Breaking News

ထွန်းဝင်းငြိမ်း - ငြိမ်းချမ်းရေး အဖွင့်



ထွန်းဝင်းငြိမ်း - ငြိမ်းချမ်းရေး အဖွင့်

(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၀

ဘဝတွေကို
ရွာထဲ ရွှေ့ချင်တာပေါ့။

အသက်တွေ မပါဘဲ
ငါ့အိမ် ငါ့ယာ
နေလို့မှ မရတာ။

ကံကို ယုံချင် ယုံလိုက်မယ်
ကျည်ဆံကို ဘယ်သူ ယုံရဲမှာလဲ။

ပြည်တွင်းစစ်နဲ့
အလိုမတူဘဲ နေ နေရတဲ့
ဒုက္ခသည်စခန်းက
မြေစာပင်တွေရဲ့
ဘာသာဗေဒလေ။

ငြိမ်းချမ်းရေးက
ပေါ့စတစ်* ဖြစ်နေပေမယ့်
တိုက်ပွဲတွေကို
လော့ဒေါင်း* မချနိုင်သေးဘူး။

တွေ့ဆုံဆွေးနွေးပွဲတွေ
ကျူ* ဝင်နေချိန်မှာ
ယုံကြည်မှုတွေက
ထိတွေ့လူနာ ဖြစ်နေရဆဲ။

“ကောင်းသောစစ်နဲ့
မကောင်းသော ငြိမ်းချမ်းရေးဆိုတာ မရှိ” ဆိုတဲ့
ခေတ်ဆွေးက ရွှေပြည်အေးဝါဒတွေ
လာ စား နေတယ်*။

မတရားသောစစ် ဆိုတာ ရှိခဲ့လို့
တရားသောစစ် ရှိတာလည်း တရားပဲပေါ့။

ဖောက်ပြန်တဲ့စစ် ရှိမှတော့
တော်လှန်တဲ့စစ်ဆိုတာ ပေါ်ပေါက်လာစမြဲ။

ငြိမ်းချမ်းရေးတိုင်း
ကောင်းတယ်လို့ ဆိုပါသလား။

လက်နက်ချဖို့ လက်မှတ်ထိုးရတဲ့
ငြိမ်းချမ်းရေးဟာ ကောင်းသလား။

လက်နက်နဲ့ ဒီမိုကရေစီလဲတဲ့
ငြိမ်းချမ်းရေးဟာ ကောင်းသလား။

အမြစ်ပြတ် ချေမှုန်းရေးဆိုတဲ့
ငြိမ်းချမ်းရေးဟာ ကောင်းသလား။

မြေကွက်နဲ့ ကားပါမစ်ရတဲ့
ငြိမ်းချမ်းရေးဟာ ကောင်းသလား။

ဆွေးနွေးပွဲ တံလျှပ်တွေနဲ့
အချိန်ဆွဲဆန့်ထားတဲ့
ငြိမ်းချမ်းရေးဟာ ကောင်းသလား။

ငြိမ်းချမ်းရေးဆိုတာ
စစ်ဝါဒီတွေရဲ့
အမြောင်မယား မဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ
အာဏာချုပ်ကိုင်ထားသူတွေရဲ့
ပချုပ်ဆိုင် မဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ
ကြားပွဲစားနဲ့ လေလံဆွဲသူတွေ
လုပ်စားဖို့ ထင်တိုင်းကြဲနေတဲ့
လောင်းကစားဝိုင်းလည်း မဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ
တောင်လဲရာ မြက်ပြတ်ခံနေရတဲ့
ပြည်သူလူထုရဲ့ အသက်တွေ
ဘဝတွေ အိုးအိမ်စည်းစိမ်တွေအတွက်
အာမခံချက်ရှိတဲ့ တရားမျှတမှုနဲ့ ဥပဒေအရ
အကာအကွယ်ပေးရမှာ မဟုတ်လား။

သူတို့ ဖွင့်ဆိုပုံက ရှင်းတယ်
အနိုင်တိုက်ပြီး ဒူးထောက်ခိုင်းထားတာမျိုးမှ
ပန်းတိုင်လို့ တလျှောက်လုံး ယုံကြည်ခဲ့တာ။

ထွန်းဝင်းငြိမ်း
၁၄၊ ၁၊ ၂၀၂၁
ပေါ့စတစ်* = Positive = ပိုးတွေ့ရှိသည့် ဆေးစစ်ချက်ရလဒ်
လော့ဒေါင်း* = Lockdown = အပြင်မထွက်ခိုင်းခြင်း
ကျူ* = Quarantine = ရောဂါမကူးစက်စေရန်ခွဲထားသည့် အချိန်ကာလ
လာ စား နေတယ်* = (ဘန်းစကား) = ခေါင်းစားအောင်လုပ်ခြင်း