Breaking News

နေသွင်ညိဏ်း - နယ်ဆင်မန်ဒဲလား ဖန်တီးခဲ့တဲ့ သမိုင်း


နယ်ဆင်မန်ဒဲလား ဖန်တီးခဲ့တဲ့ သမိုင်း
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၁

မန်ဒဲလားကို တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တယောက်၊ လွတ်မြောက်ရေး တိုက်ပွဲဝင်သူ၊ စံနမူနာပြပုဂ္ဂိုလ်၊ လောကီသူတော်စင် တယောက်လိုမျိုး သတိရနေကြပေမယ့် ဒီလို ဂုဏ်ပုဒ်တွေအကြောင်း မပြောခင်မှာ သူဟာအလွန်အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးသမားတယောက်ဆိုတာကိုတော့ သတိရကြဖို့ လိုပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ် အလွန်က တောင်အာဖရိက နိုင်ငံမှာ လွတ်လပ်သော ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။ အေအန်စီ ပါတီက တခဲနက်အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ နယ်ဆင် မန်ဒဲလားဟာ နိုင်ငံတော် သမ္မတသစ်အဖြစ် နိုင်ငံကို ပြန်လည်စုစည်း တည်ဆောက်ဖို့ ဖြစ်လာပါတယ်။

၁၉၉၄ ခုနှစ် ရွေးကောက်ပွဲမှာ လက်ဝဲစွန်းပါတီဖြစ်တဲ့ ပီအေစီရဲ့ခေါင်းဆောင် မာကွတ်တူ ဆိုတာ ပြန်လည်သင့်မြတ်ရေးကို စိတ်မဝင်စားတဲ့ လူပါ။ အသားအရောင်ခွဲခြားမှုစနစ် ကာလမှာ ပီအေစီပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ “ ဧည့်သည် (လူဖြူ) တယောက်၊ ကျည်တစ်တောင့်”ဆိုပြီး ကြိမ်းဝါးခဲ့ဖူးပါတယ်။ ပါတီဝင်တွေကလည်း လူဖြူမှန်သမျှ ပင်လယ်ထဲ မောင်းချ ဆိုပြီး ကြိမ်းမောင်းခဲ့ပါတယ်။
တောင်အာဖရိကမှာ အရင်က လူမည်းတွေ မဲပေးခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိခဲ့တာကြောင့် တချို့က မာကွတ်တူ ရဲ့ ပီအေစီ ပါတီဟာ မဲအားလုံးရဲ့ လေးပုံ တစ်ပုံလောက် ရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒီလို ရလဒ်မျိုးသာ ထွက်လာရင်တော့ အကြမ်းဖက်မှုနဲ့ ဝရုန်းသုန်းကား ဖြစ်လာမှာကို တချို့က စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

မဲရုံမှာ မာကွတ်တူမဲပေးတဲ့မနက်ပိုင်းမှာပဲ အစိုးရကိုမကျေနပ်တဲ့ လက်ယာစွန်းသမား လူဖြူတယောက်က ဂျွန်ဟန်နက်စ်ဘာ့ခ် လေဆိပ်မှာ ဗုံးခွဲခဲ့ပါတယ်။ အရင် ယူဂိုဆလားဗီးယားမှာ စစ်ဖြစ်နေတဲ့အချိန်၊ ရဝမ်ဒါမှာ လူ မျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပူပူနွေးနွေး ရက်သတ္တပတ်တွေဖြစ်လို့ နိုင်ငံတကာ မီဒီယာတွေကလည်း နောက် ထပ်ရက်ရက်စက်စက်သမိုင်းကို သတင်းယူဖို့တောင် အာဖရိကဘက်ကို လှည့်လာကြပါတယ်။ တောင်အာဖရိကနိုင်ငံမှာ လူဖြူအစွန်းရောက်တွေက တဖက်၊ လူမည်းအစွန်းရောက်တွေက တဖက် ပြည် တွင်းစစ်ကြီး ပေါက် ကွဲခဲ့ရင် အချိန်မီ မှတ်တမ်းတင်ဖို့ပါပဲ။

ဒါပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင် ၂၇ နှစ်ကျရာကနေ ပြန်လည်လွတ်မြောက်လာပြီး ၄ နှစ်အကြာမှာပဲ နယ်ဆင်မန်ဒဲလားဟာ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အနိုင်ရခဲ့ပါတယ်။ မာကွတ်တူရဲ့ ပီအေစီက ၁ ရာခိုင်နှုန်း ပြည့်တယ်ဆိုရုံလေး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို တခဲနက်မဲရလဒ်ကိုကြည့်ပြီး နယ်ဆင်မန်ဒဲလားရဲ့ ခေတ်ဟာ ရှောင်လွှဲမရဘူးလို့ထင်နေရင် မှားပါလိမ့်မယ်။

သမိုင်းကို ရေးထားတဲ့ မင်ရည်ခြောက်သွားတာနဲ့ မလွဲမရှောင်သာ ကိစ္စလိုမျိုး မြင်ကြလေ့ ရှိပါတယ်။ ဒီနေ့အချိန်မှာတော့ မန်ဒဲလားက တောင်အာဖရိကကို အသားအရောင်ခွဲခြားရေး စနစ်ဆိုးအောက်ကနေ ဘယ်လိုဘယ်နည်းဆွဲတင်ခဲ့ပြီး ညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်ပုံဘယ်နည်း ပန္နက်ချခဲ့သလဲဆိုတာကို စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။ တကယ်ကျတော့ ၁၉၉၄ ခုနှစ်က တောင်အာဖရိကဟာ တင်းမာမှုတွေ၊ စိတ်ဝမ်းကွဲပြားမှုတွေနဲ့ ဖြတ်ကျော်ဖို့ ခက်တဲ့အခြေအနေမျိုးမှာ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ရက်သတ္တပတ်တွေမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ခေါင်းဆောင်တဲ့ဂုဏ်သရေရှိ ကမ္ဘာ့ခေါင်းဆောင်တွေဟာ တောင်အာရိကနိုင်ငံမှာ သဘောကွဲနေကြတဲ့နိုင်ငံ ရေးပါတီတွေကြားမှာ ညှိနှိုင်းပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဇူးလူး မျိုးနွယ်တွေလွှမ်းမိုးတဲ့ အင်ကာတာ လွတ် မြောက်ရေး ပါတီကရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကြေညာထားချိန် ဖြစ်ပါတယ်။

နောက်ဆုံးမှာ ကစ်ဆင်ဂျာကိုယ်တိုင်လက်မြှောက်အရှုံးပေးပြီး ဂျွန်ဟန်နက်စ်ဘာ့ခ်မှာ သူတည်းခိုရာ ဟိုတယ်ကနေ လက်ဗလာနဲ့ ပြန်ခဲ့ရပါတယ်။ ကစ်ဆင်ဂျာက ‘ ညှိနှိုင်းမှုတွေ စလုံးရေတောင် မစနိုင်ခဲ့တဲ့အတွက် မအောင်မြင်ဘူးလို့ မဆိုနိုင်ပါဘူးလို့ (သံတမန်ဆန်ဆန် စကားအလှ) ပြောခဲ့ပါတယ်။
အဲ့ဒီကာလမှာ အရှုံးဟာ ရှောင်လွှဲမရတဲ့ ကိစ္စလို ဖြစ်နေခဲ့ပါတယ်။ အများမျှော်လင့်ခဲ့တဲ့ အရှုံးဟာ မန်ဒဲလားအတွက်တော့ မဟုတ်ခဲ့ပါဘူး။ ရွေးကောက်ပွဲ ရက်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ မန်ဒဲလားက အင်ကာတာ ပါတီကို ရွေးကောက်ပွဲ သပိတ်မှောက်လမ်းစဉ်ကို ကျောခိုင်းဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မန်ဒဲလားဟာ ရွေးကောက်ပွဲမှာ အောင်ပွဲရခဲ့ပြီး တောင်အာဖရိက သမိုင်းကိုလည်း အကြီးအကျယ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ ညီညွတ်ရေး တည်ဆောက်နိုင်သူ၊ အတိုက်အခံတွေကို စည်းရုံးနိုင်စွမ်းရှိသူ စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။

နှစ်တွေကြာတဲ့အခါမှာ Steven Spielberg ရိုက်ကူးထားတဲ့ လင်ကွန်းအထုပ္ပတ္တိ ရုပ်ရှင် (၂၀၁၂) ကို ကြည့်ရပါတယ်။ အမေရိကန်ရဲ့ ၁၆ ယောက်မြောက်သမ္မတကို နိုင်ငံရေးသတ္တဝါအဖြစ်ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ လင်ကွန်းရဲ့ အလွန်ကြီးမားပြီး မြင့်မြတ်တဲ့ ရည်မှန်းချက်က အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲကနေ ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့ လိုအပ်ရင်ဉာဏ်များဖို့၊ ဉာဏ်ကစားဖို့အတွက်လည်း ဝန်မလေးပါဘူး။ လင်ကွန်း ရုပ်ရှင် အဆုံးမှာ ကျနော် တွေးမိတာက မန်ဒဲလားလည်း ဘာထူးလဲ။ လင်ကွန်းနဲ့ အတူတူပဲလေ။
လင်ကွန်းလိုပဲ မန်ဒဲလားကလည်း သမိုင်းက လူတွေကို အမြဲတမ်း ဖန်တီးနေတာ မဟုတ်ဘူး။ တခါတလေ လူက သမိုင်းကို ဖန်တီးတယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူယုံကြည်တဲ့ အတိုင်း မှန်ကန်တယ်ဆိုတာကို လက် တွေ့ လုပ်ပြခဲ့ပါတယ်။

ကျနော် ပိုပြီး လွမ်းဆွတ်သတိရနေတဲ့ မန်ဒဲလားဟာ သူတော်စင် မန်ဒဲလားထက် ပိုပါတယ်။ ဇာတ်ပေါင်းတဲ့ အခါမှာ သူတော်စင် မန်ဒဲလားကသာ အသားရောင်ခွဲခြားမှုစနစ်လိုမျိုး ကိုင်တွယ်ရ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ကျနော်တို့လို သာမန် လူအန္ဓတွေအတွက် ဘာလုပ်စရာ ရှိဦးမှာလဲ။ ဒီလိုမဟုတ်ဘဲ မဆုတ်မနစ် ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းတတ်သူ၊ ပြဿနာ ဖြေရှင်းရေး အတွက် နည်းလမ်းကို သိသူ၊ စည်းရုံးရေးကောင်းကောင်းနဲ့ စိတ်ပိုင်းဖြတ်မှု ရှိတဲ့အကောင်းမြင်တတ်သူ တယောက်က အပြောင်းအလဲတစ်ရပ်ကို ဖန်တီးနိုင်တယ်ဆိုရင် ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ပိုကောင်းအောင် ဖန်တီးတဲ့ နေရာမှာ လူတိုင်းလူတိုင်း တထောင့် တနေရာကနေ ပါဝင်အားဖြည့်ပေးနိုင်မယ် မဟုတ်ပါလား။

တောင်အာဖရိက နိုင်ငံဟာ အသားအရောင်ခွဲခြားမှုစနစ်က ချန်ထားတဲ့ အမွေဆိုး အရိပ်အောက်မှာ နဘမ်းလုံးနေရဆဲ အခြေအနေပါပဲ။ လူမည်းလူလတ်တန်းစားတွေ ကြီးထွားလာတယ်ဆိုပေမယ့် လူမျိုးရေးကို အခြေခံတဲ့ ဝင်ငွေ ခြားနားချက်၊ ပညာရေး မညီမျှမှု၊ ကျန်းမာရေး ခွဲခြားဆက်ဆံမှု ကွက်လပ်ကို အပြည့်အဝ မဖြည့်ပေးနိုင်သေးပါဘူး။ ဒါပေမယ့် ဘယ်လို စံနှုန်းပဲ တိုင်းတိုင်း တောင်အာဖရိက နိုင်ငံဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က အခြေအနေနဲ့ မတူ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။ နောက်ဆုံး သက်သေတစ်ခုကတော့ ရွေးကောက်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ဝရုန်းသုန်းကား ဖြစ်နိုင်တဲ့ အခြေအနေမျိုးကနေ လွန်မြောက်ခဲ့ပါပြီ။ မန်ဒဲလား မှန်ပါတယ်။ လူတွေရဲ့ ဒုက္ခမီးတွေကို လူတွေရဲ့ လက်နဲ့ပဲ ငြှိမ်းသတ်နိုင်ပါတယ်။ လူတယောက်တည်း ဖြစ်ရင်လည်း သမိုင်းကို ချိုးကွေ့ ပြောင်းလဲနိုင်ပါတယ်။

(How Nelson Mandela Bent History by Mark Suzman )
စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှယူပါသည်။