Breaking News

တည်ဘွားဦး - နာရီ

နာရီ
တည်ဘွားဦး
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၁

အချိန်အကြာကြီး
လွင်တီခေါင်ထဲ
အော်သံကိုပြန်မျှားရ
ဒီတစ်နှစ်လုံး မုန်တိုင်းမိတယ် ၊

လေယျာဉ်ပျံနဲ့ ငှက်နဲ့
ဝင်တိုက်မိသလိုမျိုး ၊

ပင်လယ်ပြင်မှာ
သင်္ဘောမှောက်သလိုမျိုး ၊

သူယုတ်မာက သူတော်ကောင်း   ယောင်
ဟန်ဆောင်ထားသလိုမျိုး ၊

အမှန်တိုင်းပြောရရင်
နောက်ပွင့်မယ့်ဘုရားကိုမျှော်တယ်
မာန်နတ်တွေကို မျိုးတုန်းစေချင်တယ် ၊

ကမ်းခြေဆိုတာ
အမြဲတန်း
လှိုင်းပုတ်တဲ့ဒဏ် ခံရစမြဲပါ ၊

ရူးတယ်
သူရူးဟာ
အပင်မြင့်လေ
လေတိုက်လေ ၊

စစ်မှန်သော
လောကဓံတရားကို တွေ့ချင်မိရဲ့
သံဟာ သံလိုက်တုံးကို တွေ့သလိုမျိုး ၊

အခု ဝဋ်လည်ပြီ
ကောင်းကင်ပေါ်က ပျက်ကျတဲ့ စွန်လို ၊

နာရီထဲကနေ
မျိုးရိုးဗီဇတွေ ထွက်ကျလာဦးမလား
အချိန်အကြာကြီးထဲက
ဘယ်သူမှ မလွှတ်မြှောက်နိုင်တော့ ။   ။

 8  1  2021
2  :30 pm