Breaking News

မောင်သော်တာ - ကဗျာရှိကြောင်းအပိုင်းအစများ

ကဗျာရှိကြောင်းအပိုင်းအစများ
မောင်သော်တာ
(မိုးမခ)၊ ဇန်နဝါရီ  ၂၈၊ ၂၀၂၁

၁။

တအားကိတ်လွန်းတယ်
ကဗျာထဲဆီလီကွန်ထည့်ထားတာတဲ့

အမှားတစ်ခုပါပဲ
အတိမ်းအစောင်းတစ်ခုပါပဲ
အများထဲကဖဲ့ထွက်လာတဲ့အစင်ကလေးတစ်ခုပါပဲ

သွေဖည်မှုဆိုပေမယ့်
ဆန့်ကျင်မှုဆိုပေမယ့်
သီးခြားဖြစ်တည်မှုအလှကိုတွေ့ကြည့်စမ်းချင်တယ်

ဘယ်သူ့ရဲ့အမှန်ကိုရင်ဝလာထိုးစိုက်ပေးဖူးပါသလဲတဲ့

လေပြည်ညင်းလေးလိုဝေးသွားပြီးမှရင်ထဲသိမ့်ခနဲကျန်စေခဲ့ချင်ပါတယ်
မဆုံတဲ့လမ်းတွေအများကြီး

လေလိုလွင့်သွားခဲ့
လေနဲ့လွင့်လာ
သစ်ရွက်ကြွေ
ဟောင်းရွက်ကြွေ
ဆီလီကွန်ကျွတ်ကျသွားတဲ့သစ်ပင်ကြီးလည်း
ကြည့်တတ်ရင်ကဗျာဖြစ်နေဦးမယ်ထင်ပါရဲ့

မျက်နှာလေးရယ်၊အရာရာတိုင်းမှာရည်ရွယ်ချက်ရှိပြီး
အဲဒီရည်ရွယ်ချက်ကနေလွတ်ကင်းသွားအောင်လုပ်ပေးရမှာဖြစ်တယ်(ဒီးန်ယန်းဂ်)

ကျွန်တော်ချစ်တာကဗျာပဲ
ကဗျာဟာဘာကြောင့်ကဗျာဖြစ်သလဲဆိုတော့ဟိုးရှေးပဝေသဏီကတည်းက
ရှိခဲ့တဲ့
ကဗျာ့ထုံးတမ်းတွေနဲ့ဆက်လက်စကားအပြန်အလှန်ပြောဆိုနေတဲ့အတွက်
သူ့ကိုယ်သူကဗျာလို့အခိုင်အမာပြောနိုင်တာဖြစ်တယ်(ဒီးန်ယန်းဂ်)

အပိုင်းအစတွေပါပဲ
အစပိုင်းမှာဒီလိုပဲစခဲ့......

၂။

တချို့ကဗျာတွေက စကားပြေဆန်လွန်းခြင်းချောက်ကမ်းပါးကိုကျသွားတယ်။ ဒီ့ထက်ဆိုးတာက ဆောင်းပါးပုံစံဖြစ်သွားတာပဲ၊ တော်တော်ဆိုးတယ်
ကဗျာတစ်မျိုးလို့ပြောလို့မရတော့ဘူး
ကဗျာနှစ်မျိုးလို့ပြောလိုက်ပါတော့
ဟိုလိုရေးပါလား၊ ဒီလိုရေးပါလားလို့လည်း ဘယ်သူ့ဘယ်သူကိုမှ ဆရာကြီးဝင်မန့်လို့လည်းမရပါဘူး
အဲဒီတော့
လွှတ်ထားပေးလိုက်တာအကောင်းဆုံးပဲ
သံပတ်ကုန်ရင်သူ့အလိုလိုသူရပ်သွားမှာပဲ
ကဗျာကိုအဖြောင့်သဘောနဲ့မရေးဘဲ အကွက်သဘောနဲ့ရေးဖို့ သြဝါဒတွေလည်း ဖတ်ဖူးပါတယ်
တချို့အကွက်သဘောတွေကျပြန်တော့လည်း အမယ်ဘုတ်ကယ်သူ့ချည်မျှင်လို ဘယ်အစကိုဆွဲထုတ်ရမယ်မသိတော့ဘူး
ကဗျာတစ်ပုဒ်ဖတ်သိနားလည်ခံစားနိုင်ဖို့ ၄ အသချေင်္နဲ့ ကဗျာ ၁ သိန်းပဲလား
ကဗျာပရိသတ်အနေနဲ့ပုညကြိယာ ၁၀ ပြားဖိုးလောက်ဝယ်စားခိုင်းလေဦးမလားမသိ

အပိုင်းအစတွေပါပဲ
တစ်စချင်းပိုင်းမိပြီ

၃။

ဘယ်သူ့ဘယ်သူရေးတာကိုမှမဝေဖန်ပါဘူး
အားလုံးနဲ့ခြုံပြီး ကိုယ်သိသလောက်လေးပြောဖြစ်တာပါ။
ကဗျာရဲ့ပင်ကိုယ်သဘောကလွတ်လပ်ပါတယ်
လွတ်လပ်တဲ့ကဗျာရဲ့သဘောနဲ့ ကဗျာရေးသူရဲ့လွတ်လပ်စိတ်က တစ်ထပ်တည်းကျတယ်လို့ပြောလို့ရသလို
သီးခြားသဘောတွေဆန်တာလည်း ရှိလိမ့်မယ်ထင်တယ်
အမြန်ရထားစီးသူလိုပေါ့
ရထားကမြန်နေတာလား
စီးတဲ့လူကရောခရီးအမြန်ရောက်နေတာမဟုတ်ဘူးလား
အဲဒီလိုတွေးမိတယ်

တချို့အပိုင်းအစလေးတွေလည်းထွက်လာတတ်တာမို့ပါ

၄။

ကဗျာမှာ ငါဗဟိုရ်ပြုအရေးအဖွဲ့တွေကိုစွန့်လာကြတယ်
ဟိုက္ကူကဗျာရေးဖွဲ့ကြတဲ့အခါ ဆာတိုရီအလင်းကိုဉာဏ်မသက်ဝင်ဘဲနဲ့ရေးတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်လို့ကြားဖူးတယ်
ငါဗဟိုရ်ပြုအကြောင်းကိုပြောကြတဲ့အခါ
ငါဆိုတဲ့ပညတ်နယ်ကိုဘ ယ်လောက်အထိဉာဏ်မိထားပြီလဲ
ငါကိုသက္ကာယတရားလို့ထင်မြင်ပြီလား
ငါမဟုတ်တဲ့တခြားသောသက္ကာယနယ်ကလွတ်မြောက်နေပြီမို့လား
သက္ကာယကိုထွင်းဖောက်သိမြင်ပြီလားမေးစရာတွေရှိလာတယ်
တရားစခန်းတစ်ခုကပြန်လာတဲ့ယောဂီဟာသလေးတစ်ခုကြားဖူးတယ်။တခါက
ယောဂီတစ်ယောက်တရားစခန်းကပြန်လာတယ်။ ငါဆိုတာအတ္တ၊ သက္ကာယ၊ ပညတ် စသည်ဖြင့် သူနားလည်သလောက်နားလည်သလိုစိတ်ထဲထည့်ပြီးပြန်လာတာ
သူပြောတာက
ငါမရှိဘူး
ငါမဟုတ်ဘူး၊ အဲဒီတော့ထမင်းဆာလို့ သူ့မိန်းမကိုသူပြောလိုက်တာက
ကျွန်တော်ထမင်းစားချင်တယ်တဲ့

ငါဗဟိုရ်မပြု
ကျွန်တော်ဗဟိုရ်ပြုကဗျာတွေဖြစ်သွားရော
ပညတ်နယ်ကအင်မတန်ကျယ်ဝန်းလှသကိုး

ဒါလည်းအပိုင်းအစတစ်ခုပဲလားမသိ

၅။

ကဗျာဆိုတာတစ်ဦးချင်းကိစ္စဆိုတာကရေးနေတဲ့ဖြစ်စဉ်မှာပါ။ မီဒီယာတစ်ခုပေါ်ကိုပို့လွှတ်လိုက်ပြီဆိုရင်တော့ အများရဲ့ဖတ်ရှုဝေဖန်မှုတွေ ဝင်ရောက်လာတော့တာပဲ။ မကျေနပ်ရင် ကိုယ်ရေးပြီးကိုယ်မှတ်စု note တစ်ခုခုထဲ သိမ်းထားလိုက်ရုံပေါ့

ခေတ်ပေါ်ကဗျာရေးကြတဲ့အကြောင်းအင်တာဗျူးတွေကိုဖတ်ရတဲ့အခါအဲဒီတုန်းကတစ်ယောက်ရဲ့ကဗျာကိုတစ်ယောက်ကြည့်ပြီးရေးခဲ့ကြတယ်လို့ဖတ်ရဖူးပါတယ်။(အောင်ချိမ့်နဲ့ကဗျာလောက)
ရင်ဘတ်ချင်းဂျက်ပင်ထိုးကြတယ်(ကိုချော)

တစ်ယောက်နဲ့တစ်ယောက် စကားလုံးသုံးပုံ၊ နိမိတ်ပုံဖွဲ့နွဲ့ပုံ၊ ရေးဟန်ရေးလက်အကဲခတ်ခဲ့ကြတဲ့သဘောပါ။ ပင်မရေစီးနဲ့ချိတ်ဆက်ခဲ့ကြတဲ့သဘောလို့ထင်ပါတယ်။ တစ်ဦးချင်းကိစ္စပါဆိုတာကိုငြင်းပယ်လို့မရပေမယ့်၊ ငါ့မြင်းငါစိုင်းကြတာမျိုးတော့မဟုတ်ခဲ့ကြပါဘူး
ကဗျာအလုပ်ရုံလေးနည်းနည်း (ရှားရှားပါးပါး) ရှိခဲ့ကြတယ်။ တစ်ဦးချင်းကိစ္စထက်ကျယ်ပြန့်ခဲ့ပါတယ်

ကဗျာပရိသတ်ကိုစောင့်ခေါ်ကြဖို့တော့လိုလိမ့်မယ်လို့ထင်တာပါပဲ

(စိတ်ထဲပေါ်လာတဲ့အခါရေးဖြစ်နေဦးမှာပါ
ပညာရှင်သဘောမဟုတ်ပါဘူး
ကိုယ့်ရေးဟန်နဲ့ကိုယ်ရေးနေကြတဲ့သူတွေကိုစိတ်အနှောင့်အယှက်ပေးမိတာမျိုးလည်းမဖြစ်ချင်ဘူး
ကဗျ ာtalkingမျိုးပါ
ချစ်တဲ့မိတ်ဆွေချင်းတွေ့ကြတဲ့အခါပြောဖြစ်ဆိုဖြစ်ကြတဲ့ပုံစံမျိုးလေးရေးတာပါ
စိတ်ဆိုးစရာလည်းမရှိ၊စိတ်မဆိုးတတ်ကြတဲ့သူတွေအတွက်ပါ
ကိုယ့်အမြင်လေးနဲ့ကိုယ်
လက်ခံနိုင်သလောက်ပြောဖြစ်ရုံလေးပေါ့)

၆။

ကဗျာရေးသူတိုင်းမှာ လွှမ်းမိုးမှုခံခဲ့ရတဲ့အရိပ်တွေရှိလိမ့်မယ်ထင်ပါတယ်။ ကိုယ့်စိတ်နဲ့နှိုင်းပြီးပြောမိတာပါ။ အထက်တန်းဆင့်မြန်မာကဗျာကိုသင်ကြားခဲ့ရတုန်းက ကဗျာကိုကိုယ်တိုင်ရေးရစကောင်းချည်ရယ်လို့မသိခဲ့ဘူး။ အချစ်ကဗျာ ၃ ကြောင်းကဗျ ာပို့စကဒ်တွေဖတ်ရတော့မှ ကိုယ့်စိတ်ထဲရှိတာရေးလို့ရသားပဲလို့တွေးမိခဲ့တယ်။ အချစ်ကဗျာတွေကို သူများရေးသလိုလိုက်ရေးတာ။ အချစ်ဝတ္ထုတွေဖတ်ပြီးစိတ်ကူးယဉ်အတွေးနဲ့ရေးခဲ့တာမို့ ကဗျာအကြောင်းဘာမှမသိပါဘူး။ မဂ္ဂဇင်းထဲကအချစ်ကဗျာဆရာတွေရဲ့ကဗျာတွေက သင်ဆရာမြင်ဆရာ၊ လေ့လာစရာဖြစ်ခဲ့ပါတယ်။ ၈၅.၈၆.၈၇ မိုးဝေမဂ္ဂဇင်း၊ ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတွေထဲကကဗျာတွေကို လစဉ်လိုလိုဖတ်မိပေမယ့် ရေးမြဲရေးတာက အချစ်ကဗျာတွေပါပဲ။
နောက်ပိုင်းကျမှ (၈၈ အရေးတော်ပုံကြီးကြောင့်ခေတ်ရော၊ ဘဝအခြေအနေအသိအမြင်တွေရောပြောင်းလဲ) အချစ်ကဗျာတွေလည်း မရေးဖြစ်တော့ဘူး။
ကဗျာရေးလက်နုံနဲ့နေချိန်မှာ မဂ္ဂဇင်းကဗျာဆရာကြီး ဇော်ပျဉ်းမနား နဲ့ ရင်းနှီးနေထိုင်ခွင့်ရခဲ့၊ ကဗျာမီးလှုံခဲ့ရတာပါ။ ဦးဇော်ရဲ့အရိပ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။
ကျနော့်လိုမဟုတ်ဘဲ ကိုယ့်ရုန်းထမှုနဲ့ကိုယ်ရုန်းထလွတ်မြောက်ခဲ့သူတွေလည် းရှိမှာပါ။ ကျနော်ပြောချင်တာက ကဗျာသင်ယူမှုအဆင့်တစ်ခုပါ။ အရိပ်လွှမ်းမိုးမှုလို့ပြောချင်ပါတယ်။
ကျနော်တို့ရှေ့ကရေးခဲ့ကြတဲ့ကဗျာဆရာအားလုံးဆီက ကျနော်တို့သင်ယူခဲ့ကြတယ်လို့ ယူဆမိပါတယ်

Thaw sent January 26 at 9:47 PM

၇။

ကဗျာတွေဘာကြောင့်ရှည်

ကျနော်ပထမဦးဆုံးဖတ်ခဲ့ရတဲ့ကဗျာရှည်တွေက ဆရာဒေါင်းနွယ်ဆွေရဲ့လွမ်းလိပ်ပြာတောင်နှင့်ကဗျာရှည် ၄ ပုဒ်ပါ။ ၁၉၈၄ လောက်ကပါ။ (အဲဒီကဗျာစာအုပ်ကိုပဲခူးကောလိပ်မှာတုန်းက ကျနော်တို့ရဲ့ဆရာသံလျှင်မောင်ဝင်းဝါကို ပေးဖတ်တာ။ ပြန်မယူဖြစ်ခဲ့ဘူး)

ကဗျာကိုဘာကြောင့်ရှည်ရှည်ရေးဖြစ်သွားတာလဲ။ ရေးကတည်းကအရှည်ကြီးရေးမယ်လို့ကြံစည်ပြီးရေးတာလား။ အကျယ်တဝင့်ရေးမှရင်ထဲကအစိုင်အခဲပြေပျောက်မှာမို့လို့ရှည်သွားတာလား။ ပန်းချီဆေးစက်တို့သလိုစုတ်ချက်တွေဖြည့်ရင်းအဖွဲ့အနွဲ့ကျန်မှာစိုးရတာနဲ့ ကဗျာလိုင်းတွေများသွားတာလား။ (တချို့လည်း တောင်စဉ်ရေမရလေကြောရှည်သလို လက်ဘရိတ်မအုပ်နိုင်လို့လား)

အခင်းအကျင်းတွေအရပါဝင်ဇာတ်ကောင်တွေအရ အတွေးတွေထည့်ရလို့လား။ ရသတွေထောင့်စုံအောင်ပေးချင်လို့လား။ အရှည်ရေးတော့ လူရှိန်တာပေါ့လို့ ခပ်ကြောင်ကြောင်တွေတော့ မဟုတ်ဘူးထင်ပါတယ်။

သူများရေးတာလိုက်ဖတ်ရင်း သူများလိုရေးကြည့်မိပြီးတော့မှ ဘယ်သူနဲ့မှမတူအောင်ရေးကြည့်ရတာမဟုတ်လား။ ကဗျာပုံသဏ္ဍာန်နဲ့ကဗျာအကြောင်းအရာတွေဟာခေတ်နဲ့အတူလိုက်ရွေ့နေပါတယ်။ မြင်နေကြရေးနေကြ'တွေကိုအဟောင်းသတ်မှတ်ပြီးအသစ်ကိုရှာကြတယ်။ အဖြောင့်သဘော'ပုံကနေ ကွေးညွတ်တဲ့သဘောကိုမျက်စိကျ။ အဲဒီကရိုးလာတော့ပြန်ဖြောင့်။ အရွေ့ရှိမှအလုပ်ဖြစ်တယ်ထင်တာလေ။

ကဗျာအပိုဒ်လိုက်လေးတွေရေးကြ။လိုင်းအရှည်ကြီးတွေဆွဲဆန့်လိုက်ကြ။အပြားကြီးတွေဖြစ်သွား။
ယုံကြည်သလိုရေးကြတယ်။
ကဗျာရေးသူရဲ့စိတ်ထဲကျေနပ်သွားတဲ့အထိရေးကြတယ်။

ကဗျာရေးသူရဲ့ဝသီကိုလည် းသူ့ကဗျာထဲမှာမြင်ရတတ်တယ်
လူတွေကိုကြည့်ပါလား
တချို့ကခင်မင်ရင်းနှီးမှုကိုတည်ဆောက်လို့တဖွဲ့တနွဲ့စကားဆိုတတ်တယ်။
တချို့ကတစ်ခွန်းဆိုင်လိုပဲ။ တိုတိုပြတ်ပြတ်။ စိတ်မရှည်။
တချို့က တောရောက်တောင်ရောက် ကပေါက်တိကပေါက်ချာ။
တချို့ကဂျလေဘီဆန်ဆန် .....

၈။

ကဗျာတစ်ပုဒ်စီတိုင်းဟာ မီဒီယာစနစ်တစ်ခုခုနဲ့ချိတ်ဆက်နေလေ့ရှိတာတွေ့ရတယ်။ တချို့ကဗျာတွေကရွတ်မှ ၊ရွတ်လို့ကောင်းတဲ့ကဗျာပေါ့။ တချို့ကဗျာတွေကမရွတ်ဘဲဖတ်ကြည့်မှဖြစ်တဲ့ ကဗျာတွေပေါ့။
ကဗျာရဲ့အသက်ဟာလိုင်းပဲတဲ့။ 
(ဒီးန်ယန်းဂ်)
ဂန္ထဝင်ကဗျာတွေတုန်းကအပြားလိုက်ကြီးစီခဲ့ကြဖူးတာပဲ။ နတ်သျှင်နောင်ရဲ့ရတုတွေဆိုရင် စာအုပ်ထဲမှာအပြားလိုက်ကြီးစီထားတာ။ ပုံနှိပ်ခဲစာလုံးအတတ် ပညာခေတ်မို့ပဲလို့ထင်ပါတယ်။ ကွန်ပျူတာစာစီခေတ်ကိုရောက်လာတော့ ကဗျာကိုပလ္လင်ပုံစံစီတာတွေတွေ့ရတယ်။ လက်ရေးနဲ့ပဲရေးရေး၊ ပုံနှိပ်နှိပ်
ကဗျာတပုဒ်ရဲ့ လိုင်းအစီအစဉ်၊ စာစုအထူအပါးဟာ ကဗျာဖတ်သူရဲ့မြင်သိစိတ်ကိုတို့ထိဖမ်းဆုပ်မှုရှိနေတတ်ပါတယ်။
ကဗျာဟာကဗျာဖြစ်ကြောင်းဖြစ်တည်မှုကို ရေရေရာရာထောက်မပြနိုင်လည်းဘဲ ကဗျာဖြစ်မဖြစ်ကိုလက်ခံတဲ့စည်းကတော့ အခုကဗျာပရိသတ်တွေသိနေကြတာပါ

၉။

ဖန်တီးတင်ဆက်မှုတိုင်းမှာဣန္ဒြေလိုမလိုတွေးကြည့်မိတယ်။
ကဗျာမှာစကားလုံးလော်လီမှု၊ လိုင်းလော်လီမှု၊ subject လော်လီမှုတွေက ကဗျာကိုပြန်ဖျက်ဆီးတတ်ပါတယ်။ ကဗျာရေးသူရဲ့စိတ်ယောက်ယက်ခတ်မှုကိုဗဟိုခွာအား'လို့ ထင်ယောင်ထင်မှားလည်းဖြစ်တတ်ကြပြီး အဆန်းအပြားနောက်ကိုလိုက်သွားမိတယ်။
ဖန်တီးမှုအတွက် အမြဲသတိချပ်မိနေတာက မည်းပြာပုဆိုးအဟောင်းအမြင်း။

ဒီချောက်ကမ်းပါး ၂ ဘက်ကိုရှောင်နိုင်လွတ်နိုင်အောင် စိတ်ဣန္ဒြေတည်ငြိမ်ဖို့အရေးကြီးတယ်လို့ထင်ပါတယ်။ ကဗျာကိစ္စမှမဟုတ်ပါဘူး။ ဘယ်နေရာမှာမဆိုမျက်စိနောက်အောင်ရှုပ်ရှက်ခတ်နေရင် ဘယ်လိုအရသာမှ မပေးစွမ်းနိုင်ပါဘူး

၁၀။

ကဗျာနဲ့ပတ်သက်ပြီးစဉ်းစားမိ၊ပြောမိတဲ့အခါတိုင်း ကဗျာဆိုတာဘာလဲလို့ တိတိကျကျ မဖမ်းဆုပ်နိုင်သေးပါဘူး။ ကဗျာရှိကြောင်းအချက်အလက်တွေကိုလိုက်စုနေရဆဲပါပဲ။ ကဗျာ'လို့ဖြစ်နိုင်ခြေရှိတဲ့စကားလုံးတွေ၊လိုင်းတွေ၊ အပြားတွေ၊ အတိုအစတွေနဲ့အသံတွေ၊ အသံမမြည်တဲ့အရေးအသားတွေ၊ ပြကွက်တွေ၊ အခင်းအကျင်းတွေကိုရေနံအစမ်းတွင်းတူးသလို (ရေနံအစမ်းတွင်း = ကိုချောရဲ့စကားလုံး)၊ ရွှေကျင်သလိုသဲ့ယူစစ်ယူတူးဖော်ယူရှာဖွေယူနေကြတာပါ။ဘယ်သူတွေတွေ့ရှိသွားပြီ းဘယ်သူတွေရောက်ရှိသွားပြီရယ်လို့ မှန်းဆ/မျှော်လင့်/ဖတ်ရှုနေပါတယ်။
ကဗျာရှိကြောင်းလက်ခံနိုင်မှုငြင်းပယ်မှုတွေကြားမှ ာကဗျာဆက်ရေးနေမှာပါပဲ။
ကဗျာဆရာအောင်ချိမ့်ရဲ့အင်တာဗျူးအဖြေတစ်ခုမှာ ကဗျာ'ဖြစ်'တယ်လို့အလွယ်တကူပြောလို့မရနိုင်ပေမယ့်၊ ကဗျာ'မဖြစ်'ဘူးဆိုတာကို သိနိုင်ပါတယ်တဲ့။ကဗျာပရိသတ်ကိုဆွဲဆောင်နိုင်မှုကတော့ အလိုအပ်ဆုံးဖြစ်နေမှာပါပဲ

(အကြောင်းအားလျှော်စွာဆက်လက်တွေးဆနေဦးမှာပါ)

မောင်သော်တာ