guide to Spirituality Without Religion (2015) စသည့် စာအုပ်များကို ရေးခဲ့သည့် အမေရိကန် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sam Harris က ပဏ္ဍိတာရာမဆရာတော်ကြီးထံတွင် ရက်ရှည် တရားစခန်း ဝင်ခဲ့ဖူးသည်။ Sapiens: A Brief History of Humankind” (2014) စာအုပ်ဖြင့် နာမည်ကျော်လာခဲ့သည့် ဂျူးလူမျိုး သမိုင်းပါမောက္ခ Yuval Noah Harari ကလည်း ဆရာကြီးဂိုအင်ကာနည်းဖြင့် ဝိပဿနာ တရား အားထုတ်သူ ဖြစ်သည်။ အင်တာဗျူးတစ်ခုတွင် “ကျွန်တော်က လူမျိူး အနေနဲ့ ဂျူးတစ်ဦး ဖြစ်ပေမယ့် ကျွန်တော့ ဘာသာတရားနဲ့ လောကအမြင်ကတော့ ဂျူးမဟုတ်ပါဘူး။ သမ္မာကျမ်းစာထက် ဗုဒ္ဓနဲ့ ဒါဝင်တို့က ပိုပြီး ကျွန်တော်အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့ပါတယ်" ဟုဖြေခဲ့ဖူးသည်။ ဗုဒ္ဓနှင့် Freethinkers/ Atheists တို့ နီးစပ်မှု တစ်ခုရှိသည်ဟု ဆိုနိုင်သည်။

ဗုဒ္ဓနှင့် ထိုခေတ်က Freethinker တစ်ဦးဖြစ်သော ‘ဒီဃနခ’ တို့၏ တွေ့ဆုံဆွေးနွေးခန်းကို မဇ္ဈိမနိကာယ် ဒီဃနခသုတ်တွင် တွေ့နိုင်သည်။ အနောက်တိုင်းတွင် ခရစ်ယာန်တို့၏ သမ္မာကျမ်းစာများ၊ ဘုရားကျောင်းများကို ဆန့်ကျင်သော freethought လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည့် နည်းတူ၊ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံတွင်လည်း ဗြာဟ္မဏတို့၏ ဝေဒကျမ်းစာများ၊ ယဇ်ပူဇော်ခြင်းများကို ဆန့်ကျင်သော လှုပ်ရှားမှု ပေါ်ထွန်းခဲ့သည်။ သမဏ ခေါ် ရဟန်းများ, ပရိဗ္ဗာဇက ခေါ် တစ်နေရာမှ တစ်နေရာ လှည့်လည်၍ တရားရှာဖွေသော ပရိဗိုဇ်များသည် ထိုခေတ်၏ freethinkers များဖြစ်ကြသည်။

‘ဒီဃနခ’ ဟူသော အမည်သည် အမည်ရင်း ဟုတ်ဟန် မတူ။ ‘လက်သည်းရှည်’ ဟု အဓိပ္ပါယ်ရ၍ လက်သည်း အရှည်ထားသော ပရိဗိုဇ်တစ်ဦး ဖြစ်နိုင်သည်။ အရှင်သာရိပုတ္တရာ၏ တူတော်စပ်သဖြင့် အရှင်သာရိပုတ္တရာ၏ ယခင်က ဆရာ ဖြစ်ခဲ့ဖူးသော သိဉ္ဇည်းဆရာ၏ ဂိုဏ်းမှ သံသယဝါဒီ (Skeptics) ပရိဗိုဇ်တဦး ဖြစ်နိုင်သည် ဟုလည်း ခန့်မှန်းရသည်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်အနီးရှိ ဂိဇ္ဈကုဋ်တောင်စောင်းမှ လှိုဏ်ဂူတစ်ခုတွင် သီတင်းသုံးနေစဉ် ဒီဃနခ ရောက်လာခြင်းဖြစ်သည်။ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် ဒီဃနခက မိမိသည် “အယူအားလုံးအား (မနှစ်သက်) လက်သင့်မခံ” ဟု ဆို၏။ မည်သည့် အယူဝါဒကိုမျှ မယုံကြည်သူ (Unbeliever) တစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။ တမလွန်ဘဝကို လက်မခံသည့် ဥစ္ဆေဒဝါဒ (Annihilationist) ဖြစ်ကြောင်း အဋ္ဌကထာဆရာက မှတ်ချက်ပေးသည်။ 

ဗုဒ္ဓက “အဂ္ဂိဝဿန (ဒီဃနခ၏ မျိုးရိုးအမည်)… ဤသို့ဆိုက ‘အယူ အားလုံးအား လက်သင့်မခံ’ ဟူသော အယူကိုလည်း လက်မခံနိုင်ပါ သလော”ဟု မေးခွန်း တုန့်ပြန်၏။ 

ဗုဒ္ဓက ဒီဃနခ၏ အဆိုသည် အချင်းချင်း ဝိရောဓိ ဖြစ်နေသည်ကို ထောက်ပြ လိုက်ခြင်းဖြစ်သည်။ “ငါ ပြောသမျှအားလုံး အမှားချည်း ဖြစ်သည်” ဟူသော အဆိုကဲ့သို့ ဒီဃနခ၏ စကားသည် အဓိပ္ပါယ်ဆန့်ကျင်ဖက် ဖြစ်နေသည်။ ဒီဃနခကလည်း ထိုအချက်ကို ရိပ်မိသည်။ “လက်ခံသည်ဟု ဆိုပါက (အခြား အယူရှိသူတို့နှင့်) အတူတူပင် ဖြစ်နေပါလိမ့်မည်” ဟု ဆို၍ မိမိ စကား၏ ချို့ယွင်းချက်ကို ဖုံးကွယ်ကာ မိမိ အယူအဆအား ဆက်လက် ဖက်တွယ်ထားသည်။

လောကတွင် မိမိ၏ အယူအဆ၌ အချင်းချင်း မညီမညွတ် ဝိရောဓိ ဖြစ်နေသည်များ ရှိသည်ကို ရိပ်မိကြသော်လည်း၊ မိမိ၏ အယူကိုလည်း မစွန့်လွတ်နိုင်၊ သို့မဟုတ် အခြားသော အယူတစ်ပါး အားလည်း စွဲလမ်းနေကြသည်သာ များ၏။ မိမိ၏ အယူအဆအား စွန့်လွတ်၍ တစ်ပါးသော အယူအားလည်း မစွဲလမ်းသူတို့သည် အလွန်နည်းပါး ကြ၏။

အယူဝါဒများနှင့်စပ်၍ (၁) အချို့က အားလုံးအား နှစ်သက်လက်ခံ၏ (၂) အချို့က အားလုံးအား မနှစ်သက် လက်မခံ (၃) အချို့ကား အချို့ကို နှစ်သက်လက်ခံ၍ အချို့ကို မနှစ်သက် လက်မခံ ဟု သုံးမျိုး ဖြစ်ရှိသည်။ ဤသုံးမျိုးတို့တွင် အားလုံးအား နှစ်သက်လက်ခံသော ပထမအယူသည် တပ်မက်မှု အစွဲအလမ်း အနှောင်အဖွဲ့တို့နှင့် နီးစပ်သည်။ အားလုံးအား မနှစ်သက် မယုံကြည်သည့် ဒုတိယအယူသည် တပ်မက်မှု အစွဲအလမ်း အနှောင်အဖွဲ့တို့ ကင်းခြင်းနှင့် နီးစပ်သည်။ ဗုဒ္ဓက ဤသို့ မိန့်ကြားလိုက်သောအခါ ဒီဃနခပရိဗိုဇ်သည် “အရှင်ဂေါတမသည် မိမိ၏ အယူဆအား ချီးမွမ်းပေ၏” ဟု ဝမ်းသာအားရ ဖြစ်လေသည်။ 

ဘာသာအယူဝါဒတို့ကို စွဲလမ်း ဖက်တွယ် ထားခြင်းထက်၊ လွတ်လပ်စွာ တွေးခေါ်ခြင်းက အနှောင်အဖွဲ့ ကင်းသည်။ စိတ်ဖိစီး လွမ်းမိုးခံရမှု ကင်းသည်။ သို့သော် အမှန်တကယ် လွတ်လပ်စွာ တွေးခေါ်ခြင်း မဟုတ်ဘဲ၊ အခြားသော အယူဝါဒ အားလုံးတို့အား ငြင်းပယ်မှုကိုသာ ရှေ့တန်းတင်ကာ၊ မိမိ၏ ဘာသာမဲ့ဝါဒသည်သာ အမှန်၊ အခြားသော ဘာသာအယူဝါဒတို့သည် အချည်းနှီး အလကား (ဣဒမေဝ သစ္စံ, မောဃမညံ) ဟု တရားသေ ဆုပ်ကိုင်လိုက်ပါက ဝိဝါဒကွဲပြားခြင်း၊ အငြင်းပွား ရန်များခြင်းတို့၏ အကြောင်းသာ ဖြစ်ပေလိမ့်မည်။ မည်သည့် အယူဝါဒမျိုးပင် ဖြစ်စေ “ဒါသာအမှန် ကျန်တာ အမှား” ဟု လှေနံဓားထစ် ကောက်ချက်ဆွဲခြင်းသည် အမှန်တရားအား သစ္စာဖောက်ခြင်း ဖြစ်သည်။ မိမိ ယုံကြည်ထားသည်ကို အမှား-အမှန် လက်တွေ့ မှတ်ကျောက်တင် မကြည့်နိုင်သေးပါက ထိုအယူအဆသည် အမှန် ဖြစ်နိုင်သလို, အမှားလည်း ဖြစ်နေနိုင်သည်။ တထစ်ချဆုံးဖြတ်မှု မပြုသေးဘဲ၊ ‘မိမိသည် ဤသို့ ယုံကြည်ပါသည်, ဤအယူအဆကို သဘောကျပါသည်’ ဟုသာ ဆိုပါမူ၊ အမှန်တရားအား သစ္စာဖောက်ရာ မရောက်၊ ‘သစ္စာစောင့်ရာ’ ရောက်သည်ဟု စင်္ကသုတ်တွင် ဟောထားသည်။ ထိုသို့ တထစ်ချ ဆုံးဖြတ်ခြင်း မပြုဘဲ၊ အယူဝါဒ အနှောင်အဖွဲ့တို့မှ ကင်းအောင် တွေးခေါ်သူတို့သည်သာ ဗုဒ္ဓ သဘောကျ, ချီးမွမ်းသော freethinkers များဖြစ်သည်။

စိစစ်ဝေဖန်မှု ကင်းမဲ့သော ယုံကြည်မှုသည် အခြေအမြစ်မရှိသည့် မျက်ကန်းယုံကြည်မှု ဖြစ်သည်။ အကြောင်းယုတ္တိကို စူးစမ်းဆင်ခြင်ကာ စဉ်းစားတွေးခေါ်ထားသည် ယုံကြည်မှုသည်လည်း ကိုယ်တိုင် မျက်မှောက်သိမြင်မှု ကင်းမဲ့နေသေးပါက မိမိယုံကြည်ထားသည့် အတိုင်း မှန်နိုင်သလို၊ မှားယွင်းကောင်း မှားယွင်းနိုင်သည်။ သို့သော် မည်သည့်အရာကိုမျှ ဆုံးဖြတ်ချက်မချနိုင်ဘဲ ယုံကြည်မှုကင်းမဲ့ကာ တွေဝေနေပါက အမှန်တရားကို ရှာဖွေနိုင်ရန်အတွက် ထက်သန်သည့် အားထုတ်မှု (အာရဒ္ဓဝီရိယ) ရှိမည် မဟုတ်။

သိပ္ပံစမ်းသပ်မှုများ၌ပင် ထိုက်သင့်သော ယုံကြည်မှုမျိုး (အနည်းဆုံး ယာယီယုံကြည်မှုမျိုး provisional faith/belief) ရှိမှသာ ထက်သန်သည့် စူးစမ်းရှာဖွေမှုကို ပြုနိုင်သည်။ ထို့ကြောင့် ထိုက်သင့်မှန်ကန်သည့် ယုံကြည်မှု ရှိမှသာ စိတ်အား ထက်သန်ခြင်း, ဇွဲလုံ့လရှိခြင်း, တာဝန်မဲ့ မနေခြင်း (ထာမဝါ ဒဠှပရက္ကမော အနိက္ခတ္တဓုရော) ဖြစ်နိုင်သည်ဟု သဒ္ဓါတရား၏ အရေးပါမှုကို ဣန္ဒြိယသံယုတ်၊ အာပဏသုတ်တွင် ဟောထားသည်။ သိပ္ပံပညာရှင်သည် ထက်သန်သော ယုံကြည်မှုဖြင့် စူးစမ်းလေ့လာပြီးနောက် စမ်းသပ်ချက်၏ အဖြေက မိမိ ယုံကြည်ယူဆထားသည်နှင့် ကွဲလွဲနေပါက ထိုအယူအဆကို ဖက်တွယ်မထား စွန့်လွှတ်ပစ်နိုင်ရသည်။ မျက်ကန်းယုံကြည်မှု ဟုပြောဆိုကြခြင်းသည် ယုံကြည်မှု၏ ပြဿနာမဟုတ် ယုံကြည်မှုကို မျက်စိစုံမှိတ်၍ ဖက်တွယ်စွဲလမ်းထားခြင်းကသာ ပြဿနာ ဖြစ်သည်။ ကိုယ်တိုင် မျက်ဝါးထင်ထင် သိမြင်သွားပါက ယုံကြည်ခြင်း-မယုံကြည်ခြင်းက အထူးတလည် ပြဿနာမဟုတ်တော့ (ရာခိုင်နှုန်းပြည့် ယုံကြည်သည်ဟု ပြောနိုင်သလို, ယုံကြည်မှု သက်သက်မဟုတ်ဘဲ လက်တွေ့သိမြင်သည်ဟုလည်း ပြောနိုင်သည်)။ ဓမ္မပဒ ဂါထာတစ်ပုဒ်တွင် အရှင်သာရိပုတ္တရာအား ‘မယုံကြည်သူ’ (အသဒ္ဓေါ) (တနည်း သူတပါး၏ အပြောတွင် လမ်းမဆုံးသူ) ဟူသည့် ဂုဏ်ပုဒ်တပ်ထားသည်။ 

မိမိ၏ အယူအဆအား ချီးမွမ်းသည်ဟု ဒီဃနခပရိဗိုဇ်သည် ဝမ်းသာအားရ ဖြစ်သောအခါတွင် လေးနက်သောတရားတို့ကို ဆက်လက်နာကြားရန် အဆင်သင့်ဖြစ်လာသည်။ သို့သော် ကဇော်ရည် ထည့်ထားသည့် ဗူးတောင်းမှ ကဇော်ရည်တို့ကို မသွန်ဘဲ၊ ထောပတ် တင်လဲတို့ ထည့်၍ မဖြစ်နိုင်သကဲ့သို့ မိမိ၏ အယူအဆသည်သာ အမှန်ဟူသည့် အစွဲအလမ်းကို မဖျောက်ဘဲ လေးနက်သောတရားတို့ကို နားကြားခံယူနိုင်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် မည်သို့သော အယူပင်ဖြစ်စေ တရားသေ ဆုပ်ကိုင် စွဲလမ်းခြင်း၏ အပြစ်ကို အရင်ဟောခြင်း ဖြစ်သည်။ 

ထို့နောက်မှ ဒီဃနခပရိဗိုဇ်အား ရုပ်ကမ္မဋ္ဌာန်းနှင့် ဝေဒနာကမ္မဋ္ဌာန်းတို့ကို ဆက်လက် ဟောကြားတော်မူသည်။
မြတ်စွာဘုရားက ဒီဃနခပရိဗိုဇ်အား ဝိပဿနာတရားများ ဟောကြားနေသောအခါတွင် ဒီဃနခ၏ ဦးရီးတော် ဖြစ်သည့် အရှင်သာရိပုတ္တရာက ဗုဒ္ဓမြတ်စွာအား ယပ်ခတ်ပေးနေရင်း၊ တရားနာကြားခွင့် ရသည်။ အရှင်သာရိပုတ္တရာသည် ထိုစဉ်က ရဟန်းသက် သီတင်းနှစ်ပတ်မျှနှင့် သောတာပန်အဆင့်တွင်သာ ရှိသေးသည်။ တရားတော်ကို နာကြားရင်း တရားသဘောတို့ကို အဖန်ဖန် ဆင်ခြင်ကာ အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်လေသည်။ ဒီဃနခပရိဗိုဇ်သည်လည်း မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူနှင့် သို့လော သို့လော ယုံမှားသော ဝိစိကိစ္ဆာတို့ကို အမြစ်မှ ပယ်သတ်၍ သောတာပန် အဖြစ်သို့ ရောက်၏။ အယူဝါဒတို့ကို မှားယွင်းစွာ စွဲလမ်း ဆုပ်ကိုင်ခြင်း ကင်းသော freethinker အစစ်သို့ ရောက်သည်ဟုလည်း ဆိုနိုင်ပါသည်။

P.S. ကာလမသုတ်ကို "'ပွင့်လင်းသော နှလုံးသားနှင့် ထောက်တည်ရာ ရှာမှီးခြင်း" စင်္ကီသုတ်ကို "ပွင့်လင်းသော နှလုံးသားဖြင့် သစ္စာတရား ရှာမှီးခြင်း" ဆိုတဲ့ အမည်နဲ့ ရေးထားတာကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်  ... http://www.mediafire.com/.../Kalama_Sutta_and_Canki_Sutta...