Breaking News

ဘိုးညီတင့် - မရှိလို့မလှူမလှူလို့မရှိတဲ့ရွာသားများ



မရှိလို့မလှူ မလှူလို့မရှိတဲ့ ရွာသားများ
ဘိုးညီတင့်
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၁

ဆောင်းကအေးပေမဲ့ဇကလေးရင်ထဲချွေးပြန်နေတယ်။ ညကတညလုံးအိပ်မပျော်ဘူး။ ကြွေးပြဿနာဘယ်လိုရှင်းရမယ်မသိ။ မနက်လင်‌းတော့ ယာထဲလည်းမဆင်းချင်။ တဝက်တပျက်တူးပြီး ကြက်သွန်ခင်းကိုကြည့်ရတာ မကြည့်ရက်။ စစ်ဘေးဒုက္ခသည်စခန်းကိုဗုံးကြဲထားသလိုပဲ။ ဘယ်မှသွားချင်စိတ်မရှိလို့ စိတ်ပြေလက်ပျောက်ဘိုးညီတင့်အိမ်ထွက်လာခဲ့တယ်။ အိမ်မှာအခန့်သား တီဗွီကြည့်နေတဲ့ဘိုးညီတင့်ကိုတွေ့ရတယ်။ ဇကလေးကိုမြင်မြင်ချင်းဆီးမေးတယ်။

"ဇကလေး။ မင်းကြက်သွန်တူးပြီးမြို့သွားရောင်းတယ်ဆို။ ဘယ်ဈေးရသလဲကွ"

"မမေးပါနဲ့တော့ဘိုးညီတင့်ရာ။ ကြက်သွန်မျိုးဥဝယ်တုန်းက တစ်ပိဿာထောင့်နှစ်ရာ့ငါးဆယ်။ ကိုယ်ရောင်းရတော့တပိဿာနှစ်ရာ့ငါးဆယ်တဲ့။ ကြက်သွန်ရောင်းပြန်လာတော့ကြွေးရှင်တွေကလာ။ မဆပ်လောက်။ အိမ်ကမိန်းမကလဲပူညံပူညံ။ ကျုပ်တို့တောင်သူစာချိုးအတိုင်းပါဗျာ။ ကျယ်တရှဉ်း။ ကျဉ်းတဖက်တဲ့။ ကြက်သွန်ခင်းကျယ်ကျယ်စိုက်မိရင်နွားတရှဉ်းပြုတ်မယ်။ ကျဉ်းရင်တဖက်ပြုတ်မယ်ပေါ့။ ကျုပ်လဲယာထိုးအပ်ရမလား။ နွားဘဲရောင်းရမလားတညလုံးတွေးရင်းအိပ်မပျော်ဘူး။တောလဲမသွားချင်တာနဲ့ ဘိုးညီတင့်ဆီထွက်လာတာ"

"ဒါဖြင့်လဲလာထိုင်ကွာ။ရေနွေးကြမ်းသောက်ရင်းတီဗွီကြည့်။"

"ဘိုးညီတင့်ကလဲဗျာ။စိတ်ညစ်လို့မြစ်ကမ်းနားသွားထိုင်ပါတယ်။ ဇာတ်လှေကြီးဆိုက်လာသလိုလုပ်ပြန်ပါပြီ။ ခင်ဗျားတီဗွီကြည့်တော့လဲ ကမ္ဘာ့သတင်း၊မြန်မာ့သတင် းစိတ်ညစ်စရာကြီး"
"ခုသတင်းကစိတ်ညစ်စရာမဟုတ်ပါဘူးဇကလေးရ။ ဝမ်းသာစရာသတင်းကောင်း။ တရုတ်သံအမတ်ကြီး ဒို့ဗမာပြည်လာသတဲ့ကွ။"

"ဘာလဲဝမ်လိမ်ဆိုတဲ့လူလား။ တရုတ်က ကျုပ်တို့ကြက်သွန်နီ၊ သခွားဖရဲတွေ ဈေးကောင်းပေးဝယ်မလို့တဲ့လား"
"ဝမ်လိမ်မဟုတ်ပါဘူးဟ။ ဝမ်ယီပါ။ အစိုးရအ‌နေနဲ့ပါချီပါချက် ငါတို့တောသားတွေအရေးဆွေးနွေးနေပါ့မလား။ တောပျောက်၊ တောင်ပျောက်၊ မြစ်ပျောက်၊ ရွာပျောက် မဟာ့မဟာစီမံကိန်းကြီးတွေအတွက်လာတာနေမှာပေါ့။ ဝမ်းသာစရာကကိုဗစ်ရောဂါအတွက် ငါတို့နိုင်ငံကိုကာကွယ်ဆေးသုံးသန်းလှူမတဲ့ဗျာ။ ဒီ့ပြင်အကူအညီ‌တွေလဲပေးဦးမတဲ့"

"ဒါဆိုဝမ်းသာစရာပဗျာ။ ချမ်းသာတဲ့နိုင်ငံတွေကာကွယ်ဆေးထိုးနေကြတော့ ကျုပ်တို့ဆီဘယ်တော့ရောက်မလဲနားစွင့်နေရတာ"
"ဆင်းရဲတယ်ဆိုပေမဲ့ကာကွယ်ဆေးဝယ်ဖို့မပူနဲ့မောင်။ အစိုးရကဒေါ်လာသန်းနှစ်ရာ့ငါးဆယ်မတည်ပေးပြီး အလှူခံစာရင်းဖွင့်လိုက်တာ လှူလိုက်ကြတဲ့ငွေတွေသောက်သောက်လဲဗျ။ ဒေါ်လာရော၊ ကျပ်ငွေရောသန်းပေါင်းများစွာဗျ။"

"သာဓုခေါ်စရာပ ဘိုးညီတင့်ရယ်။ဟိုလွှတ်တော်အမတ်တွေကဒုတိယအကြိမ် နောက်ဆုံးလွှတ်တော်ခေါ်ပေးဖို့တောင်းဆိုနေတာကလည်း သူတို့ အမတ်မင်းလစာငွေတွေ ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့လှူချင်လို့ဆိုပဲဗျ"
"အမ်မယ်။ လစာငွေတင်မက သူတို့ယူမဲ့နိုင်ငံရေးပင်စင်တွေပါတောင်လှူမလိုလိုကြားတယ်"
"တနိုင်ငံလုံးအများလှူနေကြပေမဲ့ ကျုပ်တို့တတွေမလှူနိုင်တာ ဝမ်းနည်းမိတယ်ဘိုးညီတင့်ရယ်။"
"အေးကွ။ ငါတို့တောသားများ မရှိလို့မလှူ မလှူလို့မရှိ ဖြစ်နေကြရတယ်။ သူတို့လှူတဲ့သတင်းကြည့်ပြီး ကိုယ့်ဘဝကိုယ်ဝမ်းနည်းမိပါရဲ့၊ အော်ဒါကြောင့်လဲ ငါတို့ဆီ နှစ်သစ်ကူးကိတ်တို့ မွေးနေ့ကိတ်တို့ အမှတ်တရပို့မဲ့သူ မရှိတာနေမှာနော်"

"ဘိုးညီတင့်က ကိတ်မုန့်ဆိုလို့ ဟိုပုဂ္ဂိုလ်ကြီးတို့လင်မယား ကိုဗစ်ပိုးကူးစက်ခံနေကြရသတဲ့။ သူနှိပ်စက်လို့တနိုင်ငံအတိဒုက္ခရောက်ကြရတယ်။ ဒါပေမဲ့ကျုပ်တို့ကသဘောထားကြီးကြောင်း လူနာမေးကိတ်မုန့်တလုံး‌လောက်ပို့ပေးလိုက်ချင်ရဲ့။ ကိတ်မုန့်ဖိုးမတတ်နိုင်လို့သာ။"
"ဟ ဇကလေးရ။ ငါတို့ကိတ်မုန့်ဖိုးမတတ်နိုင်ပေမဲ့ ဘိန်းမုန့်လောက်တော့ ပို့နိုင်တယ်ပါတယ်။ ရွာကဘိန်းမုန့်သည်ကိုအော်ဒါမှာကွာ။ အပေါ်က ဒေါင်းရုပ်ကလေးပါပေစီ။"
"ဟုတ်သဗျို့။ဘိုးညီတင့် အကြံပေးသလိုလုပ်ဦးမှပဲ"

"ဘိန်းမုန့်နောက်ထား ကိုဗစ်နဲ့ပတ်သက်ပြီးငါတို့လည်း နိုင်င့တော်အတွက် တခုခုလုပ်ပေးချင်တယ်ကွာ။ ဇကလေးကြံစမ်းပါဦး"

"ကိုဗစ်ကာကွယ်ဆေးကတနိုင်ငံလုံးစာ တခါထဲမရလောက်ဘူး။ ရရချင်း ဆေး‌တွေကို ကျန်းမာရေးဝန်ထမ်းတွေအရင်ထိုးပေးမတဲ့။ ပြီးတော့ဗော်လံတီယာတွေ။ သက်ကြီးရွယ်အိုတွေ။ အာဏာပိုင်အစိုးမင်းများတွေ။ ထိုးချင်တဲ့သူတွေတန်းစီနေမှာဘဲ။ သူထိုးချင်၊ ငါထိုးချင်နဲ့ တာဝန်ရှိသူတွေ ဦးနှောက်ခြောက်ကြရလိမ့်မယ်။ ဒီတော့ကျုပ်တို့ရွာအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို နောက်ဆုံးကျမှထိုးပါမယ်လို့ အမေစုဆီ စာတင်ရရင် မကောင်းဘူးလား။" 

"ဟာ ကောင်းလိုက်တဲ့ ဇကလေးအကြံ။  ငါတို့ဥယျာဉ်သာတရွာလုံး ကာကွယ်ဆေးနောက်ဆုံးမှ ထိုးမယ်ဆိုတဲ့လက်မှတ် လိုက်ကောက်ကြမယ်ကွာ။ အင်း ဒီကိစ္စ တင်ဇော်ထွန်း ခိုင်းရမှာဘဲ။ အမေစုဆီ စာနဲ့တကွလက်မှတ်တွေပို့ကြမယ်။ စာကိုတော့ချောအောင် ဆရာလေးမြင့်ထူးကို aရးခိုင်းရမယ်ဟေ့"
"ဆရာလေးမြင့်ထူးရဲ့ စာစီခိုင်းရင် အင်္ဂလိပ်စာလုံး လေးငါးလုံးပါအောင် ထည့်ရေးခိုင်းဗျ။ အစိုးရအမိန့်စာတွေလိုပေါ့"
"အေး ဟုတ်သဟေ့။ ဒီကိစ္စအချိန်မဆိုင်းဘဲ စီစဉ်ရအောင်၊  ဆရာလေးမြင့်ထူးတို့ မောင်တင် မောင်တင်ဇော်ထွန်းတို့သွားခေါ်ကြချေ "

ဇကလေးတယောက် ကြက်သွန်ဈေးမကောင်းလို့စိတ်ညစ်တာ‌တွေပျောက်။ တက်ကြွလန်းဆန်းတဲ့အမူအရာနဲ့ရွာထဲကိုထွက်လာပါတော့တယ်။။  ။

မြန်မာပြည်သားအပေါင်းတယောက်မကျန် ကာကွယ်ဆေး ထိုးနှံခွင့်ရကြပါစေ။

ဘိုးညီတင့်