ခင်လေး (Aotearoa) - ဒုတိယလှိုင်း၊ သတိပေးချက် အဆင့် ၁ (၉၆ ရက်မြောက်နေ့)
ဒုတိယလှိုင်း၊ သတိပေးချက် အဆင့် ၁ (၉၆ ရက်မြောက်နေ့)
ခင်လေး (Aotearoa)
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၁
ကျောင်းပြန်ဖွင့်ကထဲက အလုပ်တွေ အရမ်းရှုပ်နေလို့ စာမရေးဖြစ်ပေမယ့် ကိုးဗစ် သတင်းလေးတွေ တက် တက်လာတိုင်း စိတ်ကူးလေးနဲ့ ရေးရေးနေတာ၊ ကျောင်းပိတ်တာနဲ့ ရေးပစ်လိုက်မှာဆို မှန်းထားပြီးသား။ ကာကွယ်ဆေး အကြောင်းတွေ၊ လက်လီ အရောင်းတွေ ကျမလိုလိုနဲ့ ခရစ္စမတ် စျေးဝယ်ချိန်မှာ တက်လာတဲ့ အကြောင်းတွေ၊ ကိုးဗစ်ကြောင့် အော်ကလခ ဆိပ်ကမ်းက အလုပ်တွေ နှောင့်နှေးနေလို့ အော်ကလန်မှာ ကမ်းကပ်လို့ မရတဲ့ ကုန်တင် သဘေႅာအကြောင်းတွေ၊ ကမ္ဘာအနှံ့မှာ ရောက်နေကြတဲ့ နယူးဇီလန်သား အတော်များများနဲ့ ရှယ်ယာတွေမှာ စုငွေတွေမထားချင်ကြတော့တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဝိုင်းဝယ်နေကြလို့ မတန်တဆတက်လာနေတဲ့ အိမ်စျေး မြေစျေးအကြောင်းတွေ တစ်ပုံကြီးပဲ။
ဒီနေ့ကစပြီး ကျောင်းပိတ်ပြီဆိုတော့ လွတ်လပ်ရေး ရပြီဆိုပြီး ဘာစလုပ်ရ ကောင်းမလဲလို့ စဥ်းစားလိုက် တာ မနေ့ညက တောင်းလေးတစ်လုံး ရက်ဖြစ်တယ်။ ဒီနေ့မနက်နိုးနိုးချင်း မျက်နှာစာအုပ်ကြီးဝင်ကြည့်တော့ မြန်မာ့အသံနှစ်ပတ်လည် တိုက်ရိုက်ဖျော်ဖြေပွဲ တွေ့ပါလေရော။ ကိုးဗစ်ကျေးဇူးကြောင့် အဲဒီပွဲတွေ ကြည့်လို့ ရတာဆိုပြီး သူ့ကိုတောင် ကျေးဇူးတင်ရမလို။ ရုပ်ရှင် နှစ်၁၀၀ပြည့်၊ တက္ကသိုလ် နှစ်၁၀၀ ပြည့်ပွဲတွေလဲ ကိုယ်ကြည့်ဖြစ်တော့ မြန်မာ့အသံနှစ်ပတ်လည် အဖွင့်တီးလုံးက ဘာဖြစ်မလဲဆို စဥ်းစားကြည့်နေတာ၊ ရုပ်ရှင်တုန်းက “ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင်” ကျောင်းကျတော့ “မြကျွန်းညိုညို” ရုံးကျတော့ ဘာဖြစ်မလဲပေါ့နော်။ (မြန်မာ့ရုပ်မြင် သံကြားမှာ ၆ နှစ်လောက် လုပ်ခဲ့ဘူးတော့ မြန်မာ့အသံကို ကိုယ်က ရုံးလို့ ခေါ်ပါတယ်။)
စလဲဖွင့်လိုက်ရော တက်လာတာက စံတော်ချိန်တီးလုံး၊ ပထမတော့ ဂရပ်ဖစ်ကလေးတွေ လိုက်ကြည့်ပြီး ကြည့်လို့ကောင်းတယ် ရုံးကြီး လှလိုက်တာပေါ့၊ စက္ကန့် ၃၀လဲကျော်လာရော ထိုင်ရမလို ထရမလို ပြေးရ တော့မလို လူက မတည်မငြိမ်တွေ ဖြစ်လာတာ။ ငါဘာဖြစ်တာလဲဆို ပြန်စဥ်းစားကြည့်တော့မှ သတင်းခန်းက တီး လုံးရှည်တဲ့ ညတွေမှာ ကိုယ်လုပ်ခဲ့တာတွေကို ကိုယ့်ဦးနှောက်က ပြန်လုပ်ဖို့ အသင့်ပြင်နေတာဆိုတာ သတိ ထားလိုက်မိတယ်။ ၆နှစ်လုံးလုံး သေရေးရှင်ရေးလောက် အရေးကြီးတယ်လို့ ဦးနှောက်မှာ ရေး ထားခဲ့တဲ့ လိုင်းကလေး အတွင်းထဲအထိ အသားကျစိမ့်ဝင်နေတော့ ဖျက်မရတဲ့ ဆေးမှင်ကြောင်လို ကိုယ်နဲ့ တသက်လုံး ရှိနေမှာ။ စံတော်ချိန်တီးလုံးနဲ့အတူ ပြေးခဲ့ရတဲ့ညတွေ ရိုင်းပင်းကူညီ ချစ်ခင်ခဲ့ကြတဲ့ ပြေးဖေါ် ပြေးဖက် လုပ်ဖေါ်ကိုင်ဖက်တွေအားလုံး ကိုယ့်ဆီ ပြန်ရောက်လာကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တည်ဆောက်ခွင့်၊ ကမ္ဘာကြီးကို ကြည့်မြင်နားလည်ခွင့်ပေးခဲ့တဲ့ နေရာမို့ ကိုယ့်တသက်လုံး ကျေးဇူးတင် သတိရနေမှာပါ။
သေချာစဥ်းစားကြည့်လိုက်တော့ စံတော်ချိန်တီးလုံးက ရုံးရောက်မှ မဟုတ်ဖူးပဲ။ မေမေက ရေဒီယိုကြိုက် တယ်။ ကိုယ်တို့ငယ်ငယ်က အိမ်မှာ ရေဒီယို အမြဲဖွင့်ထားလေ့ရှိတယ်။ မနက် ၇ နာရီ ကိုယ်လက် လေ့ကျင့် ခန်းက စလို့ ရုံးဖွင့်ရက်တွေဆို ၈နာရီ ရုံးသွားချိန်အထိ ပိတ်ရက်ဆို ၉နာရီ အဂ်လိပ်ပိုင်းပြီးတဲ့အထိပဲ။ မနက် ၈ နာရီ စံတော်ချိန်တီးလုံးက ကိုယ်တို့ မနက်ခင်းရဲ့ အသက်ပဲ၊ ၈ နာရီ စံတော်ချိန်တီးလို့မှ ကားပေါ်မရောက် ရင် နာမယ်သာပြင်၊ အကုန်တန်းစီပြီး နောက်ကျတော့မှာလေ။ အဲဒီတော့ စံတော်ချိန် အရေးပေါ်လိုင်းကလေး က ငယ်ငယ်လေးထဲက ကိုယ့်ဦးနှောက်ထဲမှာ ရှိနေခဲ့တာ ထင်ပါရဲ့။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က သတင်း အပြီး ပေါ့ပေါ့ပါးပါး သတင်းမှတ်တမ်းလေးတွေ လွှင့်တဲ့ 7 Sharp ဆိုတဲ့ အစီအစဥ်မှာ အဲဒီချန်နယ်လ်က တနဂ်နွေညတိုင်းလွှင့်တဲ့ အစီအစဥ်တစ်ခုလာရင် ပျော်ပြီး အမြီးလေးတနှံ့နှံ့နဲ့ ကြည့်တတ်တဲ့ ခွေးကလေး အကြောင်းပြောသွားတာကိုတောင် သတိရလာသေးရော။
အခုကျောင်းပိတ်ရက်က ခရစ္စမတ်ကျောင်းပိတ်ရက်ဆိုတော့ အကုန်လုံး နှုတ်ဆက်ကြ ဆုတောင်းကြ လက် ဆောင်တွေ ပေးကြနဲ့ ပျော်စရာပါပဲ။ ခရစ္စမတ်ပါတီ၊ ဆုပေးပွဲ၊ နှစ်ကုန်ဖျော်ဖြေပွဲ၊ နှုတ်ဆက်ပွဲ၊ တက်ရသမျှပွဲ တွေ အကုန်လုံးမှာ ၂၀၂၀ နဲ့ ကိုးဗစ်ကို မြန်မြန်ပြီးပါစေ နောက်နှစ်ကိုမပါလာပါစေနဲ့လို့ အားလုံးက ဆု တောင်းကြပါတယ်။ သားတို့ကျောင်းက ဆရာမကြီးက ခံနိုင်ရည်ရှိမှုဟာ အရေးပါပြီး ဘာဖြစ်လာလာ နောက်မဆုတ်ပဲ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်နိုင်ဖို့ကြိုးစားခဲ့ကြတဲ့ကလေးတွေ မိဘတွေ ဆရာ/ ဆရာမတွေကို ကျေးဇူး တင်ကြောင်းပြောတော့ ကိုယ်ပြုံးမိတယ်။ ခံနိုင်ရည်ရှိမှုဟာ နယူးဇီလန်ရဲ့ မူကြို သင်ရိုးမှာ အဓိက အရေးကြီးဆုံးပါ။ ကိုယ်က မူကြိုဆရာမပါ။ ကလေးပိစိလေးတွေရဲ့ ဆရာမဖြစ်ရတာကို ဂုဏ်ရှိတယ်လို့ထင်ပါတယ်။ ကိုယ့်ကလေးတွေကို ဘာဖြစ်လာလာ ရင်ဆိုင်နိုင်ဖို့ အဓိကထားပြီးမွေးလာတော့ သူပြောတာနဲ့ သွားတိုက်ဆိုင်နေတာနဲ့ ပြုံးမိတာပါ။
၂၀၁၈ နောက်ပိုင်းကစလို့ ကလေးတစ်ယောက်ရဲ့ ပထမရက် ၁၀၀၀ ဟာ ဘယ်လောက် အရေးကြီးကြောင်း၊ ဦးနှောက်ရဲ့ အခြေခံ အုတ်မြစ်တွေအကုန်လုံးဟာ အဲဒီအချိန်မှာ ချလို့ အရာရာတိုင်းကို အလေးအနက်ထားကြဖို့ လိုကြောင်း၊ မွေးကင်းစကတည်းက မိဘရဲ့ နေ့စဥ် ဂရုစိုက်အရေးယူမှုတွေဟာ နောက်ပိုင်းဘဝတစ်လျောက်မှာ ဘယ်လောက် သက်ရောက်မှုရှိကြောင်းတွေကို ဦးနှောက် သုတေသန ပညာရှင်တွေက အချက်အလက် အထောက်အထားမျိုးစုံတွေနဲ့ တင်ပြလာကြပါတယ်။ ကိုယ်ကတော့ ၂၀၀၂ ခုနှစ် ဘာသာဗေဒသင်ယူမှု အတန်းထဲမှာကထဲက ကျောင်းသားတစ်ယောက်ရဲ့ ဘဝကို တကယ်ကိုယ်ဖြစ်စေချင်လို့ပုံသွင်းချင်ရင် အငယ်ဆုံး အချိန်မှာ သင်ပေးရင် ရနိုင်ခြေအများဆုံးပဲဆိုတာကို မှတ်ထားမိခဲ့ပါတယ်။ ဒါကြောင့် မူကြိုဆရာမလုပ်ဖို့ ကျောင်းသွားတက်ခဲ့တာပါ၊ သူများကလေးတွေတင် မဟုတ်ပဲ ကိုယ့်ကလေး တွေ အတွက်ပါ အကျိုးရှိခဲ့တာမို့ ကိုယ်ဝါသနာပါတာတွေ လုပ်ချင်တာတွေ အများကြီးကို စွန့်လွှတ်ခဲ့ရပေမယ့် ကိုယ်ကျေနပ်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ။
ခင်လေး (Aotearoa)
20:00 p.m. 12.12.2020 Saturday
ဒုတိယလှိုင်း၊ သတိပေးချက် အဆင့် ၁ (၁၄၂ ရက်မြောက်နေ့)
ဒီနေ့သတင်းကြည့်ပြီး ကိုယ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုးဗစ်ကူးစက် ခံရတဲ့သူ မီလီယံပေါင်း ၁၀၀ ကျော်သွားပြီး ယူကေမှာ ကိုးဗစ်ကြောင့် ဆုံးတဲ့သူ ၁ သိန်းကျော်သွားတဲ့ အတွက် တစ်မျိုးသားလုံးအတွက် ဝမ်းနည်းစရာ အကောင်းဆုံးနေ့လို့ သတ်မှတ်လိုက်ရပါတယ်တဲ့။ အတော်များများထပ်ပြီး အသက်ဆုံးရ လိမ့်ဦးမယ်လို့လဲ ပြောနေပါတယ်။
နယူးဇီလန်ကလူတွေ ကျောင်းပိတ်ရက်ရှည်မှာ တိုင်းပြည်အပြင်ဘက် ထွက်မလည်ရတာလွဲလို့ ပျော်ပျော် ရွှင်ရွှင် မိသားစုနဲ့ လည်နိုင် ဆုံနိုင်ကြပေမယ့် ကမ္ဘာ့နိုင်ငံ အတော်များများမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အရှိန် ကောင်းကောင်းနဲ့ ကူးစက်နေဆဲပါပဲ။ ဒီတိုင်းနေရင် ပုံမှန်လို ဖြစ်နေပေမယ့် လွန်ခဲ့တဲ့ ၂ ရက်လောက်က မြောက်ပိုင်းစွန်းက မြို့မှာ အမျိုးသမီးတစ်ယောက် ကွာရန်တင်းစင်တာကထွက်ပြီး တစ်ပတ်အတွင်းမှာ တောင်အာဖရိကလာတဲ့ ပိုးမျိုးစိတ် ကူးစက်ခံနေရတာ တွေ့ရတယ်၊ သူသွားခဲ့တဲ့နေရာကလူတွေအားလုံး ကြောက်လန့်ပြီး ဆေးစစ်ဖို့ တန်းစီ၊ ဆိုင်တွေ ပိတ် ဆိုတဲ့ သတင်းတွေ ကြားရပြန်တော့ ဘာမှ စိတ်အေးစရာ မရှိဘူးဆိုတာ သတိပြန်ဝင်လာရောပေါ့။ မမြဲခြင်းဟာ မြဲတယ်ဆိုတာ ဒီလိုအဖြစ်အပျက်တွေက သက်သေခံ နေတာပါပဲ။
ကာကွယ်ဆေးတွေထွက်လာနေပြီ၊ အမေရိကန်၊ ယူကေတို့မှာ စထိုးနေပြီ၊ တစ်ချို့ လူကြီးတွေ ထိုးပြီး မကြာ ဘူး အသက်ဆုံးကြတယ်၊ ကာကွယ်ဆေးကြောင့် ဟုတ်မဟုတ်မသိသေးဘူး၊ စတဲ့ စတဲ့ သတင်းတွေက တော့ နေ့စဥ်ပျံ့နေတာပါပဲ။ ကာကွယ်ဆေးတွေ နယူးဇီလန်အတွက် ၅ မီလီယံဖိုး ဝယ်ပြီးပြီလို့ ဝန်ကြီးချုပ် ကပြောနေပေမယ့်လဲ ဘယ်တော့ရောက်မယ်ဆိုတာ ခုချိန်ထိ မသေချာသေးပါဘူး၊ ဧပြီလောက်မှ အရေးကြီး တဲ့ လူတွေက စထိုးပေးနိုင်မယ်လို့လဲ ပြောနေပြန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခြေအနေဆိုးပြီး တကယ်လိုနေတဲ့ နေရာတွေ အရင် ပို့ရမယ် အီးယူက သူတို့ကို နောက်ချန်ထားတာ မတရားဘူး ဆိုတာတွေ ကလဲ ရှိနေပြန်ရော။ အော်ဇီက ဆေးထုတ်တဲ့ ကုမ္ပဏီတွေက လိုင်စင်ရထားပြီ၊ ဒေသတွင်းထုတ်ပြီးဖြန့်မယ် ဆိုပြန်တော့လဲ ဘယ်မှာပဲ ထုတ်ထုတ် အရင်လိုတဲ့ဆီ အရင်သွားရမတဲ့၊ ကြည့်သေးတာပေါ့နော်။
ပြီးခဲ့တဲ့ အပတ်ကပဲ တုန်ဂါနဲ့ ကွတ်ကျွန်းက လာတဲ့ လေယာဥ်က ခရီးသည်တွေကို ကွာရန်တင်းလုပ်စရာ မလိုပဲ ဝင်ခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းလာတော့ ပျော်စရာပေါ့နော် တက်စမန်တစ်ဝှန်း ဒီလို သွားလို့ ရရင် ကောင်းမယ်လို့ စိတ်ကူးယဥ်နေတုန်းရှိသေး လူနေရပ်ကွက်ထဲမှာ ကူးစက်ခံရတဲ့ သတင်းလဲထွက်လာ ရော အော်ဇီက နယူးဇီလန်ကလာတဲ့သူတွေ သူတို့နိုင်ငံထဲ ကွာရန်တင်းမလုပ်ပဲ ပေးဝင်တာကို ၃ ရက် ပိတ် လိုက်ပါရော။ အလုပ်လုပ်ဖို့သွားမယ့် အမျိုးသမီးလေးတစ်ယောက်ဆို ငိုလို့၊ ဒီမှာ အလုပ်ရှာမရလို့ ဟိုမှာ အလုပ်သွားလုပ်မလို့ဟာ ခုတော့ ၂ ပတ် ကိုယ့်စားရိတ်နဲ့ကိုယ် ကွာရန်တင်းလုပ်ရမယ်ဆိုတော့ ဒုက္ခပေါ့၊ အနည်းဆုံး ဒေါ်လာ ၃၀၀၀ လောက် အသာလေးထွက်မှာ၊ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့။
ရှေ့အပတ်ဆိုကျောင်းပြန်ဖွင့်တော့မယ်၊ ကလေးတွေ ကျောင်းပြန်တက်လို့ မရဘူးဆို မိဘတွေ အတွက် နောက်တစ်ပူပေါ့။ သတင်းတွေမှာတော့ ကူးစက်ခံရတဲ့ အမျိုးသမီးနဲ့ ထိတွေ့မှု ရှိနိုင်တဲ့ သူတွေရဲ့ ဆေးစစ် ချက်တွေမှာ ပိုးမတွေ့ရဘူးလို့ ပြောတော့ lock down တော့ မဖြစ်လောက်ပါဘူးလို့ မှန်းနေကြပါတယ်။ အားလုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းနေရတာပါပဲ။
ကျန်းမာရွှင်လန်းကြပါစေ။
ခင်လေး (Aotearoa)
20:00 p.m. 12.12.2020 Saturday
