Breaking News

အောင်ဝေး - လ ရောင် မြ မြ



အောင်ဝေး - လ ရောင်  မြ မြ

(မိုးမခ) ဇန်နဝါရီ ၂၀၂၀

ဖီဒယ်
တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး
အရိုးကျတာ မဟုတ်ဘူး။

ဖီဒယ်
ဒီည
မင်းရဲ့ဂူဗိမာန်မှာ
လသာနေသလား။

မင်းရဲ့
ဝိညာဉ်ပေါ်မှာ
လသာနေသလား ဖီဒယ်။

၀က်ပင်လယ်အော်မှာ
ကာရစ်ဘီယံပင်လယ်ပေါ်မှာ
လရောင်ဖြာကျနေမလား။

သူငယ်ချင်းဖီဒယ်
စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ
လသာနေမယ်
မင်းရဲ့ဝိညာဉ်ပေါ်မှာ
လရောင်ဖြာကျနေမယ်ဆိုရင် ... ။

သူငယ်ချင်းဖီဒယ်
စန်တာကလာရာ က
ငါ ့ရဲ့အုတ်ဂူပေါ်
ငါ ့ရဲ့ကြေးရုပ်တုပေါ်
ငါ ့ဝိညာဉ်ပေါ်မှာလည်း
လသာနေမှာပဲ
လရောင်ဖြာကျနေမှာပါပဲ။

ငါ ယုံကြည်တယ်
ဖီဒယ်။

၁၉၅၉ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်
လွန်ခဲ့တဲ့ ၆၂နှစ်က
ဒီနေ့ပေါ ့။

"ဟာဗာနာ ကို ချီတက်ကြ" ဆိုတဲ့
တိုက်ပွဲခေါ်သံ။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ
ကက်စထရိုညီအစ်ကိုနဲ့
ချေဂွေဗားရား
ကျူးဘားကို သိမ်းပိုက်လိုက်ကြပြီ တဲ့။

ဖီဒယ်နဲ့ ရာအူးတို့ရေ
လွန်ခဲ့တဲ့(၆၂)နှစ်က
အဖြစ်တွေဟာ
မနေ့တစ်နေ့ကလို ပါပဲလား။

ကမ္ဘာကြီးပေါ်မှာ
မင်းတို့ ငါတို့ဟာ
စစ်အာဏာရှင်တွေကို တော်လှန်ဖို့
မွေးဖွားလာခဲ့ကြတာပါ။

ငါတို့ဟာ
ကျူးဘားအာဏာရှင်
ဘာတစ္စတာစစ်အစိုးရကို
တော်လှန်ခဲ့ကြတယ်။

ကျူးဘားတော်လှန်ရေး
၁၉၅၃ ကျောင်းသားတွေရဲ့
ဇူလိုင်(၂၆)လှုပ်ရှားမှုကစ
၁၉၅၉ ဇန်နဝါရီ(၁)
ဟာဗာနာကိုချီတက်ကြအထိ။

ငါတို့ရဲ့သမိုင်းဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းပါပဲ
ဖီဒယ်။

ငါတို့ရဲ့ပန်းတိုင်ဟာ
ငြိမ်းချမ်းရေးပါပဲ ဖီဒယ်။

အခုအချိန်ဆိုရင်
ငါတို့တော်လှန်ရေးစခဲ့တဲ့
မက္ကဆီကိုကမ်းလွန်
ဂရန်မာရွက်လှေပေါ်မှာ။

ကျူးဘားတောင်ပိုင်း
ဆီယာရာမစ်တရာလွင်ပြင်နဲ့
တောင်တန်း
ကြံခင်းတွေပေါ်မှာ။

အေးမြတဲ့လရောင်
ဖြာကျနေမှာပဲ ဖီဒယ်။

ယုတ်စွအဆုံးကွာ
၁၉၆ရ
ငါ ကျဆုံးခဲ့ရာ
ဘိုလီးဗီးယားက
တောင်တန်းတွေပေါ်မှာ။

ဒါမှမဟုတ်
ငါ ့ကိုကွပ်မျက်လိုက်ကြတဲ့
စာသင်ကျောင်းကလေးပေါ်မှာ။

ဒါမှမဟုတ်
ငါ ့ကိုမြှုပ်နှံခဲ့ကြတဲ့
လေယာဉ်ကွင်းဟောင်းလေးပေါ်မှာ။

အဲဒီ အက်မို့စဖီးယား
လသာနေမှာပဲ
ငါယုံကြည်တယ် ဖီဒယ်။

လရောင်ဖြာကျနေမှာပဲ
ငါ လွမ်းတယ် ဖီဒယ်။

ငါတို့ဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှလုံးသားနဲ့
ငြိမ်းချမ်းရေးသမားတွေပါကွာ။

ငါတို့ဟာ
ချိုးဖြူငှက်တွေပါကွာ။

ပန်းချီဆရာကြီး ပီကာဆို
သမီးလေးမွေးတော့
"ပါလိုမာ" လို့ နာမည်ပေးတယ်။

အဓိပ္ပာယ်က
"ချိုးဖြူမယ်" ပေါ ့။

ပီကာဆိုက
စပိန်ကွန်မြူနစ်ပါတီဝင်။
အဲဒီကွန်မြူနစ်ကြီးက
ကမ္ဘာ့ငြိမ်းချမ်းရေးသင်္ကေတ
ချိုးဖြူငှက်ပုံ ဆွဲသဗျ။

အပြာရောင်မိုးသားနံရံမှာ
ချိုးဖြူငှက်တွေလည်း
လွတ်လွတ်လပ်လပ်
မပျံသန်းနိုင်ပါဘူး ဖီဒယ်ရယ်။

ငြိမ်းချမ်းရေးမှာလည်း
မစိမ်းလန်းနိုင်အောင်
အန္တရာယ်က ရှိတယ်လေ။

၁၉၆၂ အောက်တိုဘာ
ကျူးဘား-အမေရိကန်
ဒုံးကျည်အရေးအခင်းဖြစ်တော့။

ငါတို့
စစ်နဲ့ ငြိမ်းချမ်းရေး
ဘယ်လမ်းရွေးမလဲ။

ကရင်မလင်နဲ့ အိမ်ဖြူတော်
စစ်အေးတိုက်ပွဲ
ငါတို့ ဘာလဲ၊ ဘယ်လဲ။

ကာရစ်ဘီယံ ကောင်းကင်ယံမှာ
အမေရိကန်
U-2 သူလျှိုလေယာဉ်တွေ ၀ဲပျံလို့။

ခရူးရှက်ရဲ့
ဆိုဗီယက်ငှက်တွေကလည်း
အတောင်ပံ ဖြန့်လို့။

ဒီ အောက်တိုဘာအရေးအခင်း
ဘယ်လိုဖြေရှင်းရပါ ့။

သူငယ်ချင်းဖီဒယ်
ဒီ အကျပ်အတည်း
ကုလသမဂ္ဂစာပွဲဝိုင်းမှာ။

အရိုင်းအစိုင်းဒုံးကျည်တွေ
ဖယ်ခိုင်း ရှားခိုင်းခဲ့သူဟာ
မြန်မာပြည်သားကြီး
မစ္စတာ ယူသန့်ပေါ ့ ဖီဒယ်။

ငြိမ်းချမ်းရေးဗိသုကာကြီး
မစ္စတာ ယူသန့်ပေါ ့ ဖီဒယ်။

ဘဝမှာ
သံခင်းတမန်ခင်းကလည်း
ပန်းတွေကို ပွင့်စေပြီး
မီးတောက်တွေကို ငြိမ်းစေပါလား။

စိတ်ထဲလွမ်းရင်
မြန်မာပြည်
ရွှေတိဂုံစေတီတော်ခြေရင်း
ကန်တော်မင်ပန်းခြံအတွင်းက
မင်းတို့ ငါတို့ မစ္စတာ ယူသန့် အုတ်ဂူမှာလည်း
လသာနေမှာပါပဲ ဖီဒယ်။

လရောင်တွေကို
ငါလွမ်းတယ်။

စစ်နဲ့ တော်လှန်ရေး
သွေးခင်းတဲ့လမ်းမှာ
တို့ လွမ်းစရာ
အဲဒီ လရောင်တွေပါပဲ ဖီဒယ်။

ငါက
ချီလီကဗျာဆရာကြီး နီရူဒါကိုချစ်တော့
စပိန်ကဗျာဆရာ ဂါစီယာလော်ရကာရဲ့
အစ်မ်းရောင်အချစ်ကဗျာကိုလည်း
သတိရမိပါရဲ့။

အချစ်ကစိမ်းတော့
လရောင်ကလည်း စိမ်းတယ်လေ။

မစ္စတာ ယူသန့်တို့တိုင်းပြည်က
ကဗျာဆရာကြီး ဒဂုန်တာရာကလည်း
"လစိမ်းပြက်ရွှန်း" တဲ့
"လရောင်စိမ်းမြ" တဲ့။

ဖီဒယ်ရယ်
ငါကတော့
ငါ ့ပြောက်ကျားဝတ်စုံအရောင်
သံလွင်စိမ်းရောင်လ
လရောင်သံလွင်စိမ်း
ပို တိမ်းမူးတယ်။
တစ်ခါတစ်ခါ
ကမ္ဘာမြေတစ်ဝန်း
ငါ ့ဝိညာဉ် လမ်းလျှောက်ထွက်တဲ့အခါ။

ဗီသိုဗင်ရဲ့
လရောင်ဆိုနာတာ
ငါ ပြန်ကြားယောင်တယ်။

ဖီဒယ်ရယ်
တစ်ခါတုန်းသား
ငါ ့ဝိညာဉ် လမ်းမှားပြီး
အင်းယားဆိုတဲ့ကန်စောင်း
အကျဉ်းကျနေတဲ့
လွမ်းမောဖွယ်စန္ဒရားသံ
ကောင်းကောင်းခံစားခဲ့ရတယ်။

အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
နာကြည်းမှုလရောင် ဖြာကျနေတယ်။

အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
သွေးတွေ ပေကျံနေတယ်။

အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
ဒီမိုကရေစီနှင်းဆီပန်းတွေ
စိမ်းလန်းရဲမြနေတယ်။

သူငယ်ချင်းဖီဒယ်
မင်းတို့ ငါတို့
ကုန်လွန်ပြီးတဲ့နောက်မှာ
ကမ္ဘာကြီး ဘာဖြစ်နေမလဲ။

ငြိမ်းချမ်းရေးညစာစားပွဲလား
ဂွာယာနီကာပန်းချီကားလား။

ကြိုးကြာငှက်နဲ့
ချိုးဖြူငှက်တွေကနေ
အသက်အသစ်ရ
တို့ချစ်လှတဲ့ နွေဦး
ပန်းတွေ ဖူးနေမလား။

ကမ္ဘာကြီး
ငြိမ်းချမ်းစေချင်ပါရဲ့။

ဖီးနစ်ငှက်ကို
ရင်ခွဲ ဆားပက်
ရေခဲသေတ္တာထဲ
ထည့်မသတ်ရင်ပဲ တော်လှပြီ ဖီဒယ်။

ကြည့်စမ်း
ကျူးဘားကမ်းခြေမှာ
တို့မိတ်ဆွေကြီး ဟဲမင်းဝေး
ငါးဖမ်းနေပါလား။

သူ
သူ့ဝတ္ထု(ပင်လယ်ပြာနဲ့တံငါအို)ထဲက
အဖိုးကြီး စန်တီယာဂိုလို
၁၈-ပေ မာလင်ငါးကြီးတောင်
ရချင်ရနေမှာပ။

ဟဲမင်းဝေးဝတ္ထုထဲ
အဲဒီ မာလင်ငါးကြီး
(ငါးမန်းတွေ စားပစ်လို့)
ကမ်းခြေ လှေဆိုက်တော့
အရိုးစုကြီးပဲ ရလိုက်သတဲ့။

ဖီဒယ်
တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး အရိုးကျတာ မဟုတ်ဘူး။

စဉ်းစားစမ်း ဖီဒယ်
၂၀၁၆
မင်းကွယ်လွန်တဲ့နောက်
ရာအူးဟာ
အိုဘားမားနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။

သမ္မတ ရာအူးကက်စထရိုနဲ့
သမ္မတ ဘားရက်အိုဘားမား
နှစ်(၅၀)ကြာ အေးခဲ
သံတမန်ရေခဲမြစ်
ရိုက်ခွဲပစ်လိုက်ကြပြီ။

ဖီဒယ်
ကွန်မြူနစ်ဖြစ်ဖြစ်
အရင်းရှင်ဖြစ်ဖြစ်
ငြိမ်းချမ်းရေးနဲ့
မွှေးမြရင်ခုန်
အတူပေါင်းဆုံနိုင်ကြတယ်လေ။

လူဟာ နှစ်မျိုးပဲရှိတယ် ဖီဒယ်
ငြိမ်းချမ်းရေးတည်ဆောက်သူနဲ့
ငြိမ်းချမ်းရေးဖျက်ဆီးသူ။

ဖီဒယ်သူငယ်ချင်း
လူတစ်ယောက်ဟာ
ငြိမ်းချမ်းရေးကို မချစ်ဘဲနဲ့တော့
ကွန်မြူနစ် မဖြစ်ပေဘူး။

တစ်ခါတုန်းက
ကွန်မြူနစ်တေး၊သီချင်းရေးလို့တဲ့
၁၉၄၀ ဖွား
လစ်ဗာပူးလ်မြို့သားဟာ
နယူးယောက်စီးတီးမှာ လုပ်ကြံခံရတယ်
၁၉၈၀။

ဂျွန်လင်နွန် ပေါ ့
သူကတော့ သမိုင်းမှာ
ငြိမ်းချမ်းရေးပန်းတွေဝေပြီး။

သူ့ကိုလုပ်ကြံတဲ့သူသာ
ငရဲမှာ သစ်ငုတ်ဖြစ်ရှာတယ်။

ဒီလိုပဲ
တော်လှန်ရေး။

တော်လှန်ရေးမှာလည်း
အဘိဓမ္မာရှိတာပဲ။

ငြိမ်းချမ်းရေးကို အာမခံတဲ့
တော်လှန်ရေးသာ
စစ်မှန်တဲ့တော်လှန်ရေးဖြစ်တယ်။

ဖီဒယ်
စစ်မှန်တဲ့တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး အရိုးကျတာ မဟုတ်ဘူး။

ဒီည
တံငါလှေကလေးတွေပေါ်မှာ
လသာနေမယ်။

ဒီည
ငါတို့ဝိညာဉ်တွေပေါ်မှာ
လသာနေမယ်။

စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ။
စန်တာကလာရာ က

ငါ ့၂၂-ပေ ကြေးရုပ်တုမှာ
လရောင်ဖြာကျနေမယ်။
လရောင်ဟာ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဟာ လရောင်။

ငါတို့ဘဝရဲ့
အမှောင်ဆုံးအချိန်တွေမှာတောင်
အိပ်မက်ထဲ
လရောင်တမ်းချင်းဖွဲ့
လွမ်းခဲ့ကြတာ မဟုတ်လား။

၁၉၅၅ မှာ
တို့နှစ်ယောက် တွေ့ဆုံခဲ့ကြတယ်

၁၉၆၅ မှာ
ငါတို့ နှုတ်ဆက်ခွဲခွာခဲ့ကြတယ်။

မလွမ်းလို့မှ မဟုတ်ဘဲ
၀မ်း မနည်းနဲ့ ဖီဒယ်။

အာဂျင်တီးနားသားကြီး ငါ ့အတွက်
မကြေကွဲပါနဲ့
ကျူးဘားရေ။

ကွန်ဂိုမှာ
ငါ လရောင်ဆက်ရှာ။
ဘိုလီးဗီးယားမှာ
ငါ လရောင်ဆက်ရှာ။

ငါ ယုံကြည်တာ
နိုင်ငံတကာဝါဒ။

မော်စကိုက
ပြန်လည်ပြင်ဆင်ရေးသမားတွေ
နေရစ်ခဲ့ကြတော့။

ကျူးဘားက
ငါ ကိုယ်ယောင်ဖျောက်သွားတော့
အလကား ဆိုဗီယက်ကောင်တွေ
ငါ ့ကို ပီကင်းလိုလားသူ တဲ့
ဟ ဟ ပဲ ရမယ်။

ဖီဒယ်ရေ
မင်းသူငယ်ချင်း ငါက ငါပါပဲ
ချေဂွေဗားရား က
ချေဂွေဗားရား ပါပဲ
မပြောင်းလဲပါဘူး။

နိုင်ငံတကာမှာ
အဖိနှိပ်ခံတွေရှိရင်
ငါ ရှိမှာပဲ။

အပြည်ပြည်ဆိုင်ရာ
တော်လှန်ရေးတွေရှိရင်
ငါ ရှိမှာပဲ။

ဒါပေမဲ့
မြစ်ရေစီးကြောင်းက
ပြောင်းသွားပြီ။
သူငယ်ချင်းဖီဒယ်
ဒီနေ့ တော်လှန်ရေးက
(လက်နက် မကိုင်တဲ့)
စိတ်ဓာတ်တော်လှန်ရေး တဲ့။

ဥပမာ-
စိတ်ဓာတ်တော်လှန်ရေးဆိုတာ
တောင်အာဖရိက က
မင်ဒဲလားတော်လှန်ရေးပေါ ့။

မင်းတို့ ငါတို့ မစ္စတာ ယူသန့် တိုင်းပြည်က
အောင်ဆန်းစုကြည်တော်လှန်ရေးပဲပေါ ့။

အဖိနှိပ်ခံနေရတဲ့
ပြည်သူတွေရဲ့
ဆင်းရဲတွင်းအမှောင်ထဲ။

ငါတို့က
လရောင်ကို
သေနတ်ပြောင်းတွေနဲ့ ကဲ့ကဲ့ပြီး
ထည့်ခဲ့ကြတယ်။

လင်းလက်တဲ့နေ့တွေလည်းရှိ
မှောင်နေဆဲညတွေလည်းရှိ။
ဖီဒယ်
မင်ဒဲလားတို့
အောင်ဆန်းစုကြည်တို့က
စိတ်ဓာတ်ကို ကတော့ထိုး
လရောင် သယ်ပိုးခဲ့ကြတယ်လေ။

လင်းသစ်နွေဦး
ပန်းတွေ ဖူးခဲ့တာပေါ ့။

လရောင်မြမြ
ညတွေ လှခဲ့တာပေါ ့။

ဖီဒယ်
လရောင်အောက်မှာ
မြင်းရိုင်းတွေ ခုန်ပေါက်နေတာလောက်
လှပတဲ့မြင်ကွင်းမျိုး မရှိဘူးတဲ့
ဂေါ်ဂင် က။

ဆီယာရာမစ်တရာတောင်တန်းတွေပေါ်မှာ
ဘိုလီးဗီးယားတောင်တန်းတွေပေါ်မှာ
မြင်းကုန်းနှီးပေါ်မှာ
လရောင်နဲ့ ငါ
ဒုန်းစိုင်းချင်ပါသေးရဲ့။

ဒါပေမဲ့ ဖီဒယ်
ကမ္ဘာမြေကို
ငါ အားနာတယ်။

ဒိနေ့ ကမ္ဘာကြီးခမျာ
နာမကျန်း ဖြစ်နေတယ်။

ဒိနေ့ ကမ္ဘာကြီးမှာ
ကပ်ဘေး သင့်နေတယ်။

ဖီဒယ်
ကမ္ဘာကြီးမှာ
ဒိနေ့ တော်လှန်ရေးဟာ
ကိုဗစ်တော်လှန်ရေး။

ကိုဗစ်တော်လှန်ရေးဟာ
ဒိနေ့ခေတ်ရဲ့
(ငြိမ်းချမ်းရေးကို အာမခံတဲ့)
စစ်မှန်တဲ့ တော်လှန်ရေးပဲ ဖီဒယ်။

ဒီ တော်လှန်ရေးထဲမှာ
မင်းတို့ ငါတို့လည်း
လိုက်ပါရမယ် ဖီဒယ်။

ဒီည
ငါ ့ဝိညာဉ်ပေါ်မှာ
လသာနေတယ်။
စန်တာကလာရာရင်ပြင်တော်မှာ
လသာနေတယ်။

ဖလော်ရီဒါနဲ့ ကျူးဘားပင်လယ်ကွေ့မှာ
လသာနေတယ်။

လရောင်အောက်မှာ
ငါ
လက်ပျောက်ရှာရမယ်။

လရောင်အောက်မှာ
ငါ ့လက်ပျောက်ကို
ငါ လိုက်ရှာရမယ် ဖီဒယ်။

ဗီးနပ်စ်ရုပ်တုမှာ
လက်နှစ်ဖက် မရှိဘူး။
ငါ ့ရုပ်အလောင်းမှာ
လက်တစ်ဖက် မရှိဘူး။

ဖီဒယ်ရေ
၁၉၆၀
ဟာဗာနာက
ငါ ့ရဲ့ ကျူးဘားဗဟိုဘဏ်ဥက္ကဋ္ဌရုံးခန်းမှာ။

ပြင်သစ်လင်မယား
ယန်ပေါဆတ်နဲ့ ဆီမွန်ဒီဗူးဗွား
တွေ့တုန်းသားပေါ ့။

ဆတ်က ငါ ့ကို
ပြီးပြည့်စုံတဲ့လူသား တဲ့
မှတ်ချက်ထားခဲ့တယ်။

တကယ်တော့ ဖီဒယ်ရယ်
ငါဟာ မပြည့်စုံပါဘူး။
ငါ ့ကို ပစ်သတ်ခဲ့
အမေရိကန်စီအိုင်အေ နဲ့
ဘိုလီးဗီးယားစစ်တပ်
ငါ ့လက်တစ်ဖက်
ဖြတ်ယူသွားခဲ့ကြပေါ ့။

ဒီကောင်တွေမှာ
ကြွက်သားပဲ ရှိတယ်
ဦးနှောက် မရှိပါဘူး။

လက်တစ်ဖက်မပါဘဲ
ငါ ့ရုပ်အလောင်း
သူတို့ လေယာဉ်ကွင်းဟောင်းဘေးမှာ
မြှုပ်ခဲ့ကြပေါ ့။

အဲဒီနေရာမှာ
ရှုခင်းလည်း မသာပါဘူး
နေခြည်လည်း မဖြာပါဘူး။

ဖီဒယ်ရေ
ကျေးဇူးတင်တယ်။

၁၉၉ရ
"ချေရဲ့ရုပ်အလောင်း" တဲ့။

ကောင်းစွာပြန်ဖော်
ကျူးဘားသယ်ပြီး
ရဲဘော်ကြီး ဖီဒယ်ကက်စထရို
မင်း ငါ ့ကို
လွမ်းစွာ သင်္ဂြ ိုဟ်ပေးခဲ့။

ကျူးဘားမြေဟာ
သူတို့ရဲ့မိတ်ဆွေတစ်ယောက်ကို
ခမ်းနားစွာ ကြိုခဲ့။

အမြောက် ၂၁-ချက်ဖောက်
ကျူးဘားနေရောင်အောက်မှာ
ငါ ပြန်တောက်ပခဲ့။

ဖီဒယ်ရေ
ကျေးဇူတင်တယ်။

သူငယ်ချင်းအချစ်မှာ
မင်းဟာ ငါ ့ကဗျာပဲ။

ရဲဘော်ရဲဘက်အချစ်မှာ
မင်းဟာ ငါ ့လရောင်ပဲ။

ကမ္ဘာကြီး ငြိမ်းချမ်းတဲ့အခါ
ကိုဗစ်တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ။

လရောင်အောက်မှာ
ငါ ့ လက်ပျောက်ကို
ငါ လိုက်ရှာရဦးမယ် ဖီဒယ်။

သံလွင်စိမ်းရောင်မြမြ
အိပ်မက်တစ်ညမှာ
လက သာတုန်း ရှိပစေတော့။ ။

အောင်ဝေး (ဇန်နဝါရီ ၁၊ ၂၀၂၁)