Breaking News

လင်းနွေးအိမ် - စောကလဲနီနဲ့ ဗိုလ်သံတုံး

စောကလဲနီနဲ့ ဗိုလ်သံတုံး
လင်းနွေးအိမ်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၁

ဒီနေ့ကရင်နှစ်သစ်ကူးနေ့ဆိုတော့ ကရင်ရိုးရာဝတ်စုံတွေနဲ့ဓါတ်ပုံတွေ ဖေ့ဆ်ဘွတ်မှာတင်ပြီး ဆုတောင်းပေးနေကြတာတွေ့ရတယ်။ တနိုင်ငံထဲအတူမွေးဖွားကြီးပြင်းကြတဲ့သူတွေအချင်းချင်း ချစ်ခင်ကြတယ်ဆိုတာတကယ့်ကိုမင်္ဂလာဖြစ်သလို ငြိမ်းချမ်းရေးလဲဖြစ်ပါတယ်။ 
ကရင်နွစ္ကူးနဲ့ ကရင္လူမ်ိုးတြေအေကြာင်း ေျပာနေဆိုနေကြတာျမင်တော့ က်နော်သတိသြားရတာက ၁၉၉၆ ခုနွစ္က အင်းစိန်ထောင္ထဲကေဆးရုံမွာ ၃ ရက်လောက်အတူနေခဲ့ရတဲ့ ဘိုကေလးဘက္က စောကလဲနီ ဆိုတဲ့ ကရင်ကြီးနဲ့ KNU က တပ္မွူးကြီး ဗိုလ်သံတုံးဆိုတဲ့ကရင်ကြီးပါ။

ကျနော်ကအဲဒီတုန်းက အစာအိမ်ရောဂါကြောင့် သီးသန့်ထောင်တိုက်ထဲကနေ ထောင်မကြီးဆေးရုံ ကိုသွားတက်ရတဲ့အချိန်မှာ သူတို့နှစ်ယောက်ကြားကနေရာမှာ အိပ်ခဲ့ရတာ။ စောကလဲနီအကြောင်း အရင်ပြောပြမယ်ဗျာ။ သူကဘိုကလေးမြို့နယ်ထဲကရွာတရွာက လယ်သမားကြီး။ ၁၉၉၁ ခုနှစ် ထော်ပိုင်စစ်ဆင်ရေးကာလမှာ တွေ့သမျှကရင်တွေကို စစ်တပ်ကသတ်ဖြတ်ဖမ်းဆီးပြီး အရှင်မိလာတဲ့ သူတွေကိုထောင် ၁၀ နှစ် အနှစ် ၂၀ ချထားတာ။ အဲဒီတုန်းက KNU က ဧရာဝတီတိုင်းထဲဝင်ပြီး နယ်မြေစိုးမိုးရေးလုပ်မှာမို့လို့ စစ်တပ်က စစ်ဆင်ရေးနဲ့နှိမ်နင်းတာလို့ဆိုတာပဲ။ ဒါပေမယ့် သူတို့ထုံးစံ အတိုင်း တကယ့် KNU စစ်စစ်တွေကိုပဲ ရှာဖွေဖမ်းဆီးနိုင်တာမဟုတ်ပဲ တွေ့သမျှကရင်တွေကို သိမ်းကျုံးဖမ်းတာ။ အဲဒီတုန်းက အိုင်စီစီတို့ အိုင်စီဂျေတို့ဆိုတာ ခုခေတ်လိုရေပန်းမစားသေးလို့ပေါ့။

ထားပါတော့။ ဆက်ပြောရရင် စောကလဲနီလဲ သူ့သားနှစ်ယောက်နဲ့အတူ အဲဒီစစ်ဆင်ရေးကာလမှာ အဖမ်းခံရပြီး ထောင် ၁၀ နှစ်ချခံရလို့ အင်းစိန်မှာရောက်နေတာ။ အဲဒီတုန်းက သူလေဖြတ်ထားလို့ ဆေးရုံတက်နေရတာပေါ့။ သူလမ်းမလျှောက်နိုင်ဘူး။ ထမင်းစားရင်လဲ လက်တွေကပါးစပ်ထဲရောက် အောင် တည့်တည့်မတ်မတ်မထည့်နိုင်လို့ နှုတ်ခမ်းမွှေးတွေမှာဆို ပဲဟင်းစတွေတောင်ခြောက်လို့။ ရေချိုးပေးမယ့်သူလဲမရှိဘူး။ ထောင်ဆေးရုံဆိုတာက သိတဲ့အတိုင်း၊ သိပ်လိုအပ်လို့သာထားတာ။ ဝဋ်ကျေတန်းကျေ ဆေးထိုးပေးမယ် ထမင်းကျွေးထားမယ်၊ ဒါပဲ။ ပြုစုပေးမယ့်သူမရှိဘူး။ ကျနော်က သူ့ကိုရေပတ်တိုက် ပေးတော့ သူကကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ကြည့်လို့။ စကားကကောင်းကောင်း မပြောနိုင်ဘူး။ တကယ့်ကိုပေယျာလကန်ပစ်ထားခံရတာပါ။ အဲဒီလိုနေရတဲ့ ကရင်အမျိုးသားကြီး စောကလဲနီက ဆေးရုံဆောင်အပေါ်ထပ်ခန်းမှာ ဖင်ဒရွတ်တိုက်ဆွဲပြီး ဝရံတာဖက်ကိုအမြဲသွားတယ်။ အဲဒီကနေ ဆေးရုံဆောင်ထောင့်မှာရှိတဲ့ လူသေရင်စစ်ဆေးတဲ့ ရင်ခွဲရုံဖက်ကို အမြဲငေးကြည့်နေတယ်။ ဘာလို့လဲလို့ စူးစမ်းကြည့်တော့ သူ့သားအငယ်က အဖမ်းခံရတုန်းကနှိပ်စက်ခံရတဲ့ဒဏ်တွေကြောင့် ထောင်ထဲမှာ သိပ်ကြာကြာမနေရတော့ပဲ သေသွားတော့ အဲဒီနေရာကိုပို့လိုက်လို့ သတိတရနဲ့ သူအမြဲကြည့်နေတာတဲ့။ သူ့ရင်ထဲဘယ်လိုရှိမလဲ ခံစားကြည့်နိုင်တာပေါ့။

ဗိုလ်သံတုံးအကြောင်းကတော့ ဒီလို။ သူက KNU ကတကယ့်တိုက်ခိုက်ရေးသမားတပ်မှူးကြီး။ ၁၉၈၂ လောက်မှာထင်တယ်။ ကျနော်မှားရင်တောင်တနှစ်နှနှစ်လောက်ပဲကွာမယ်။ အဲဒီတုန်းက KNU က ပဲခူးရိုးမပြန်လည်စိုးမိုးရေးအတွက်ဆိုပြီး သူဦးဆောင်တဲ့တပ်နဲ့တာဝန်ပေးလိုက်တဲ့အခါ တိုက်ပွဲမှာ ဖမ်းမိပြီး ထောင်ဒဏ်နှစ်အစိပ်ချခံထားရတာ။ ကျနော်နဲ့တွေ့တဲ့အချိန်က ၁၉၉၆ ဆိုတော့ သူ့ရဲ့ ထောင်သက်က အဲဒီအချိန်မှာ ၁၄ နှစ်လောက်ဖြစ်နေပြီ။ ၁၉၈၈ တုန်းက တထောင်လုံးနီးပါးကိုဖွင့်ပေး လိုက်တာတောင် သူတို့ကိုဖွင့်မပေးခဲ့ဘူး။ 

သူက ဘယ်ဖက်လက်ညှိုးတချောင်း အလယ်လောက် ကနေပြတ်နေတယ်။ အဲဒါဘာလို့ဖြစ်တာလဲ ဖထီးဆိုတော့ တခါတုန်းကသေနတ်ပြောင်းတိုက် မောင်းတင်စစ်ဆေးတုန်းကျည်ထွက်သွားလို့တဲ့။ တိုက်ပွဲဘယ်နှစ်ပွဲတိုက်ဖူးလဲဖထီးဆိုတော့ နှစ်ရာကျော်လောက်ရှိမယ်ထင်တယ်တဲ့။ သူက ထောင်ထဲ မှာ ၁၀ နှစ်ကျော်တိုက်ခန်းထဲ အာဟာရမပြည့်ပဲနေခဲ့ရလို့ အသည်းမှာရေဝင်ပြီး ဗိုက်ပူနေတယ်။ ဒါကြောင့်ဆေးရုံရောက်နေတာ။ တိုက်ထဲမှာ အစားအသောက်ဘယ်လိုဖန်တီးနေလဲဆိုတော့ ဒီလိုပဲ ကိုယ့်လူတွေကမျှကြွေးတယ်လေတဲ့။ အခုနောက်ပိုင်း ဦးစောနိုင်းနိုင်းကအဓိကကူညီပါတယ်တဲ့။ ဦးစောနိုင်းနိုင်းဆိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ကနေ အနိုင်ရ ထားတဲ့ NLD အမတ်။ သူလဲနှစ်ရှည်ထောင်ချခံထားရတာ။ အဲတော့ ဗိုလ်သံတုံးအကြောင်းဆက် ပြောရရင် သူကတော့ ရေဖျင်းစွဲနေတာမို့လို့ ဗိုက်ပူပြီး အစားအသောက်ကောင်းကောင်းမစား နိုင်တာကလွဲပြီး စကားပြောနိုင်တော့ ကျနော်နဲ့ တော်တော်လေးပြောဖြစ်ပါတယ်။ ဖထီးမိသားစု တွေက ဘယ်မှာလဲ၊ လာတွေ့လို့မရဘူးလားဆိုတော့ ကျနော့်မိသားစုတွေက အဖွဲ့အစည်းထဲမှာပဲ။ သူတို့မရှိတော့ဘူးလို့ ကျနော်ကလိမ်ထားတယ် ဖိုးမူရေတဲ့။ ထောင်ကျနေရတဲ့နိုင်ငံရေးအကျဉ်းသား တယောက်ဟာ မိသားစုမလာနိုင်ဘူးဆိုရင် အစားအသောက်ဆေးဝါးအတော်ခက်သလို၊ စိတ်ဓါတ် အရလဲ ထိခိုက်ရပါတယ်။ အထီးကျန်ဆန်လွန်းလှပါတယ်။ ဗိုလ်သံတုံးကအဲဒီအခြေအနေကို ဆယ်နှစ်ကျော်ကြံ့ကြံ့ခံနေတာပါ။ ဒါပေမယ့်သူလဲလူပဲလေ။ ညညဆို သံဒိုင်တွေကြားကမြင်ရတဲ့ ကောင်းကင်ကြီးကိုငေးကြည့်နေတတ်တယ်။ ကျနော်မပြန်ရခင်ညက သူဘာပြောလဲဆိုတော့ ထောင်ဆိုတာကြီး လူ့လောကမှာမရှိရင် မဖြစ်ဖူးလားနော်တဲ့။ 

ကျနော်ကိုယ်တိုင်လဲအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား။ နဖူး ပေါ်လက်တင်စဉ်းစားလို့မှ လွတ်ရက်ကိုစိတ်ကူးယဉ်လို့မရတဲ့ဘဝ။ ဒီလိုအခြေအနေမှာ ကျနော့် ထက်စောပြီး ထောင်ထဲရောက်နေတဲ့ ဘိုကလေးက စောကလဲနီက ကိုယ်တိုင်လေဖြတ်ပြီး၊ သေသွား တဲ့သားရဲ့ဝိဉာဉ်များတွေ့လိုတွေ့ငြား ရင်ခွဲတိုက်ကိုနေ့တိုင်းငေးနေတာကို စိတ်မကောင်းဖြစ်ရသလို၊ လွတ်မြောက်ရေးတိုက်ပွဲကြောင့် အကျဉ်းစံနေရတဲ့ သံမဏိလူသားကြီး ဗိုလ်သံတုံးရဲ့ လူ့လောကမှာ ထောင်ဆိုတာ မရှိရင်မဖြစ်ဖူးလားမသိဘူးနော်ဆိုတဲ့ စကားက ရင်ကိုမွမ်းကြပ်မိခဲ့တယ်။

နောက်ခြောက်လလောက်မှာ ဗိုလ်သံတုံးဆုံးပြီဆိုတဲ့အကြောင်းကို သီးသန့်ထောင်ထဲကနေ ကြား လိုက်ရတယ်။ စောကလဲနီတော့ဘယ်ရောက်သွားလဲမသိဘူး။ ကရင်နှစ်သစ်ကူးနေ့တွေလဲ သူတို့ အတွက်မဟုတ်ခဲ့တော့ဘူး။

လင်းနွေးအိမ်
ဇန်နဝါရီလ ၁၃ ရက် ၂၀၂၁။