Breaking News

နိုင်စွမ်း - အနာဂတ် အနုပညာလောကနဲ့ ဒီဂျစ်တယ်အတ်

အနာဂတ် အနုပညာလောကနဲ့ ဒီဂျစ်တယ်အတ်
နိုင်စွမ်း
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၁


နိဒါန်း

အနာဂတ် အနုပညာလောကမှာ ဒီဂျစ်တယ်အတ် ပုံဖော်ဖန်တီး တင်ပြမှုက အမြင့်မားဆုံး ဖြစ်လာနိုင်ဖွယ် ရှိတယ် လို့ ခန့်မှန်း ပြောဆိုတာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲ၊ မျက်မှောက်ခေတ် ဖန်တီးမှုတွေ ကျဆုံးသွားတော့မှာလား ဆိုပြီး ထပ်ဆင့် မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအကြောင်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြရမယ့် အကြောင်းအရာပါ။ သို့ပေမယ့် ဒီဆောင်းပါးက ဒီဂျစ်တယ်အတ်အကြောင်း မိတ်ဆက်တင်ပြမှာ ဖြစ်လို့ အကျဉ်း သဘောပဲ တင်ပြပေးပါမယ်။ ကျနော့် အနေနဲ့ ဘာကြောင့် ဒီဆောင်းပါး ရေးရသလဲ ဆိုတော့ “အနာဂတ်ကို ကြိုတင် မစဉ်းစားထားရင် သင်ဟာ နောက်ကျန်ရစ်နိုင်တယ်” ဆိုတဲ့ ဆိုရိုးလေးကို သတိပြုမိလို့ပါ။

အတိတ်က အနုပညာလက်ရာတွေ

ဒီတော့ ပထမဆုံး အနုပညာ ပုံဖော်ဖန်တီးပုံ အတိတ်သမိုင်းကို ပြန်ကြည့်ဖို့လိုပါတယ်။ ရှေးဦးလူတွေ ဖန်တီးခဲ့တာတွေကို လေ့လာရင် ကျောက်ခေတ် ကြေးခေတ် သံခေတ် စသဖြင့် ခေတ်အဆက်ဆက်မှာ အဲဒီခေတ်နဲ့ လိုက်လျောညီထွေ သို့မဟုတ် အဲဒီခေတ်ထဲမှာ ရနိုင်တဲ့ မီဒီယာ (ကျောက်၊ ကြေး၊ သံ၊ ရွှံ့၊ သားရေစ၊ ပေရွက်၊ သစ်သားစတာ) တွေ သုံးပြီး ဖန်တီးခဲ့တာ တွေ့နိုင်ပါတယ်။

နောက် စာရွက်နဲ့ ပုံနှိပ်စက်တွေ ပေါ်ပေါက်လာတော့လည်း အဲဒီမီဒီယံတွေ သုံး၊ အခု ၂၁ ရာစု ရောက်လာတော့ နည်းပညာဖွံ့ဖြိုးမှုနဲ့ အတူ ကမ္ဘာတဝှမ်း အသုံးများတဲ့ ကင်းဗတ်အပေါ်မှာသာမက တခြားသော ကြားခံမီဒီယာတွေ သုံးပြီး အနုပညာဖန်တီး ဆန်းသစ်တင်ပြမှုတွေ ဖြစ်တည်ပေါ်ပေါက်လာတာ တွေ့နိုင်ပါတယ်။

အခုခေတ်မှာ ရှေးခေတ်သုံး ကိရိယာတန်ဆာပလာတွေ သုံးပြီး ဖန်တီးမှုမျိုး မရှိတော့သလောက် နည်းပါး ရှားပါး သွားတာ သတိပြုမိမယ် ထင်ပါတယ်။ ဒါဆိုရင်… ကင်းဗတ်နဲ့ ရေးဆွဲတင်ပြမှုတွေရော… ဘယ်လို ဖြစ်လာနိုင်ပါ သလဲ။ တကယ်တော့ အရာရာတိုင်းဟာ အချိန်ကာလနဲ့ နေရာဒေသရဲ့ စေ့ဆော် ရိုက်ခတ်မှုနဲ့ အတူ အပြောင်းအလဲတွေ “ဖြစ်… ဖြစ်” လာနေတာပါ။

သဘာဝပတ်ဝန်းကျင်နဲ့ အနုပညာ ဖန်တီးမှု

မျက်မှောက်ခေတ်မှာ ကမ္ဘာတဝှမ်း အရေးတကြီး ထည့်သွင်းစဉ်းစားနေကြတဲ့ အကြောင်းအရာက သဘာဝပတ်ဝန်းကျင် ရေးရာ ဖြစ်တယ် ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ ဒီတော့ အနုပညာဖန်တီး ပုံဖော် တင်ပြရာမှာလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေတဲ့ အရင်းအမြစ်တွေ ဖြစ်ဖို့လည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားလာရတာ သေချာ ပါတယ်။

အဲဒီမှာ… အနာဂတ်အနုပညာ လောကအတွက် ဒီဂျစ်တယ်အတ် ဖန်တီးတင်ပြမှုတွေက အမြင့်မားဆုံး ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းသုံးသပ်ကြတာ ဖြစ်ပါတယ်။ အဲဒီ အတွက် စောကြောစရာ၊ မေးမြန်းစရာ၊ ချင့်တွက်စရာတွေ ဒုနဲ့ဒေး ရှိနေနိုင် ပါတယ်။ (အလျဉ်းသင့်ရင်… ဒီအကြောင်း ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးပါဦးမယ်။)

ဒီဂျစ်တယ်အတ် မိတ်ဆက်

ဒီဂျစ်တယ်အတ် ဆိုတာက New Media Art ဆိုတဲ့ အနုပညာ ပုံဖော်တင်ပြမှု ခေါင်းစဉ်ကြီးရဲ့ အောက်က ပုံစံကွဲ တင်ပြမှု တမျိုး ဖြစ်ပြီး၊ ဒီဂျစ်တယ်နည်းပညာသုံးပြီး အနုပညာမြောက် ဖန်တီးမှု၊ သို့မဟုတ် အစီအစဉ်တကျ ပုံဖော် ဖန်တီးမှု ဖြစ်ပါတယ်။ ၁၉၇၀ ခု နှစ်များကတည်းက ဒီဂျစ်တယ်အတ် ဖန်တီးမှုကို ကွန်ပျူတာအတ် ပြီးတော့ မာလတီမီဒီယာအတ် ဆိုပြီးတော့ အမည်အမျိုးမျိုး ပေးခဲ့တာ တွေ့ရပါတယ်။

ဒီဂျစ်တယ်အတ်ဟာ နည်းပညာဆိုင်ရာနဲ့ အနုပညာဆိုင်ရာကြား ဝေဖန်ခွဲခြားမှု အမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးကို ဖြတ်သန်းပြီးမှ ရှင်သန်ရပ်တည် လာနိုင်ခဲ့တာပါ။ အထူးသဖြင့်တော့… ပန်းချီ၊ ပုံဆွဲ၊ ပန်းပုနဲ့ ဂီတ/အသံတွေနဲ့ ဆက်စပ် ပေါင်းစည်းယှက်ဖြာ ဖန်တီးလာတာ ဖြစ်သလို တဖက်ကလည်း အနုပညာပုံစံသစ်တွေ ဖြစ်တဲ့ net art, digital installation art နဲ့ virtual reality စတဲ့ အသစ်အသစ်သော ပုံဖော်တင်ဆက်တာတွေလည်း များပြား ကြွယ်ဝလာတဲ့ အနေအထားကြားမှာ လွန့်လူးတိုးထွက် လာခဲ့ရတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ရုပ်ပိုင်းကို အခြေခံတီထွင်ထားတဲ့ သိပ္ပံဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို အခြေပြုတဲ့ အနုပညာကြား ပေါင်းစည်း ပေါင်းစပ် ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ကျော်လွန်ဖြတ်သန်းခဲ့ရတယ် ဆိုတာပါပဲ။

ဒီဂျစ်တယ်အတ် ဆိုတဲ့ စကားရပ်ကို အကြမ်းအားဖြင့် လေ့လာကြည့်ရင် Artist တဦးက ဒီဂျစ်တယ်နည်းစနစ် နည်းပညာကို သုံးပြီး Artworks သို့မဟုတ် အနုပညာထုတ်လုပ်ပစ္စည်း (product of art) ကို ဖန်တီးတယ် ဆိုရင် အဲဒါဟာ ဒီဂျစ်တယ်အတ် ဖြစ်တယ် လို့ ဆိုပါတယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန်လေး ပြောရမယ် ဆိုရင်တော့ ဒီဂျစ်တယ်အတ်ဟာ ခေတ်ပြိုင်အနုပညာတင်ဆက်မှု (Contemporary Art) ဖြစ်သလို ဒီဂျစ်တယ်အတ်မှာ နည်းစနစ် များစွာကို သုံးနိုင်တယ်၊ ပြီးတော့ ဒီဂျစ်တယ်မီဒီယာ များစွာကိုလည်း ယူငင် အသုံးပြုနိုင်ပါတယ်။

ဘယ်သူတွေ ဒီဂျစ်တယ်အတ်ကို သုံးစွဲသလဲ

ဒီဂျစ်တယ်အတ်ရဲ့ နည်းစနစ်တွေ နည်းပညာတွေကို ဆက်စပ်နွယ်ယှက်ပြီး visual effects တွေ ရရှိ အသုံးချနိုင်ဖို့ အများဆုံး အသုံးပြုတာက ကြော်ငြာဆိုင်ရာနဲ့ ရုပ်ရှင်သမားတွေ အများစု ဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာနဲ့ ဆက်စပ်ပြီး ကမ္ဘာတဝှမ်း ကျယ်ပြန့်တဲ့ သက်ရောက်မှုက စာအုပ်စာစောင် ပုံနှိပ်ထုတ်ဝေတဲ့ အပိုင်း ဖြစ်ပေမယ့် အဲဒီ အပိုင်းက ဂရပ်ဖစ်ဒီဇိုင်း ကဏ္ဍနဲ့ ပိုပြီး နွှယ်ဆက်နေတာ တွေ့ရပါတယ်။

ဒီဂျစ်တယ်နဲ့ ရိုးရာ အနုပညာရှင် နှစ်မျိုးစလုံးဟာ သူတို့ရဲ့ အနုပညာလက်ရာတွေ ဖန်တီးဖို့ အတွက် ဒီဂျစ်တယ်နဲ့ ဆက်စပ်နေတဲ့ ဓာတ်ပုံအပါအဝင် အနုပညာ ဖန်တီးမှုကို အထောက်အကူ ရစေနိုင်တဲ့ အခြားသော ပရိုဂရမ်တွေကိုလည်း ယူငင်သုံးစွဲ ဖန်တီးကြပါတယ်။

စောစောက ပြောခဲ့သလို visual နဲ့ musical arts ဖန်တီးမှု တွေမှာ ဒီဂျစ်တယ် နည်းပညာတွေ နည်းစနစ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက် အတွင်းကတည်းက ယူငင်သုံးစွဲ ဖန်တီးလာကြတာကြောင့် digital visual art ရဲ့ တန်ဖိုးကို လက်ခံ အသိအမှတ်ပြုလာရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီနေရာမှာ ဒီဂျစ်တယ်အတ်ကို နည်းနည်းထပ်ရှင်းဖို့လိုလာပါတယ်။ ကွန်ပျူတာအခြေပြုတယ် ဆိုပေမယ့် ဖန်တီးမယ့် လက်ရာတခုကို ကွန်ပျူနဲ့ ဆက်စပ်နေတဲ့ scanner တွေ၊ vector graphics software ကို သုံးပြီး ရေးဆွဲထားတဲ့ ရုပ်ပုံတွေ၊ graphics tablet နဲ့ ဖန်တီးထားတဲ့ အရာတွေ စသဖြင့် “ရင်းမြစ်” တော်တော်များများကနေ ရယူကြပါတယ်။

ဥပမာ အားဖြင့် ဂရပ်ဖစ်ဒီဇိုင်နာတွေ အသုံးပြုတဲ့ ဓာတ်ပုံတွေ၊ အဲဒီဓာတ်ပုံကို vector graphics software ဖြစ်တဲ့ Illustrator နဲ့ မူရင်းပုံကို အချိုးဖျက် သို့မဟုတ် အရောင်ပြောင်း ဖန်တီးတာမျိုး ဖြစ်ပြီး၊ တခါတလေ drawing pad ကို သုံးပြီး ပုံကြမ်းတွေ၊ layer အမျိုးမျိုး ပေါင်းဆင့်ပြီး အဓိပ္ပာယ်သစ်တခု အတွက် ပြောင်းယူဖန်တီးတာမျိုး ဖြစ်ပါတယ်။

အင်ဒီဝါးဟိုး

အဲဒီလို ဒီဂျစ်တယ်အတ်နဲ့ ဆန်းသစ် ဖန်တီးရာမှာ အထင်ရှားဆုံး လို့ ပြောရမယ့်သူက အင်ဒီဝါးဟိုး (Andy Warhol) ဖြစ်ပါတယ်။ သူ့ရဲ့ ၁၉၈၅ ခုနှစ်က နယူးယောက်ရှိ လင်ကွန်းစင်တာမှာ မိတ်ဆက်ပေးခဲ့တဲ့ Commodore Amiga ဒီဂျစ်တယ် ဖန်တီးမှု လို့ ဆိုပါတယ်။ ပြီးတော့ Debbie Harry ရဲ့ ဓာတ်ပုံတခုကို ဗီဒီယို ကင်မရာကနေ ဖမ်းယူရိုက်ကူး ထားပြီး အဲဒီပုံကို ProPaing လို့ ခေါ်တဲ့ ပရိုဂရမ်ကို အသုံးပြုပြီး မိုနိုခရုမ်း ပြောင်းယူဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ ဒီဂျစ်တယ်အတ် ဖန်တီးမှုတွေကို အွန်လိုင်းမှာ အပြည့်အစုံ လေ့လာနိုင်ပါတယ်။

ကွန်ပျူတာသုံး Visual media

၁၉၈၀ ပြည့်နှစ်တွေရဲ့ ရှေ့က နှစ်တွေမှာ ကာတွန်းရုပ်ရှင်ကားတွေဟာ 2D ရုပ်ရှင်တွေ ဖြစ်သလို ရုပ်ရှင်တွေဟာလည်း 2D အမြင် ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ 3D ရုပ်ရှင်တွေ၊ ရုပ်ရှင်ရုံတွေ 3D ရုပ်ရှင်ရုံတွေ အပြင် 4D, 5D အဖြစ်ပါ ဆန်းသစ်နိုင်အောင် တီထွင်နေကြပါပြီ။ Animation တွေ အပါအဝင်ပေါ့။ သိတဲ့ အတိုင်း 3D ဆိုရင် ကိုယ့်ရှေ့ ကိုယ့်အနီးနားမှာ ဖြစ်နေတဲ့ အတိုင်း ပုံပေါ်လာအောင် ဖော်ပြပေးနိုင်တာ တွေ့ရမှာပါ။ 4D မှာတော့ အရုပ်တွေ အသံတွေ အပြင် အနံ့အရသာတွေပါ တွေ့လာနိုင်မယ် လို့လည်း ဆိုပါတယ်။

ဒီနေရာမှာတော့ ပန်းချီနဲ့ မပတ်သက်ဘူး ဆိုပြီး တွေးထင်ယူဆနိုင်စရာတွေ ရှိပါတယ်။ အဲဒီလို တွေးထင်မယ် ဆိုလည်း တွေးထင်ယူဆနိုင်ပါတယ်။ သို့ပေမယ့် သတိပြုမိစေလိုတာက အနာဂတ် အနုပညာပုံဖော် ဆန်းသစ် တင်ဆက်မှုကိုပါ။

ကျနော့် အနေနဲ့ Digital installation art တွေ၊ Art theorists and historians တွေအကြောင်း မပြောတော့ဘဲ ဒီဂျစ်တယ်အတ်နဲ့ နွှယ်ဆက်နေတဲ့ အကြောင်းခြင်းရာကို အကျဉ်းချုပ်တင်ပြပါမယ်။

ဒီဂျစ်တယ်အတ် ဆိုတာ ဘာလဲ

ဒီဂျစ်တယ်အတ် ဆိုတာ တခြားသော အနုပညာဖန်တီးမှု ပုံစံတွေလိုပဲ ဖန်တီးတင်ပြတဲ့ အနုပညာ ဖြစ်ပါတယ်။ သို့ပေမယ့် သုံးစွဲနေကျ မီဒီယာကို အသုံးမပြုဘဲ ခေတ်ကာလ အလျောက် ပေါ်ပေါက်လာတဲ့ နည်းပညာ နည်းစနစ်သုံးပြီး ဖန်တီး တင်ပြတာ ဖြစ်တယ်။ တကယ်တော့ အနုပညာဆိုတာဟာ သုံးစွဲတဲ့ မီဒီယာကို ဆိုလိုရင်း မဟုတ်…၊ အနုပညာ မြောက်မှုသာ ဖြစ်တယ်။ ဖန်တီးသူ Artist ရဲ့ လောကရေး အမြင်၊ ဘဝအမြင်နဲ့ ဖန်တီးမှု အတွေး စိတ်ကူးပေါ်မှာသာ အခြေခံတယ်။ နည်းပညာတွေ နည်းစနစ်တွေ အပြည့်အစုံသုံးနိုင်တဲ့ ကွန်ပျူတာ တလုံးဟာ အနုပညာရှင် (Artist) အတွက် သူ့ရဲ့ စိတ်ခံစားမှုကို ပုံဖော် တင်ဆက်ပြဖို့ မီဒီယံမျှသာ ဖြစ်ပါတယ်။

Artist တဦးအနေနဲ့ သူနှစ်သက်ရာ မီဒီယံ ဖြစ်တဲ့ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် စတာတွေကို သုံးနိုင်သလို ကွန်ပျူတာ သုံးပြီး သူနှစ်သက်ရာ pixel နဲ့ ဖန်တီးတင်ပြနိုင်ပါတယ်။ ဒီနေရာမှာ ရေဆေး၊ ဆီဆေးနဲ့ အခရိုင်းလစ်ကို အသုံးပြု ရေးဆွဲ နေတဲ့ Artist ကတော့ သူ့ရဲ့ သုံးစွဲဖန်တီးမှု အလေး အပေါ့၊ အပျော့ အပြင်း စတာတွေကို ကျွမ်းကျင်စွာ သိရသလို Digital Artist တဦးကလည်း သူသုံးစွဲတဲ့ software ရဲ့ function ဖြစ်လာတာကိုလည်း ကျွမ်းကျင်စွာ သိမြင်ဖို့ လိုပါတယ်။

ဒီဂျစ်တယ်အတ် ဖန်တီးမှုရဲ့ အားသာချက် ကိုင်းခွဲလေးများ

ဒီဂျစ်တယ်အတ် ဖတ်တီးမှုရဲ့ ကိုင်းခွဲလေးတွေကို လေ့လာကြည့်ရင်… Digital Photography (ဘယ်နေရာမှာ၊ ဘယ်နေ့ရက်စွဲနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အသုံးပြုတယ်၊ ဘယ် software ကိုသုံးပြီး တည်းဖြတ်ဖန်တီးတယ်)၊ Photopainting (ပုံကို အသုံးပြတဲ့ စည်ကမ်းပိုင်းနဲ့ ဆက်စပ်နေပြီး Artist အနေနဲ့ သူလိုလား ပုံဖော်တင်ပြချင်တဲ့ အနေအထား)၊ Digital Collage (လက်ရှိမှာ ရုပ်ပုံတွေ၊ စာရွက်စာတမ်းတွေကို ကိုယ့် work ထဲမှာ ဖြတ်ညှပ်ကပ် ထည့်သွင်း သလိုမျိုးဖန်တီး ယူနိုင်တာမျိုးနဲ့ layer တွေကို ပေါင်းစပ်ဖန်တီးယူတယ်)၊ Integrated Digital Art (Artist အနေနဲ့ အမျိုးမျိုးသော မီဒီယာတွေ သုံးစွဲ ဖန်တီးနိုင်တယ်)၊ Digital Painting (Artist အနေနဲ့ 2D ဖန်တီးမှု ဒါမှမဟုတ် 3D ဖန်တီးမှုကို သူ့လက်ရာ work ထဲမှာ ထည့်သွင်း အသုံးပြုနိုင်တယ်)၊ Vector Drawing (Artist အနေနဲ့ ပုံရိပ်ကို virtual environment အတွင်း ပါဝင်နေသလိုမျိုး ဖြစ်အောင် vector drawing software နဲ့ ပေါင်းဆင့်ဖန်တီးနိုင်တယ်)၊ Algorithmic/Fractals (Artist အနေနဲ့ အယ်လ်ဂိုးရစ်သမ်ဆိုတဲ့ သင်္ချာဆိုင်ရာ ပုံသေနည်းကို သုံးပြီး မိမိရည်ရွယ်ရင်း ရောက်အောင် ပုံဖော် ဖန်တီးယူနိုင်တယ်) ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဤ ဆောင်းပါးအတွက် နိဂုံးမဟုတ်သော နိဂုံး

အနာဂတ် အနုပညာလောက အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ စဉ်းစားသုံးသပ်ကြဖို့၊ ပြင်ဆင်ကြဖို့ ဒီဆောင်းပါးနဲ့ အတွေးမြှင့် စိတ်ဖွင့်နိုင်ကြဖို့ တင်ပြတာပါ။ ပြန်လည် မေးမြန်းလာမယ့် မေးခွန်းတွေ၊ ဒီဂျစ်တယ်အတ်နဲ့ ပတ်သက်ပြီး တင်ပြ ပြောဆိုစရာ ဆွေးနွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ ပြန်လည်မေးခွန်းတွေကို ကြိုလင့်နေပါတယ်။ ဆက်လက်ပြီး တော့လည်း Digital Art ဖန်တီးဖို့ အတွက် software, drawing pad, digital ethics  စတဲ့ digital ဆိုင်ရာ အသုံးပြုပုံတွေ၊ ဖန်တီးတင်ပြပုံတွေ အကြောင်းအရာတွေ တင်ပြဆွေးနွေးပါဦးမယ်။

အနုပညာချစ်ခြင်းများစွာဖြင့်-

နိုင်စွမ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉