Breaking News

ဧရာ(မန္တလေး) - ကလေးအတွေး နဲ့ မင်္ဂလသုတ္တန်



ဧရာ(မန္တလေး) - ကလေးအတွေး နဲ့ မင်္ဂလသုတ္တန်

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၁

Nurturing the Good Nature


"လူမိုက်နဲ့ မပေါင်းနဲ့" လို့ ဆိုတဲ့နေရာမှာ ပုဂ္ဂလသဘောကို ကျော်ပြီး ဓမ္မသဘောနဲ့ လူမိုက် ဖြစ်ကြောင်းတရားတွေကို မမှီဝဲ မဆည်းကပ်နဲ့ နှစ်သက်-မြတ်နိုး-တန်ဖိုးထားခြင်း မပြုနဲ့လို့ ကောက်ယူနိုင်ကြောင်း ရေးခဲ့တယ်။
ဒါပေမယ့် ဒီလို ဓမ္မရှုထောင့်ကနေ ယူလိုက်ရင် မင်္ဂလသုတ်ရဲ့ ဒေသနာစဉ် ပျက်သွားပါလိမ့်မယ်။ အကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်ခြင်း မပြုနဲ့ ကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်လို့ ဆိုရင် ဓမ္မသဘောအရ "မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမအနှစ်ချုပ်ထဲ အကုန်ပါသွားပြီး နောက်ထပ် မင်္ဂလာတွေကို ဆက်ဟောစရာ မလိုတော့ဘဲ ဖြစ်သွားနိုင်လို့ ဟောစဉ် ဒေသနာစဉ် ပျက်တယ်လို့ ဆိုတာပါ။ 

ဒုတိယအနေနဲ့ကတော့ ကောင်းဆိုး ခွဲခြားနားမလည်နိုင်သေးတဲ့ ကလေးသူငယ်တွေအတွက် "ဘာက မကောင်းမှု၊ ဘာက ကောင်းမှု၊ ဘယ်သူက လူမိုက်၊ ဘယ်သူက လူလိမ္မာ" လို့သိဖို့ အတွက် မိဘဆရာသမားရဲ့ လမ်းညွှန်မှု လိုအပ်နေလို့ပါ။ ကလေးဆိုတာက သူမြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က အမူအကျင့်၊ ဓလေ့စရိုက်နဲ့ အတွေးအခေါ်တွေကို အတုယူတတ်ကြလို့ပါ။ ပတ်ဝန်းကျင်ရဲ့ သြဇာသက်ရောက်မှု သဘောကို ငါးရာ့ငါးဆယ် ဇာတ်တော်တွေမှာ ရသေ့ရဲ့ ကျောင်းသင်္ခမ်းနဲ့ သူခိုးဓားပြတွေဆီ တကွဲတပြားစီ ရောက်သွားကြတဲ့ ကျေးညီနောင် (ဇာတကအမှတ် ၅၀၃၊ သတ္တိဂုမ္ဗဇာတ်)၊ ခြေခွင်တဲ့ မြင်းထိန်းကြောင့် လိုက်ပြီး ခြေခွင်သွားတဲ့ မင်္ဂလာမြင်း (ဇာတကအမှတ် ၁၈၄၊ ဂီရိဒတ္တဇာတ်)၊ တမာပင်၊ ခွေးတောက်ပင်တို့နဲ့ ရောယှက်ပေါက်လို့ အခါးသီးတွေ သီးလာတဲ့ သရက်ပင် (ဇာတကအမှတ် ၁၈၆၊ ဒဓိဝါဟနဇာတ်) စသဖြင့် ဟောကြားထားတဲ့ ပုံဝတ္ထုတွေ အများကြီး ရှိပါတယ်။ 

ဒီနေ့ခေတ် Neuroscience နဲ့ Psychology ပညာရှင်တွေရဲ့ သုတေသနအရလည်း ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်ခံကြပါတယ်။ လူတွေ ပြုမှုပြောဆိုတွေးခေါ်ပုံတွေရဲ့ ၉၅% လောက်ကို သူတို့ရဲ့ မသိစိတ်က လွှမ်းမိုးထားတယ်။ မသိစိတ်ဆိုတာကလည်း မွေးကင်းစကနေ ၇-နှစ်သားအရွယ်အတွင်းမှာ ပုံပေါ်သွားတယ်။ တနည်းဆိုရင် လူတစ်ယောက်ရဲ့ မသိစိတ်ကို ၇-နှစ်အရွယ်အတွင်းမှာ programmed လုပ်ထားတာလို့ ဆိုနိုင်တယ်။ (ဗုဒ္ဓဘာသာအရတော့ မသိစိတ်ဆိုတဲ့ ဝေါဟာရက အငြင်းပွားစရာပါ)။

အမိဝမ်းထဲကနေ စလို့ ၂-နှစ်သားအရွယ်ထိ ကလေးငယ်တွေရဲ့ ဦးနှောက်မှာ delta wave ပိုပြီး အဖြစ်များတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဆိုရင် delta wave က အိပ်ပျော်နေတဲ့ အချိန်မှာပဲ ဖြစ်တတ်တယ်။ မွေးစကလေးငယ်လေးတွေက တချိန်လုံး အိပ်နေကြတယ်ဆိုတာက သူတို့ရဲ့ ဦးနှောက်မှာ delta wave တွေပဲ ဖြစ်နေလို့ပါ။ ဒီအရွယ်မှာ ဦးနှောက်က အာရုံငါးပါးကနေတဆင့် ရလာတဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကို စုဆောင်းကူးယူပါတယ်။ 

၂-နှစ်ကနေ ၆-နှစ်ရောက်တော့ theta wave တွေ အဖြစ်များလာတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဆိုရင် theta wave က စိတ်ညှို့ခံထားရတဲ့ အချိန်၊ တရားထိုင်တဲ့ အချိန်နဲ့ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေတဲ့ အချိန်မှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီအရွယ်ကလေးငယ်တွေက ပြင်ပလောကနဲ့ သူတို့ရဲ့ အဇ္ဈတ္တလောကကို ရောယှက်နေတဲ့ စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာ နေတတ်ကြပါတယ်။ စိတ်ညှို့ခံထားရသလို ဖြစ်နေတာကြောင့် တိရစ္ဆာန် အရုပ်ကလေးတွေနဲ့ ကစားနေတဲ့ ကလေးတစ်ယောက် အတွက်တော့ ဒီအရုပ်ကလေးတွေက တကယ့် တိရစ္ဆာန်လေးတွေနဲ့ သိပ်မခြားနားလှပါဘူး။ ဒီအရွယ်မှာ သူတို့ရဲ့ ဦးနှောက်က ယုတ္တိနည်းလမ်းကျ စဉ်းစားဖို့ထက် ဘာမဆို လက်ခံသင်ယူဖို့ တံခါး အပြည့်ဖွင့်ထားပါတယ်။ ဒါကြောင့် ပညာရေးအတွက် အရေးအပါဆုံး အရွယ်လို့ ဆိုလေ့ရှိပါတယ်။ ယုံကြည်မှု၊ ဓလေ့စရိုက် အတော်များများကလည်း ဒီအရွယ်မှာ ပုံပေါ်လာပါတယ်။ ၅-နှစ်ကနေ ၈-နှစ်မှာ ပတ်ဝန်းကျင်ကို ဆန်းစစ်သုံးသပ် အဓိပ္ပါယ်ဖော်ရာမှာ ဖြစ်လေ့ရှိတဲ့ alpha wave တွေက ပိုအဖြစ်များလာပြီး ၈-နှစ်ကျော်ရင်တော့ ယုတ္တိနည်းကျ စဉ်းစားတဲ့အခါမှာ ဖြစ်တဲ့ beta wave တွေက တဖြည်းဖြည်း ပိုပြီး လွှမ်းမိုးသွားပါတယ်။

ဒါကြောင့် သင်ယူမှုအတွက် တံခါး အပြည့်ဖွင့်ထားတဲ့ ကလေးငယ်ဘဝမှာ "လူမိုက်နဲ့ မပေါင်းဘဲ၊ လူလိမ္မာ ပညာရှိနဲ့ပေါင်းပြီး၊ ပူဇော်ထိုက်သူကို ပူဇော်" စေတာက ကလေးတွေကို ဘာကို တန်ဖိုးထားမြတ်နိုးရမလဲဆိုတဲ့ ကိုယ်ကျင့်တရားရဲ့ အခြေခံကို ပြုစုပျိုးထောင်ရာ ရောက်ပါတယ်။ ငယ်စဉ်က ဒီလို အရည်အသွေးတွေ မရခဲ့ရင် အမှားကို အမှန်ထင်တတ်ကြပြီး၊ ဒီလို အရည်အသွေးတွေ ခိုင်မာနေပါမှ ပတ်ဝန်းကျင်ဆိုးတွေရဲ့ ဆွဲဆောင် လွှမ်းမိုးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။